မိုးကုတ်မြို့နယ်နှင့်မတ္တရာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ထိခိုက်ပျက်စီးမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင်  ဩဂုတ်လ ၅ ရက်မှ  ၈ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ်လ ၅ ရက်မှစတင်ကာ မြေသားအိကျ၍ မြေပြိုကျမှုများဖြစ်ပေါ်ခဲ့ရသည်။ထိုသို့ မြေပြိုကျမှုများကြောင့် မိုးကုတ်မြို့နယ်ရှိ ကျပ်ပြင်ရပ်ကွက်၏ အနောက်ဘက်ပန်းမရပ်၊ ရွှံ့ပန်းရပ်ကွက်၊ ကျောက်ဆင်ကျေးရွာနှင့်ဘော်မားကျေးရွာများ၌ လူနေအိမ်များပြိုကျပျက်စီးခြင်း၊ အုတ်တံတိုင်းများပြိုကျပျက်စီးခြင်း၊ကတ္တရာလမ်းများနိမ့်ဝင်ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ လမ်းများယာယီပိတ်ထားခဲ့ရသည်။ 

အဆိုပါနေရာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍    ပြည်သူများဘေးအန္တရာယ်မဖြစ်စေရန်လိုအပ်သောကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ မြေပြိုကျမှုကြောင့် ကားလမ်းများပိတ်နေသည့်အတွက် Loader ယာဉ်များဖြင့်  မော်တော်ယာဉ်များ   ယာယီဖြတ်သန်းသွားလာနိုင်ရေးဆောင်ရွက်ပေးခြင်း၊    လိုအပ်သောကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ  ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး အတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မတ္တရာမြို့နယ်၊ ဆည်တော်ကြီးကျေးရွာရှိ ဆည်တော်ကြီးရေလှောင်တမံ၌ရေဝင်ရောက်မှုများပြားကာ ဆည်ရေပြည့်ရေလှောင်ပမာဏထက်ကျော်လွန်လာသဖြင့် ရေလှောင်တမံအနီးရှိကျေးရွာများနှင့်ဒေသအခေါ် တံငါတံတား (ကျောက် စရစ်ကုန်းတံတား)အား ထိခိုက်မှုမရှိစေ ရေး ဩဂုတ်လ ၇ ရက်တွင် ပိုလျှံရေများကို အကျယ် ၄၀ ပေ၊ အမြင့် ၃၅ ပေရှိ ရေပိုလွှဲတံခါးကြီး ၇ ခုမှ တံခါးတစ်ခုလျှင် ပျှမ်းမျှ ၂ ပေခန့်ဖွင့်ဖောက်၍ ရေထိန်းညှိလျှော့ချခြင်းများဆောင်ရွက်ခဲ့သည့်အတွက် မတ္တရာမြို့နယ်၊ တံငါတောင်ကျေးရွာအနီး မန္တလေး-သပိတ်ကျင်း-မိုးကုတ်သွား ကားလမ်းမပေါ်ရေကျော်စီးဆင်းမှုဖြစ်ပေါ်ခဲ့သည်။         

          ထိုသို့ ရေကျော်စီးဆင်းမှုများကြောင့် မတ္တရာမြို့နယ်၊ အထက်တောင်ကိုင်းကျေးရွာအတွင်းရှိ ပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း ၊ ပစ္စည်းများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများဝေငှပေးခြင်း၊ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *