တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးအဆောက် အအုံများ၊ မြို့၊ ရွာ၊ ရပ်ကွက်များနှင့် အများ ပြည်သူသွားလာလျက်ရှိသည့် လမ်းများ၊ ဆေးရုံများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ဈေးများ၊ ပန်းခြံများနှင့် သောက်သုံးရေကန်များ သန့်ရှင်းသာယာလှပစေရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီ မြို့နယ် အပါအဝင် မြို့နယ် ၉ မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့ရှိ ဘုရား၊ စေတီ ပုထိုးများ၊ အခြေခံပညာကျောင်းများ၏ ကျောင်းအတွင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများပူးပေါင်း၍ချုံနွယ်ပေါင်းမြက် များနှင့် သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးရေနုတ် မြောင်းများ တူးဖော်ပေးခြင်း၊ ရေကန်များ တွင် အဘိတ်ဆေးများခတ်ပေးခြင်း၊ ခြင် ခိုအောင်းနိုင်သည့် နေရာများအား ခြင်ဆေး ဖျန်းခြင်း၊ ကျောင်းစာသင်ခန်းများအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စာသင်ခုံများ နေရာချထားပေးခြင်းနှင့် ပြုပြင်ပေးခြင်း များကို စုပေါင်းဆောင်ရွက်ကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
