ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဩဂုတ်လ ၃၁ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြန်မာ-ထိုင်းနှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ တရားဝင်သံတမန်ဆက်ဆံရေးထူထောင်ခဲ့ကြသည်မှာ(၇၈)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်၍ တိုးတက်ခိုင်မြဲသည့်ဆက်ဆံရေးရှိပါကြောင်း၊ အဆွေတော်တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာလာမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်ရုံသာမက သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ နှစ်နိုင်ငံပြည်သူချင်း အကျိုးတူပူးပေါင်းဆောင်ရွက်မှုများအရ နက်ရှိုင်းသည့်ဆက်ဆံမှုများရှိပါကြောင်း၊ နှစ်နိုင်ငံအကြား နိုင်ငံဖြတ်ကျော်မှုခင်းများ၊မူးယစ်ဆေးဝါးများ၊ လူကုန်ကူးမှုများနှင့်အွန်လိုင်းလိမ်လည်မှုများပပျောက်ရေးနှင့်နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများတွင် ထဲထဲဝင်ဝင် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အဆွေတော်တို့နိုင်ငံကဲ့သို့ပင် လွှတ်တော်နှစ်ရပ်ဖြစ်သည့် Bicameral System ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်ဟူ၍ရှိပါကြောင်း၊ မြန်မာ-ထိုင်းလွှတ်တော်နှစ်ရပ်အကြား လွှတ်တော်အချင်းချင်း၊ ကော်မတီအချင်းချင်း၊ လူငယ်နှင့်အမျိုးသမီးပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်တွင် မြန်မာ-ထိုင်းလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် အာဆီယံပါလီမန်များညီလာခံ(AIPA)နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)တို့တွင် အဖွဲ့ဝင်နိုင်ငံများ ဖြစ်ပါကြောင်းနှင့် AIPA တွင်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ထဲထဲဝင်ဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင်မိမိတို့လွှတ်တော်အနေဖြင့် ထိုင်းကုမ္ပဏီများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများစီးပွားရေးလုပ်ကိုင်ရာတွင် ပိုမိုလွယ်ကူချောမွေ့စေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ တရားဝင်အခွင့်အရေးများရရှိရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် အာဆီယံမိသားစုဖြစ်သည့်အတွက် အချင်းချင်းနား လည်မှုများ၊ ယုံကြည်မှုများဖြင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက် သွားရန်လိုကြောင်းပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံသံအမတ်ကြီးက ထိုင်း-မြန်မာသံတမန်ဆက်ဆံရေးထူထောင်ခဲ့သည်မှာ (၇၈)နှစ်ပြည့်မြောက်ပြီးဖြစ်၍ မိမိတာဝန်ထမ်းဆောင်စဉ်ကာလတွင် နှစ်(၈၀)ပြည့် အခမ်းအနားကိုပြုလုပ်ရမည်ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ထိုင်းနိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ ကလည်း အဆွေတော်ထံ နှုတ်ခွန်းဆက်သကြောင်းကို အမှာစကားပါးလိုက်ပါကြောင်း၊ နှစ်နိုင်ငံလွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း အခါအခွင့်သင့်သည့်အချိန်တွင် အဆွေတော်အား ထိုင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ရန်ဖိတ်ကြားလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီးနောက် အစိုးရနှင့်လွှတ်တော်များပေါ်ပေါက်လာခဲ့ပါကြောင်း၊ အဆွေတော်အနေဖြင့် ပြည်သူ့လွှတ်တော်တွင်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာ-ထိုင်း လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ ဖွဲ့စည်းထားသည်ကိုသိရှိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ လူငယ်နှင့်အမျိုးသမီးကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှလာရောက်လုပ်ကိုင်နေသည့် အလုပ်သမားများအရေးနှင့်စပ်လျဉ်း၍ ကူညီစောင့်ရှောက်မှု ပေးသွားမည် ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အာဆီယံပါလီမန်များညီလာခံ(AIPA)နှင့်နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)တို့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်၍ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြာ သည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့ လွှတ်တော် မြန်မာ-ထိုင်းလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်ကျော်သူနှင့်ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် အတူထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
