ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာများနှင့် သဘောတူစာချုပ်များ အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲကို   ဗန်ကောက်မြို့ရှိ   အစိုးရအိမ်တော်၊ Pakdi Bodin Building ၌ ကျင်းပပြုလုပ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊  ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးကိုကိုလွင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်   ဦးစောမြင့်ဦး၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ခရီးစဉ်တွင်လိုက်ပါလာကြသည့် ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ     မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဝင်းသူလင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ထိုင်းနိုင်ငံ၊ အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့်   တာဝန်ရှိသူများ  တက်ရောက်ကြသည်။               

ထိုသို့တွေ့ဆုံဆွေးနွေးစဉ် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား လှိုက်လှဲနွေးထွေးစွာဖြင့်ကြိုဆိုပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြပြီး ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရသည့်နိုင်ငံဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား ရှည် လျားသည့် နယ်နိမိတ်ထိစပ်နေမှုနှင့်အတူ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့သည် လည်း အပြန်အလှန်ဆက်စပ်လျက်ရှိနေပါကြောင်း၊ အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအနေဖြင့်    မူလအခြေအနေကဲ့သို့ ပြန်လည်ပါဝင်နိုင်ရေးအတွက်ကိုလည်း ထိုင်းနိုင်ငံမှ လိုလားပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခွင့်အလမ်းကောင်းများစွာလည်း ရှိနေသည်ဖြစ်သည့်အတွက် ယနေ့ဆွေးနွေးပွဲသည် နှစ်နိုင်ငံအတွက်အကျိုးရှိသည့် ဆွေးနွေးပွဲဖြစ်ပါကြောင်း၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးအနေဖြင့် နှစ်နိုင်ငံအကျိုးစီးပွားအတွက် ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေးပေးနိုင်ပါရန် ဖိတ်ခေါ်အပ်ပါကြောင်း   ဦးစွာနှုတ်ခွန်းဆက်စကားပြောကြားသည်။ 

ထို့နောက် နိုင်ငံတော်သမ္မတက  မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ဆက်နွှယ်ရင်းနှီးမှုများရှိသည့်နိုင်ငံများဖြစ်ကြပြီး ခွဲခွာ၍မရသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သကဲ့သို့    နှစ်ဖက်ပြည်သူများအကြား ဆက်နွှယ်မှု၊ ဆက်ဆံမှုအလွန်ခိုင်မာသည့် နိုင်ငံများဖြစ်ကြကြောင်း၊ နှစ်နိုင်ငံလုံး၌ ဘာသာရေးဆိုင်ရာတန်ဖိုးထားမှု၊ ဓလေ့ ထုံးစံ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ အစား အသောက်များမှအစ   တူညီမှုရှိသည့်အတွက် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုအမြင့်ဆုံးရှိသည့်နိုင်ငံများဟုဆိုနိုင်ကြောင်း၊ မိမိအား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရမှုအပေါ် အဆွေတော်ထံမှ   ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့မှုနှင့် နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့ ထိုင်းနိုင်ငံ မှ အထူးကိုယ်စားလှယ်စေလွှတ်တက်ရောက်စေခြင်းတို့အပေါ် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နှစ်ဦး၏ ယခုတွေ့ဆုံမှုမှတဆင့် နှစ်နိုင်ငံအကြား ရှိရင်းစွဲကောင်းမွန်သည့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။

ယခုအချိန်သည် နှစ်နိုင်ငံလုံးအတွက် အရေးကြီးသည့် အကူးအပြောင်းကာလဟုဆိုနိုင်ပြီး ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲရလဒ်များမှတဆင့်  အစိုးရသစ်တစ်ရပ် ပေါ်ထွက် လာခဲ့သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရွေးကောက်ခံအစိုးရသစ်ပေါ်ထွက်လာသည့်အချိန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်အခြေချပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်ဆီကို ဦးတည်လျှောက်လှမ်းနေပြီဖြစ်ကာ မိမိတို့အစိုးရသစ်အနေဖြင့် လက်ရှိတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာဆက်ဆံရေးတွင်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကိုထိန်းသိမ်းထားပြီး အာဆီယံနှင့်လည်း ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းသည်မှာ ၁၅ နှစ်တာကာလမျှသာရှိသေးပြီး ဒီမိုကရေစီစနစ်ခိုင်မာစေရေး ငြိမ်းချမ်းရေးသည် မဖြစ်မနေလိုအပ်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိက ဦးစားပေးဆောင်ရွက်လျက်ရှိနေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်း အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံမှ ပံ့ပိုးကူညီလိုကြောင်းကြားသိရသည့်အတွက်လည်း ကြိုဆိုအသိအမှတ်ပြုပါကြောင်း၊ ၂၀၁၅ ခုနှစ် NCA စတင်လက်မှတ် ရေးထိုးစဉ်ကတည်းက ထိုင်းနိုင်ငံက နိုင်ငံတကာအသိသက်သေအဖြစ်ပါဝင်ခဲ့ပြီး NCA နှစ်ပတ်လည်အခမ်းအနားများကိုလည်း ကိုယ်စားလှယ် စေလွှတ်တက်ရောက်စေခဲ့သည့်အတွက် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထိုင်းနိုင်ငံရဲ့ အစဉ်တစိုက်ပံ့ပိုးကူညီမှုများကိုကျေးဇူးတင်ရှိပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုဆီသို့   ဦးတည်လျှောက်လှမ်းလျက်ရှိပြီး ဖြတ်သန်းခဲ့ရသည့် သမိုင်းအဆက်ဆက်၏ အတွေ့အကြုံများအရ  မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဒေသကိုအခြေခံသည့် ဖက် ဒရယ်စနစ်ကိုကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့်    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များကို နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်  ငြိမ်းချမ်းစွာဖြေရှင်းရန် အကြိမ်ကြိမ် ဖိတ်ခေါ်ထားပြီးဖြစ်ပြီး NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသာမက လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့်အဖွဲ့များနှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက် လျက်ရှိကြောင်း။

မိမိတို့နှစ်နိုင်ငံအနေဖြင့်  အစိုးရချင်းဆက်ဆံရေး၊  တပ်မတော်အချင်းချင်း ဆက်ဆံရေး၊ ပြည်သူအချင်းချင်းနှင့်အဖွဲ့အစည်းများအကြားဆက်ဆံရေးတို့တွင် ကဏ္ဍပေါင်းစုံ၌ ခိုင်မာအားကောင်းလျက်ရှိပြီး မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး (Natural Strategic Partnership) အဆင့်ရှိသည့် နိုင်ငံများလည်းဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်သဖြင့် ၂၀၂၈ ခုနှစ်တွင် သံတမန်ဆက်ဆံရေးထူထောင်မှု နှစ်(၈၀)ပြည့်မြောက်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများမှတဆင့် နှစ်နိုင်ငံပြည်သူများအကျိုးအတွက် ပိုမိုနီးကပ်သည့်  မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ခိုင်မာအားကောင်းလာအောင် ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့တွေ့ဆုံမှုမှရလဒ်ကောင်းများကို လက်တွေ့ကျကျအကောင်ထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဟုယုံကြည်ပါကြောင်းနှင့် နောင်အနာဂတ်တွင်လည်း လက်ရှိပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုအရှိန်အဟုန်များကို  ပိုမိုခိုင်မာအောင်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည် ပါကြောင်း ပြောကြားသည်။

ယင်းနောက် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးအနေဖြင့် ယခုကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေးနှင့် အကျိုးစီးပွားအတွက် ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြောကြားပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွက် အမြဲတမ်းယုံကြည်ရသည့် မိတ်ဆွေနိုင်ငံဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် နယ်စပ် ဆိုင်ရာများနှင့်ပတ်သက်၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှု၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေးမိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြားကဏ္ဍစုံတွင်   ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားခြင်းအားဖြင့် နှစ်နိုင်ငံ ပြည်သူများ၏အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြန်လည်ပြောကြားသည်။ 

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံ လွှတ်တော်များအကြား   အပြန်အလှန်လေ့လာရေးခရီးစဉ်များစေလွှတ်၍ ပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေ၊ ကာကွယ်ရေးကဏ္ဍတွင် နှစ်နိုင်ငံအကြား မဟာဗျူဟာအဆင့် လုံခြုံ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ခိုင်မာစေရေး တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေ၊ နယ်စပ်ဒေသလုံခြုံရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ အွန်လိုင်းလိမ်လည်မှု၊  လူကုန်ကူးမှု၊ တရားမဝင်ကုန်သွယ် မှုတို့အပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးတို့၌ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊  စွမ်းအင်ကဏ္ဍ၊ ယဉ်ကျေးမှုဆိုင်ရာနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေ၊ နှစ်နိုင်ငံအကြား ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍   ခင်မင်ရင်းနှီးစွာအမြင်ချင်ဖလှယ်ဆွေးနွေးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *