ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ဖက်ဒရယ်ပြည်ထောင်စု အစိုးရဘတ်ဂျက်သုံးအဆင့်မြင့်ပညာရေးဌာန G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့တံဆိပ်အပ်နှင်းခြင်းအခမ်းအနားကို ဩဂုတ်လ ၁၉ ရက်နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် G.V. Plekhanov စီးပွားရေးတက္ကသိုလ်သို့ရောက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သိပ္ပံနှင့်အဆင့်မြင့်နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Mogilevsky Konstantin Ilyich ၊ တက္ကသိုလ်ပါမောက္ခချုပ် Mr. LOBANOV Ivan Vasilyevich နှင့်တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သိပ္ပံနှင့်အဆင့်မြင့်နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ G.V. Plekhanov စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်တို့နှင့် ပါမောက္ခချုပ်ရုံးခန်း၌တွေ့ဆုံ၍ G.V. Plekhanov စီးပွားရေးတက္ကသိုလ်အနေဖြင့် စီးပွားရေးပညာရပ်များအပြင် သိပ္ပံနှင့်နည်းပညာဘာသာရပ်များ၊ ဒီဂျစ်တယ်နည်းပညာနှင့် Ai နည်းပညာများသင်ကြားပေးလျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် G.V. Plekhanov စီးပွားရေးတက္ကသိုလ်တို့အကြား ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေး ကြသည်။

ယင်းနောက် တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမတွင် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဖက်ဒရယ် ပြည်ထောင်စုအစိုးရဘတ်ဂျက်သုံးအဆင့်မြင့် ပညာရေးဌာန G.V. Plekhanov စီးပွားရေး တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ တံဆိပ်အပ်နှင်းခြင်းအခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့အဖြစ်လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ မြန်မာအာကာသအေဂျင်စီအမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိများ၊ ဒုတိယဝန်ကြီးများ၊ ရုရှာဖက်ဒရေးရှင်းနိုင်ငံ သိပ္ပံနှင့် အဆင့်မြင့်နည်းပညာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Mogilevsky Konstantin Ilyich ၊ G.V. Plekhanov စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များနှင့်အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
အခမ်းအနားကို စတင်ကျင်းပရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်သီချင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းတို့အား ဖွင့်လှစ်၍ အလေး ပြုကြသည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ G.V. Plekhanov စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ထူးဆောင်ပါမောက္ခ ဘွဲ့တံဆိပ်အပ်နှင်းခြင်းနှင့်ပတ်သက်၍ ဘုတ်အဖွဲ့၏ သဘောထားဆန္ဒ ကိုရယူပြီး အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သိပ္ပံနှင့် အဆင့်မြင့်ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြရာတွင် ယနေ့ဘွဲ့နှင်းအခမ်းအနားတွင် ဘွဲ့အပ်နှင်း ခြင်းဆိုင်ရာဘုတ်အဖွဲ့အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခ ဘွဲ့တံဆိပ်အပ်နှင်းခြင်းအပေါ် ဘုတ်အဖွဲ့အနေဖြင့် တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့ခြင်းသည် ကောင်းမွန်သည့်ဆောင်ရွက်ချက်တစ်ခုပင်ဖြစ်ပါကြောင်း၊ ထိုသို့ထောက်ခံဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ပညာရေးကဏ္ဍအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်နှင့် မိမိတို့ ရုရှားနိုင်ငံသမ္မတကြီး မစ္စတာ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံစဉ် ဆွေးနွေးပြောကြားခဲ့သကဲ့သို့ ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာ-ရုရှား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးသည် အရှိန်အဟုန်ဖြင့်တိုးတက်နေပါကြောင်း၊ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများတွင် ပညာရေးပူးပေါင်းဆောင်ရွက်မှုသည်လည်း အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံရှိ တက္ကသိုလ်များတွင် မြန်မာပညာတော်သင်များ နှစ်စဉ်လာရောက်သင်ကြား လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လည်း မြန်မာပညာတော်သင်များကို ပညာတော်သင်ဆုများ နှစ်စဉ်တိုးမြှင့်ပေးအပ်လျက်ရှိနေပါကြောင်း၊ နှစ်နိုင်ငံအကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်း ယမန်နှစ်က လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်ခြင်းဖြင့် နှစ်နိုင်ငံရှိရင်းစွဲဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်မည်ဟုယုံကြည်ပါကြောင်းနှင့် ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဖက်ဒရယ်ပြည်ထောင်စုအစိုးရဘတ်ဂျက်သုံး အဆင့်မြင့်ပညာရေးဌာန G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့တံဆိပ်အပ်နှင်းခြင်းသည်လည်း ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ရှိရင်းစွဲဆက်ဆံရေးကို မိုမိုတိုးတက်ခိုင်မာ စေမည်ဖြစ် ကြောင်း ပြောကြားသည်။
ယင်းနောက် တက္ကသိုလ် ပါမောက္ခချုပ်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဖက်ဒရယ်ပြည်ထောင်စုအစိုးရဘတ်ဂျက်သုံး အဆင့်မြင့်ပညာရေးဌာန G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ တံဆိပ်အပ်နှင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပညာသင်ကြားခဲ့မှုနှင့် နိုင်ငံတော်ကာကွယ် ရေးတာဝန်များနှင့် နိုင်ငံတော်တာဝန်များကို အဆင့်ဆင့်ထမ်းဆောင်နိုင်ခဲ့မှု၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သာသနာရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ များနှင့် နိုင်ငံတကာဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ရရှိခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက္ကသိုလ် ပါမောက္ခချုပ်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းရန်အတွက် ဘုတ်အဖွဲ့၏ အဆုံးအဖြတ်ကိုရယူပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဖက်ဒရယ်ပြည်ထောင်စုအစိုးရဘတ်ဂျက်သုံး အဆင့်မြင့်ပညာရေးဌာန G.V. Plekhanov စီးပွားရေးတက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ကို အပ်နှင်းသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ကျေးဇူးတင်စကားပြောကြားရာတွင် ရုရှားဖက် ဒရေးရှင်းနိုင်ငံ၏ ထင်ရှားကျော်ကြားလှသည့် ပလက်ဟာနော့ဗ်ရုရှားစီးပွားရေး တက္ကသိုလ်မှ မိမိအား (Plekhanov Russian University of Economics) “ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့”ကို ပေးအပ်ချီးမြှင့်ခဲ့သည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် လှိုက်လှိုက်လှဲလှဲကျေးဇူး ဥပကာရတင်ရှိသည်ကို ဦးစွာပြောကြားလိုကြောင်း။
ပလက်ဟာနော့ဗ်တက္ကသိုလ်ကယခုကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ပေးအပ် ချီးမြှင့်ခြင်းသည် မိမိတစ်ဦးတည်းကို ဂုဏ်ပြုခြင်းမျှသာမဟုတ်ဘဲ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးကိုပါ ဂုဏ်ပြုခြင်းဖြစ်သည်ဟု မှတ်ယူပါကြောင်း၊ ယခု ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့သည် တစ်ဦးတစ်ယောက်၏ အသိအမှတ်ပြုခံရမှု မျှသာမဟုတ်ဘဲ မြန်မာနိုင်ငံနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြားပညာရေး၊ သုတေသနနှင့် အနာဂတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားကြရန်အတွက်တွန်းအားတစ်ရပ်ပင်ဖြစ်ကြောင်း။
ယခုပလက်ဟာနော့ဗ်တက္ကသိုလ်သည် ယနေ့တွင်သက်တမ်းအားဖြင့် (၁၁၉) နှစ် တိုင်တည်ရှိခဲ့ပြီးနိုင်ငံပေါင်း (၇၅)နိုင်ငံမှ နိုင်ငံတကာကျောင်းသားများ အပါအဝင် ကျောင်းသား၊ ကျောင်းသူပေါင်း (၁၄,၀၀၀)ကျော်ကို မွေးထုတ်ပေးခဲ့သည်ဟု သိရှိရပါကြောင်း၊ နိုင်ငံတကာနှင့်ပညာရပ်ဆိုင်ရာ ချိတ်ဆက်မှုများကိုခိုင်မာအားကောင်းစေရန်အတွက် အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ထင်ရှားသည့်ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်များ၊ ပညာရှင်များကို ဂုဏ်ထူး ဆောင်ဘွဲ့များ ချီးမြှင့်ခဲ့ရုံမျှမက ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်များကို မွေးထုတ်ပေးခဲ့သည့် တက္ကသိုလ်ကြီးဖြစ်ရာ ယခုကဲ့သို့ မိမိအနေဖြင့်လည်း အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ခွင့်ရသည့်အတွက် များစွာဂုဏ်ယူမိကြောင်း။
အခုကဲ့သို့ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့အပ်နှင်းမှုသည် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ တို့အကြား နှစ်ကာလကြာရှည်စွာတည်ရှိနေခဲ့သည့် ချစ်ကြည်ရင်းနှီးသည့် နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် နှစ်နိုင်ငံပြည်သူများအကြား နွေးထွေးသည့် သံယောဇဉ်ကို ပိုမိုခိုင်မာစေသည့် ပြယုဂ်တစ်ခုလည်းဖြစ်ကြောင်း၊ မြန်မာ-ရုရှား ဆက်ဆံရေးသည် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်တွင် သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် (၇၅)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း၊ သမိုင်းကြောင်းတစ်လျှောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးနှင့်နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ထူထောင်ထားရှိနိုင်ခဲ့ရုံမျှမက ပိုမိုနက်ရှိုင်း သည့် စီးပွားရေး၊ နည်းပညာနှင့် ကဏ္ဍစုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုအဆင့်သို့တက်လှမ်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အထူးသဖြင့် စီးပွားရေးကဏ္ဍ၊ စွမ်းအင်၊ အာကာသနှင့် နျူကလီးယားနည်းပညာကို ငြိမ်းချမ်းသည့်ရည်ရွယ်ချက်ဖြင့် အသုံးပြုရေးတို့တွင် သိသာထင်ရှားသည့် တိုးတက်မှုများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း။
နှစ်နိုင်ငံအကြား အပြန်အလှန်ခရီးစဉ်များနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုသည် အရှိန်အဟုန်ဖြင့် တိုးမြင့်လျက်ရှိပြီး လွန်ခဲ့သည့်(၅)နှစ်တာကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ပိုမိုနက်ရှိုင်းခိုင်မာလာကာ အမြင့်ဆုံးအဆင့်သို့ရောက်ရှိလာသည်ကို နှစ်ထောင်းအားရစွာပြောကြားလိုကြောင်း၊ မိမိကိုယ်တိုင်လည်း ယခုရုရှားနိုင်ငံခရီးစဉ်သည် (၁၄)ကြိမ်မြောက်ဖြစ်ကြောင်း။
နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အသက်သွေးကြောသည် “ပညာရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး”ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တာဝန်စတင်ထမ်းဆောင်ချိန်မှစပြီး ပညာရေးကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို အမျိုးသားရေးမူဝါဒတစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် အခြေခံပညာစနစ်ကို ပိုမိုခိုင်မာအောင်တည်ဆောက်ခြင်း၊ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ခြင်း၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာအသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် နည်းပညာကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ် များ၏သင်ကြားနည်း စနစ်များကို နိုင်ငံတကာအဆင့်မီစေရန် ဘက်စုံမြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိနေပါကြောင်း။
ထို့အပြင် မြန်မာနိုင်ငံ၏ အနာဂတ်ကိုပိုင်စိုးကြမည့် မျိုးဆက်သစ်မြန်မာ နိုင်ငံသားလူငယ်လူရွယ်များ၏ အသိပညာ၊ အတတ်ပညာများ ပိုမိုတိုးတက်ပြည့်စုံ စေရေးအတွက် ရုရှားနိုင်ငံအပါအဝင် ပြည်ပသို့ ပညာတော်သင်များ စေလွှတ်လျက် ရှိကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅ နှစ်အတွင်း ရုရှားနိုင်ငံသို့ မြန်မာပညာတော်သင် ၇၀၀၀ ကျော်စေလွှတ် တက်ရောက်စေခဲ့ကြောင်း၊ ရလဒ်အကျိုးဆက်အဖြစ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် ကဏ္ဍပေါင်းစုံမှ တိုးမြှင့်ဆောင်ရွက်နိုင်သည့်အတွက် အဆွေတော်တို့ ရုရှားနိုင်ငံကို အထူးပင်ကျေးဇူးတင်ရှိသည်ကိုပြောကြားလိုကြောင်း၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်မှုတွင်သိပ္ပံ၊ နည်းပညာသာမက စီးပွားရေးပညာရှင်များ၊ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်နားလည်သူများ၊ ဥပဒေကျွမ်းကျင်နားလည်သူများ အများအပြားလိုအပ်ကြောင်း၊ ထို့ကြောင့် လွန်ခဲ့သည့် ၄ နှစ်မှစပြီး မြန်မာနိုင်ငံမှဝိဇ္ဇာ သိပ္ပံပညာသင် တက္ကသိုလ်အားလုံးတွင် ဝိဇ္ဇာဘွဲ့(စီးပွားရေး)၊ ဝိဇ္ဇာဘွဲ့(ဥပဒေ) သင်တန်းများ ဖွင့်လှစ်ခြင်း၊ ထူးချွန်ကျောင်းသားပညာသင်ဆုများ ပေးအပ်ခြင်းများဖြင့် ဆောင်ရွက်နေပါကြောင်း။
မိမိတို့နိုင်ငံသည် ဖွံဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ကြောင်း၊ ယခင်က မူလတန်းပညာ မသင်မနေရ သတ်မှတ်သင်ကြားစေလျှက်ရှိသော်လည်း ယခု KG + 9 အလယ်တန်းပြီးသည် အထိ မသင်မနေရ သတ်မှတ်ဆောင်ရွက်နေကြောင်း၊ ပညာရေးအသုံးစရိတ်များကိုလည်း နိုင်ငံဘဏ္ဍာငွေခွဲဝေရာတွင် ၁၀ ရာခိုင်နှုန်းအထိ သတ်မှတ်သုံးစွဲလျက်ရှိ ပါကြောင်း။
ပညာရေးအားနည်းသည့်ဒေသများအတွက် အထူးစီမံချက်များချမှတ်ပြီး ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်သကဲ့သို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကိုတိုးချဲ့ဖွင့်လှစ်ကာ ပညာရေးဒီဂရီကောလိပ်များကို ဆရာ အတတ်ပညာသင် တက္ကသိုလ်အဖြစ်သို့ အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ခြင်းဖြင့် ပညာရေးကဏ္ဍကို အထူးမြှင့်တင်အားပေးဆောင်ရွက်နေပါကြောင်း။
မိမိတို့အစိုးရအနေဖြင့် မြန်မာ – ရုရှား နှစ်နိုင်ငံအကြား ပညာရပ်ဆိုင်ရာဖလှယ်မှုများ၊ သုတေသနပူးပေါင်းဆောင်ရွက်မှုများနှင့် ပညာတော်သင်စေလွှတ်မှုများကဲ့သို့ ပညာရေး ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း။
မြန်မာနိုင်ငံနှင့် ပြည်သူများအပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အားပေးကူညီ ထောက်ခံမှုများနှင့် စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်မှုများအတွက်လည်း ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိသည်ကို မိမိအနေဖြင့် ပြောကြားလိုကြောင်း။
ပလက်ဟာနော့ဗ် ရုရှားစီးပွားရေးတက္ကသိုလ်အနေဖြင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့်ပူးပေါင်းဆောင်ရွက်ရာတွင်လည်းကောင်း၊ အခြားသော ဖွံ့ဖြိုးရေးကဏ္ဍများတွင်လည်းကောင်း အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ပလက်ဟာနော့ဗ် ရုရှားစီးပွားရေး တက္ကသိုလ်ကအပ်နှင်းသည့် ဒီဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကိုလည်း အထူးတန်ဖိုးထားသည်ကို ပြောကြားလိုကြောင်း။
ပလက်ဟာနော့ဗ် ရုရှားစီးပွားရေးတက္ကသိုလ်ကြီး ဆက်လက်တိုးတက် အောင်မြင်ပါစေကြောင်းနှင့် ပါမောက္ခချုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအားလုံးနှင့် ကြွရောက်လာကြသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း၊ ရုရှားဖက်ဒရေးရှင်းအစိုးရနှင့် ပြည်သူများ လူမှုစီးပွားဘဝ သာယာဝပြောတိုးတက်ပါစေကြောင်း၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအဓွန့်ရှည်တည်တံ့စေရန် ဆုမွန်ကောင်းတောင်း ပါကြောင်းပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက G.V. Plekhanov စီးပွားရေးတက္ကသိုလ်၏ တက္ကသိုလ် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။ ထို့နောက် နိုင်ငံတော်သမ္မတထံ G.V. Plekhanov စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်က ဂုဏ်ထူးဆောင် ပါမောက္ခ အဆောင်အယောင်စလွယ်အား တပ်ဆင်ပေးခဲ့ကြောင်း သတင်းရရှိသည်။


