ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တူဗားပြည်နယ်အကြီးအကဲနှင့်တွေ့ဆုံဆွေးနွေး

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဩဂုတ်လ ၂၂ ရက်နေ့ ဒေသစံတော်ချိန် ည ၇ နာရီတွင် တူဗားပြည်နယ်အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ်နှင့်ကီဇီးလ်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ အိမ်တော်၌တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲကျင်းပပြုလုပ်မည့် တူဗားပြည်နယ်အစိုးရအဖွဲ့အိမ်တော်သို့ရောက်ရှိရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ကာရာ-အိုးလ် ရှော်ဘန်နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။ထို့နောက် တွေ့ဆုံပွဲကိုကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်အဖြစ်လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး တူဗားပြည်နယ်အကြီးအကဲနှင့်အတူ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာတူဗားပြည်နယ်အကြီးအကဲက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊  နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား  လှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားပြီး တူဗားပြည်နယ်၏ သမိုင်းကြောင်းဆိုင်ရာများနှင့်ဒေသဆိုင်ရာအချက်အလက်များ၊ တူဗားပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့်တွင်းထွက်ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ တူဗားပြည်နယ်တွင်နေထိုင်သူအများစုသည် ဗုဒ္ဓဘာသာကိုကိုးကွယ်ကြပြီး မြန်မာနိုင်ငံနှင့်ကိုးကွယ်ယုံကြည်မှုများ တူညီလျက်ရှိမှု၊  မြန်မာနိုင်ငံနှင့်တူဗားပြည်နယ်တို့အကြား ဘာသာရေးနှင့်ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍနှင့်ခရီးသွားကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံ၌ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လိုမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တူဗားပြည်နယ်၏သမိုင်းကြောင်း၊ သာယာလှပမှုနှင့်ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။

ယင်းနောက်   နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေးပြောကြားရာတွင် တူဗားပြည်နယ်အကြီးအကဲနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များအနေဖြင့် မိမိဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲနွေးထွေးစွာကြိုဆိုသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ မိမိအနေဖြင့် တူဗားပြည်နယ်သို့ ပထမဆုံးအကြိမ်ရောက်ရှိခြင်းဖြစ်ပြီး သန့်ရှင်းသာယာလှပပြီးစိမ်းလန်းစိုပြည်သည့် တောတောင်ရှုခင်းများကိုမြင်တွေ့ရသဖြင့်မိမိတို့၏စိတ်နှလုံးကိုချမ်းမြေ့စေကြောင်းပြောကြားပြီး မြန်မာ-ရုရှားနှစ်နိုင်ငံသည် ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်းနိုင်ငံများဖြစ်ကြပြီး အလှမ်းကွာဝေးသော်လည်း သံတမန်ဆက်ဆံမှုများရှည်လျားကောင်းမွန်လျက်ရှိမှုနှင့်ယခုအခါ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရန်အကောင်းဆုံးအခြေအနေသို့ ရောက်ရှိလျက်ရှိမှု၊ နှစ်နိုင်ငံဗဟိုအစိုးရအဖွဲ့အချင်းချင်းပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်လျက်ရှိသကဲ့သို့ နှစ်နိုင်ငံမှပြည်နယ်များ အချင်းချင်းလည်းပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့်တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ တူဗားပြည်နယ်သည် တွင်းထွက်သယံဇာတများ ထွက်ရှိပြီးစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ်ထွန်းအောင်မြင်သည့် ပြည်နယ်တစ်ခုဖြစ်ကာ မိမိတို့နိုင်ငံသည်လည်း မြေပေါ်မြေအောက်သယံဇာတများ ပေါများစွာထွက်ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည့် နိုင်ငံဖြစ်သဖြင့် မြန်မာနိုင်ငံနှင့်တူဗားပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်သည့် အလားအလာနှင့်အခွင့်အလမ်းရှိမှု၊ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သည့်နိုင်ငံဖြစ်သကဲ့သို့ တူဗားပြည်နယ်တွင် နေထိုင်သူအများစုသည်လည်း တိဗက်ဗုဒ္ဓဘာသာများဖြစ်ကြသဖြင့် ဘုရားဖူးခရီးစဉ်များနှင့်ခရီးသွားလုပ်ငန်းများ အပြန်အလှန်မြှင့်တင်ဆောင်ရွက်နိုင်မှု၊ နှစ်နိုင်ငံအစိုးရနှင့်ပြည်သူများအချင်း ချင်း ထိတွေ့ဆက်ဆံမှုများပိုမိုမြှင့်တင်နိုင်ရန်အတွက် သံတမန်ဆက်ဆံမှုများကို ယခုထက်ပိုမိုတိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ  ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့်ပြန်လည်ဆွေး နွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် တူဗားပြည်နယ် အကြီးအကဲတို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည်   တူဗားပြည်နယ်အကြီးအကဲက တည်ခင်းဧည့်ခံသည့်ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။ ညစာမသုံးဆောင်မီနှင့်သုံးဆောင်နေစဉ်အတွင်း တူဗားပြည်နယ်ယဉ်ကျေးမှုအဖွဲ့က ပြည်နယ်ရိုးရာယဉ်ကျေးမှု တေးသံသာများ၊ အကအလှများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေကြသည်။

          ဂုဏ်ပြုညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတနှင့်တူဗားပြည်နယ်အကြီးအကဲတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ခဲ့ကြကြောင်းသတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *