အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၊ ကမ္ဘာ့အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ (World MSME Day)အထိမ်းအမှတ်အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-1)၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ အေဂျင်စီဥက္ကဋ္ဌများ၊ အသင်းအဖွဲ့များ၊ MSME လုပ်ငန်းရှင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတက ကမ္ဘာ့အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွား ရေးလုပ်ငန်းများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက အခမ်းအနားအထိမ်းအမှတ် ဂုဏ်ပြုသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် “နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဟူသည့် ဆောင်ပုဒ်အတိုင်း စိုက်ပျိုးမွေးမြူရေး ဒေသထွက်ကုန်ကြမ်းအခြေပြု MSME ကုန်ထုတ်လုပ်ငန်းများသည်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံမောင်းနှင်ပေးသည့် အင်အားတစ်ရပ်ဖြစ်ကြောင်း၊ ထို့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလုပ်အကိုင်အများဆုံးဖန်တီးပေးနိုင်ရုံသာမက ဒေသတွင်း စီးပွားရေးလည်ပတ်မှုကိုလည်း ပိုမိုအားကောင်းစေပြီး ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်အောင် တိုက်ရိုက်အထောက်အကူပြုနေသည့်လုပ်ငန်းများ လည်းဖြစ်ကြောင်း။
ကုလသမဂ္ဂ၏ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် MSME များသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင် လျက်ရှိကြကြောင်း၊ ထို့ကြောင့် ကမ္ဘာ့စီးပွားရေးမဏ္ဍိုင်နှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများတွင် အရေးပါလှသည့် MSME လုပ်ငန်းများကို အသိအမှတ်ပြုသည့် အနေဖြင့် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၆ ရက်ကုလသမဂ္ဂ၏ အထွေထွေညီလာခံ အစည်းအဝေးတွင် နှစ်စဉ် ဇွန်လ ၂၇ ရက်ကို “World MSME Day” အဖြစ် သတ် မှတ်ခဲ့ခြင်းဖြစ်ကြောင်း။
ယနေ့ကာလတွင် နည်းပညာများအရှိန်အဟုန်ပြင်းပြင်းဖြင့်ပြောင်းလဲ တိုးတက်လျက်ရှိကြောင်း၊ အထူးသဖြင့် ဉာဏ်ရည်တုနည်းပညာသည် ကမ္ဘာ့စီးပွားရေး လုပ်ငန်းများနှင့် ဘဏ္ဍာရေးဈေးကွက်များကို အချိန်နှင့်အမျှ ပုံဖော်ပြောင်းလဲလျက် ရှိနေကြောင်း၊ ထို့ကြောင့် (၁၀) ကြိမ်မြောက် World MSME Day အတွက် ဆောင်ပုဒ် ကို “The Future Generation of MSMEs” အဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့ပြီး အနာဂတ် မျိုးဆက်သစ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ဖော်ညွှန်းခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် MSME များကို အားပေးမြှင့်တင်ရာတွင် ခေတ်နှင့်အညီ ဖွံ့ဖြိုးလာစေရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာနှင့် ဉာဏ်ရည်တု နည်းပညာ (AI)များ အသုံးပြုနိုင်အောင် ပံ့ပိုးပေးကြရမည်လည်းဖြစ်ကြောင်း၊ခေတ်မီ တိုးတက် သည့် မျိုးဆက်သစ် MSME စီးပွားရေးလုပ်ငန်းရှင်များအဖြစ်ရေရှည်ရှင်သန် ရပ်တည်နိုင်ပြီး ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာအောင် အဓိကဦးတည်ချက်ထားပြီး လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း။
MSME ကဏ္ဍသည် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ဝန်ဆောင်မှု စသည့် လုပ်ငန်းများ အားလုံးပါဝင်နေသောကြောင့် MSME စီးပွားရေးလုပ်ငန်းများကိုအားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှု (GDP) တိုးတက်လာ မည်ဖြစ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင်လည်း များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို လက်တွေ့ကျကျ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရန်နှင့် မိမိတို့နိုင်ငံ၏ အခြေခံကျောရိုးဖြစ်သည့် MSMEကဏ္ဍကိုအရှိန်အဟုန်မြှင့်အားပေးဆောင်ရွက်ရန်အတွက် “စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန” ကို မိမိတို့အစိုးရသစ်တွင် စတင်တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသည် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် MSME ကဏ္ဍကို စနစ်တကျဖြင့် ပြောင်မြောက်စွာ တိုးတက်စေချင်သည့် နိုင်ငံတော်၏ မျှော်မှန်းချက်၊ ဦးတည်ချက်နှင့် သန္နိဋ္ဌာန်ကို ပြသခြင်းပင် ဖြစ်ကြောင်း။
ယင်းရည်မှန်းချက်များနှင့်အညီ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်နှင့်ပြည်တွင်း MSME များကို ဘက်ပေါင်းစုံမှအားပေးမြှင့်တင်ပေးနိုင်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့်ယနေ့အခမ်း အနားတွင် World MSME Day ကျင်းပရခြင်း၏ အနှစ်သာရကို လေးနက်စွာ ဖော်ပြနိုင်ရေးရည်ရွယ်ပြီး MSME ထုတ်ကုန်ပြခန်းများ၊ MSME ဖွံ့ဖြိုးရေး ဆောင်ရွက်မှုပြခန်းများ၊ အသင်းအဖွဲ့များ၏ MSME ဖွံ့ဖြိုးရေး အထောက်အကူပြု ပြခန်းများ၊ သုတေသန စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့်MSME ဖွံ့ဖြိုး ရေးဆိုင်ရာ အတွေ့အကြုံ နှီးနှောဖလှယ်ပွဲများကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ် ကြောင်း။
ယနေ့ကမ္ဘာပေါ်တွင်ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင် နှုန်းခန့်သည် MSME များဖြစ်ပြီး အလုပ်အကိုင် ဖန်တီးပေးမှုအပိုင်း၌ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းနှင့် GDP ၏ ၅၀ ရာခိုင်နှုန်းခန့်ရှိနေကြောင်း ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂ၏ အချက် အလက်များအရ လေ့လာသိရှိရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း စီးပွားရေးလုပ်ငန်း များ၏ ၉၀ ရာခိုင်နှုန်းခန့်သည် MSME လုပ်ငန်းများဖြစ်နေပြီး အလုပ်အကိုင် ဖန်တီးပေး နိုင်မှုအနေဖြင့် ၇၀ ရာခိုင်နှုန်းခန့်ရှိနေသည်ကိုတွေ့ရှိရကြောင်း၊ထို့ကြောင့် MSME ကဏ္ဍဖွံ့ဖြိုးရေးသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်မဖြစ်မနေလုပ်ဆောင်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ရှုမြင်ပြီးအားလုံးက ဝိုင်းဝန်းပါဝင်ဆောင် ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း။
ယင်းနေရာတွင် အလေးအနက်မှာကြားလိုသည်မှာ ကုန်ထုတ်လုပ်မှုကဏ္ဍ အဆင်ပြေချောမွေ့ပြီး MSME ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက်အပြန် အလှန်ချိတ်ဆက်နေသည့် အဓိကမဏ္ဍိုင်ကြီး (၄) ရပ်ဖြစ်သည့် ကုန်ကြမ်း၊သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်တို့ တိုးတက်မြင့်မားအောင် ကြိုးစား လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သကဲ့သို့ MSME လုပ်ငန်းလုပ်ကိုင်ရာတွင်လည်းစိန်ခေါ်မှုများစွာရှိကြောင်း၊အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် နိုင်ငံတော်နှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကများအနေဖြင့် တစ်ဦး ချင်းလုပ်ဆောင်ရာတွင် အခက်အခဲရှိနိုင်ကြောင်း၊ အဆိုပါအခက်အခဲများကိုကျော်လွှား နိုင်ရန်အတွက် စုပေါင်းလုပ်ဆောင်သည့် စနစ်၊ စိတ်တူသဘောတူများ သမဝါယမ ပုံစံနှင့် လုပ်ဆောင်ခြင်းဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ကြောင်း။
ကုန်ကြမ်းအနေဖြင့် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ် သောကြောင့် ပြည်တွင်း၌အလွယ်တကူရရှိနိုင်သည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို အပြည့်အဝအသုံးချကြရမည်ဖြစ်ကြောင်း၊ ပြည်ပကုန်ကြမ်းများကို မှီခိုနေမည့် အစား ပြည်တွင်းထွက်သီးနှံများ၊ သစ်တောထွက်ပစ္စည်းများ၊ မွေးမြူရေးထွက်ကုန်များ ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဖန်တီးနိုင်ရမည်ဖြစ်ကြောင်း၊သွင်းအားစုများဖြစ်သည့် စက်သုံးဆီ၊ လျှပ်စစ်မီး၊ မြေသြဇာနှင့် ကုန်ထုတ်လုပ်မှု စက်ကိရိယာအစိတ်အပိုင်းများကိုလည်း သင့်တော်သည့်နည်းလမ်းများဖြင့်တီထွင်ကြံဆပြီး လုပ်ဆောင်ကြရန်လိုကြောင်း၊အထူးသဖြင့် ကုန်ထုတ်လုပ်မှု စရိတ်စကများကို ဖြစ်နိုင်သမျှ လျှော့ချပေးနိုင်ရန်နှင့် ကုန်ထုတ်စွမ်းအားကို ပိုမိုတိုးတက်လာရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများကို ဖြည့်ဆည်းပေးနိုင်ရေးကိုလည်းသက်ဆိုင်ရာဝန်ကြီး ဌာနများက အထူးအလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
လေ့လာတွေ့ရှိချက်များအရ MSME လုပ်ငန်းရှင်များအတွက်ငွေကြေးအရင်းအနှီး လိုအပ်ချက်များရှိနေကြောင်း သိရှိရသည့်အတွက် နိုင်ငံတော်မှ MSME ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေထူထောင်ပေးပြီး ချေးငွေများ ထုတ်ပေးနေသကဲ့သို့ လုပ်ငန်းရှင် အစစ်အမှန်များထံသို့ ချေးငွေများ ထိရောက်မြန်ဆန်စွာရောက်ရှိစေရေးသက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ကူညီပံ့ပိုးဆောင်ရွက်ပေးကြစေလိုကြောင်း။
အခြေခံအဆောက်အအုံများ၊ သွင်းအားစုများ၊ ငွေကြေးများ မည်မျှပင်ပြည့်စုံ ကောင်းမွန်နေသည်ဖြစ်စေ စနစ်တကျ လုပ်ကိုင်တတ်သည့် ကျွမ်းကျင်လုပ်သားများ မရှိပါက အောင်မြင်မှုနှင့် အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီမံခန့်ခွဲမှု စွမ်းရည်များ၊ နည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်လာစေရေး စွမ်းရည်မြှင့် သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးကြရမည်ဖြစ်ကြောင်း၊အနာဂတ် မျိုးဆက်သစ် MSME များကို နယ်ပယ်စုံ၌ အချိုးကျကျ ပြည့်စုံအောင် မိမိတို့ ကျရာ ကဏ္ဍမှ ကွင်းဆက်မပြတ် ပံ့ပိုးကူညီပေးကြရန်လိုအပ်ကြောင်း၊သို့မှသာ MSME လုပ်ငန်းများသည် ဒေသတွင်း ဖူလုံရုံမျှမက ပြည်ပဈေးကွက်အထိကိုပါ ထိုးဖောက်နိုင် သည့် အရည်အသွေးမြင့်လုပ်ငန်းများဖြစ်လာမည်ဖြစ်ကြောင်းကိုအလေးအနက် ပြော ကြားလိုကြောင်း။
မိမိတို့နိုင်ငံသည်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး လုပ်ကိုင်နေကြသည် နိုင်ငံဖြစ်သောကြောင့် ပြည်တွင်းရှိ MSME လုပ်ငန်းများအတွက် အလွယ်တကူရရှိနိုင်သည့် သဘာဝသယံဇာတနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံဒေသ ထွက်ကုန်ကြမ်းများကို အသုံးပြုသည့် ကုန်ထုတ်လုပ်မှုကို အဓိကတွန်းအားပေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊သာမန်လုပ်ရိုးလုပ်စဉ်စိုက်ပျိုးမွေးမြူ ထုတ်ကုန်များကို မူလကုန်ကြမ်းအခြေအနေအတိုင်း ရောင်းချမှုအဆင့်မှ ခေတ်မီ နည်းပညာများအသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ပြောင်းလဲထုတ်လုပ်နိုင်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း။
ပြည်ပမှတင်သွင်းနေရသည့်စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကိုကြည့်ပါက အများစုသည် မိမိတို့နိုင်ငံ၌လည်း ထွက်ရှိသည့်စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကိုအခြေခံထားသည်ကိုတွေ့ရကြောင်း၊ မိမိတို့တွင်ရှိပြီးဖြစ်သည့်ကုန်ကြမ်းများကို အပြည့်အဝအသုံးချပြီးအရည်အသွေးမီ ထုတ်လုပ်နိုင်မည် ဆိုပါက ပြည်ပမှ ကုန်ချောတင်သွင်းနေရမှုကို လျှော့ချနိုင်မည့်အပြင် သွင်းကုန်အစား ထိုးခြင်း ကိုလည်း လက်တွေ့ကျကျ အကောင်အထည်ဖော် နိုင်မည်ဖြစ်ကြောင်း။
ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ ဒေသဆိုင်ရာ အေဂျင်စီများအနေဖြင့် မိမိတို့ဒေသအလိုက် အဓိကထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကုန်ကြမ်း များစဉ်ဆက်မပြတ် ကွင်းဆက်မိမိ လုပ်ဆောင်နိုင်စေရေး၊ အရည်အသွေးနှင့်စံချိန် စံညွှန်းများ ပြည့်မီစေရေးအတွက် အထူးအလေးထားပြီး ကူညီပံ့ပိုးတွန်းအားပေး ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
မိမိတို့၏မျှော်မှန်းချက်သည် Agro-based Industry ထူထောင်နိုင်ရေးဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးသက်သက်ဖြင့်ဖွံ့ဖြိုးတိုးတက်ရန်မလွယ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတွင်ရှိပြီးဖြစ်သည့်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော ကုန်ထုတ်လုပ်မှု မှနေ၍စက်မှုလုပ်ငန်းများကို MSME နှင့် မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ဥမာအားဖြင့် ဝါး ကိုအခြေခံပြီး စက္ကူ၊ ပျော့ဖတ်၊ အထည်နှင့် အသုံးအဆောင်ပစ္စည်း၊ ရာဘာကို အခြေခံသည့် အလုံးစုံသော သုံးကုန်ပစ္စည်းထုတ်လုပ်ခြင်းများသည် Agro-based Industry များအချို့သာဖြစ်ကြောင်း။
လက်ရှိအချိန်တွင် ပြည်တွင်း MSME များသည် ကမ္ဘာ့ MSME များနည်းတူ ငွေကြေးအရင်းအနှီး၌အခက်အခဲများရှိနေခြင်း၊နည်းပညာနောက်ကျနေခြင်း၊ဈေးကွက် ဝင်ရောက်နိုင်မှု အားနည်းခြင်း၊ ကျွမ်းကျင်လုပ်သား မလုံလောက်ခြင်း၊ ထောက်ပံ့ဖြည့် ဆည်းမှု ကွင်းဆက် (Supply Chain) အားနည်းခြင်း၊ ကမ္ဘာ့စီးပွားရေး ဆိုင်ရာ သက်ရောက်မှုများ ကြုံတွေ့နေရခြင်း စသည့်စိန်ခေါ်မှုများကို ရင်ဆိုင် နေကြရဆဲ ဖြစ်ကြောင်း၊ ယင်းအခက်အခဲများကို ကျော်လွှားပြီး အခွင့်အလမ်းအဖြစ် ပြောင်းလဲကာ ကမ္ဘာ့ဈေးကွက်တွင် နေရာတစ်ခုရရှိအောင် ကြိုးပမ်းအားထုတ်ကြရန် လိုကြောင်း၊ ဒေသန္တရအစိုးရအဖွဲ့များ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ လုပ်ငန်းကွန်ရက် များအနေဖြင့် လုပ်ငန်းရှင်များအတွက် ကုန်ကြမ်းသေချာစွာရရှိစေရေး၊ငွေကြေးအရင်း အနှီး လွယ်ကူစေရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာသင်တန်းများရရှိနိုင်ရေးအတွက် ခိုင်မာသည့် ဝန်းကျင်ကောင်းတစ်ခုကို ဝိုင်းဝန်းတည်ဆောက်ပေးကြရမည်ဖြစ်ကြောင်း၊ တီထွင်ဆန်းသစ်သူများ၊ စိုက်ပျိုးရေးမွေးမြူရေး ကုန်ထုတ်လုပ်သူများမှ အစပြု၍ ဝန်ဆောင်မှုပေးနေသူများအထိ MSME လုပ်ငန်းရှင်အားလုံးသည် ယင်းစီးပွားရေး စိန်ခေါ်မှုများကြားမှကြံ့ကြံ့ခံပြီး အလုပ်အကိုင်များ ဖန်တီးပေးနေသည်ကို တွေ့ရသည့်အတွက် အလေးအနက် အသိအမှတ်ပြုကြောင်း။
MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို သာမန်အဆင့်မှ လုပ်ငန်းကြီးများအဆင့်အထိ ရောက်ရှိအောင် ပိုမိုကြီးထွားကျယ်ပြန့်လာအောင် ရည်မှန်းလုပ်ဆောင်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်လုပ်မှုစွမ်းအားများကို မြှင့်တင်ပြီးသွင်းကုန်အစားထိုးခြင်းနှင့် ပို့ကုန်ဦးတည်သည့် အရည်အသွေးမြင့် ကုန်ထုတ်လုပ်မှုများကို ဦးတည်လုပ်ကိုင်ခြင်းအားဖြင့်အမှီအခိုကင်းပြီး ကိုယ့်အားကိုယ်ကိုးကာ ခိုင်မာတောင့်တင်းသည့် နိုင်ငံ့စီးပွားရေးကို တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတစ်ဝန်းလုံးတွင်ဒေသတစ်ခုနှင့် တစ်ခု ရာသီဥတု၊ မြေဆီလွှာနှင့် ထွက်ရှိသည့် သဘာဝသယံဇာတချင်း မတူညီသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ဒေသတစ်ခုချင်းစီ၌လည်း အားသာချက်ကိုယ်စီရှိ နေကြကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်ရှိသည့် MSME များကို ထိထိ ရောက်ရောက် တိုးတက်စေလိုပါက “ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP)” စနစ်ကို အားစိုက် ကြိုးပမ်း လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း။
နည်းပညာများအရှိန်အဟုန်ဖြင့် တိုးတက်နေသည့် ယနေ့အချိန်အခါတွင် MSME လုပ်ငန်းများအနေဖြင့်အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၏ MSME နှင့် ရင်ပေါင်းတန်းနိုင်ရန်အတွက်မိရိုးဖလာလုပ်ရိုးလုပ်စဉ်များနှင့်သာကျေနပ်မနေဘဲ ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများကိုလုပ်ငန်းများမြှင့်တင်ဆောင်ရွက်ရာတွင်လက်တွေ့ အသုံးချနိုင်ရန် မဖြစ်မနေ ပြောင်းလဲကြရမည်ဖြစ်ကြောင်း။
ထို့ကြောင့် ယခုနှစ် World MSME Day ကိုနှစ်ရက်တာကျင်းပပြီး MSME လုပ်ငန်းရှင်များအနေဖြင့်ခေတ်မီဒစ်ဂျစ်တယ် နည်းပညာများနှင့် အလှမ်းမဝေးစေရေး ဒစ်ဂျစ်တယ်နည်းပညာသုံးစွဲမှုကိုမြှင့်တင်အားပေးသည့် အထူးအစီအစဉ်များကို ထည့် သွင်းပံ့ပိုးပေးထားကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့်ကုန်ထုတ်လုပ်မှုနှင့် ဝန် ဆောင်မှုကဏ္ဍများတွင် ငွေကြေးစီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးအတွက် ဒစ်ဂျစ် တယ်ငွေပေးချေမှုစနစ်များကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခြင်း၊ မိမိတို့၏ ကုန်ပစ္စည်းများကို ဒေသတွင်းမှ ကမ္ဘာ့ဈေးကွက်အထိ ထိုးဖောက်နိုင်ရေးအတွက် ဒစ်ဂျစ်တယ် ရောင်းဝယ်ဖောက်ကားမှု ပလက်ဖောင်း(E-commerce Platforms)များကို လက် တွေ့ အသုံးချပြီး ဈေးကွက်ရှာဖွေခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတာဝန်ရှိသူများအနေဖြင့် MSME လုပ်ငန်းရှင်များ၊ အထူးသဖြင့် လူငယ်စံပြလုပ်ငန်းရှင်များကိုဒစ်ဂျစ်တယ်နည်းပညာများတွင်သေချာစွာ နားလည်သဘောပေါက်ပြီး လက်တွေ့ အသုံးချနိုင်ရေးအတွက် နည်းပညာပံ့ပိုးမှုများဖြင့် လုပ်ငန်းကွန်ရက် ချိတ်ဆက်မှုများ အားကောင်းခိုင်မာရေး ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းမှာကြား လိုကြောင်း။
မိမိတို့နိုင်ငံ၏စီးပွားရေးစနစ်တစ်ခုလုံးကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာရန်ဆိုပါက သီးခြားစီဖြစ်နေပြီး အမျိုးအစားတူသည့် MSME လုပ်ငန်းများကို စုစည်းပြီး အောင်မြင်မှုရရှိသည်အထိ ရှေ့သို့ ဆက်လက်ချီတက်ကြရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်း တစ်ခုနှင့်တစ်ခု အပြန်အလှန်ချိတ်ဆက်ပံ့ပိုးပေးနိုင်သည့် Supply Chain Mechanism ကို ခိုင်ခိုင်မာမာ တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊အဓိကအားဖြင့် MSME လုပ်ငန်းများနှင့် အကြီးစားစက်မှုလုပ်ငန်းများအကြားခိုင်မာသည့် ကုန် ထုတ်လုပ်မှုကွင်းဆက်ကွန်ရက်တစ်ခုဖြစ်ပေါ်လာအောင် ချိတ်ဆက်ပေးသွားကြရန် လို အပ်ကြောင်း၊ စက်ရုံကြီးများအတွက်လိုအပ်သည့် စက်အစိတ်အပိုင်းများ၊ တစ်ဝက် တစ်ပျက်ကုန်ကြမ်းများနှင့် ထုပ်ပိုးပစ္စည်းများကို ပြည်ပမှ မှာယူတင်သွင်းနေ မည့်အစား အရည်အသွေးမီသည့် ပြည်တွင်း MSME ထုတ်ကုန်များကို ဝယ်ယူ အသုံး ပြုပြီး ကုန်ချောထုတ်လုပ်သည့်စနစ်မျိုးကိုဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများတွင် တစ်ခုနှင့်တစ်ခု ကွင်းဆက် မပြတ် အချိတ်အဆက်မိမိ ပူးပေါင်း ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း။
ထို့အပြင် MSME လုပ်ငန်းရှင်များအချင်းချင်း အတွေ့အကြုံဖလှယ်ခြင်းနှင့် ကုန်ထုတ်လုပ်မှု နည်းပညာများ၊ မျှဝေဖလှယ်မှုများကိုလည်း စဉ်ဆက်မပြတ် လုပ် ဆောင်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ MSME လုပ်ငန်းများ ခေတ်မီတိုးတက်ရန် နှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိရန်အတွက်ဆိုပါက အစိုးရနှင့်ပုဂ္ဂလိက အသင်းအဖွဲ့များအကြား ခိုင်မာသည့် မိတ်ဖက်ဆက်ဆံရေးကိုလည်း တည်ဆောက်ထားရမည်ဖြစ် ကြောင်း၊ ဆက်လက်ပြီး ကမ္ဘာ့ဈေးကွက်အထိတင်ပို့နိုင်ရေးအတွက်နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်မည့် Global Partnership အတွက်ကိုပါရည်မှန်းထားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အားလုံးပါဝင်နိုင်သည့် စီးပွားရေးစနစ်များ ဖြစ်ထွန်း အောင်မြင်လာစေရေးအတွက်ဘဏ္ဍာရေးအရင်းအမြစ်များနှင့် နည်းပညာဆိုင်ရာ ဗဟုသုတများကို အစဉ်သဖြင့် ဝေမျှပေးနိုင်မည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများ ကိုလည်း ဖန်တီးပေးသွားမည်ဖြစ်ကြောင်း၊ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ကုန်ထုတ်လုပ်မှုနယ်ပယ် အသီးသီးတွင် ဒေသအလိုက် လုပ်ငန်းကဏ္ဍချိတ်ဆက်မှုများ ပီပြင်စွာ ဖော်ဆောင်နိုင် စေရေးအတွက် လုပ်ငန်းရှင်ကြီးများနှင့် လုပ်ငန်းရှင်ငယ်များအကြား ပေါင်းကူး တံတားသဖွယ် စနစ်တကျ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ သည် မိမိတို့နိုင်ငံစီးပွားရေး၏ပဓာနကျသည့် ကျောရိုးမဏ္ဍိုင်ကြီးဖြစ်ကြောင်း၊ယင်းကဏ္ဍ ရေရှည်တည်တံ့ခိုင်မြဲပြီး ပိုမိုရှင်သန်ဖွံ့ဖြိုးလာစေခြင်းသည်မိမိတို့နိုင်ငံ၏ စီးပွားရေး အင်အား တောင့်တင်းလာစေရုံတင်မက ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝနှင့် မိသားစုဝင်ငွေများကို တိုက်ရိုက်မြင့်မားတိုးတက်လာစေမည်ဖြစ်ကြောင်း၊နိုင်ငံတစ် ဝန်းလုံးတွင်ရှိသည့် အသေးစား၊ အငယ်စား လုပ်ငန်းရှင်များ၊ စတင်ပျိုးထောင်စ လုပ်ငန်း (Startup)တည်ထောင်သူများနှင့် MSME လုပ်ငန်းများ အားလုံးကို နိုင်ငံတော် ကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်းကိုပြောကြားလိုကြောင်း၊ လုပ်ငန်းများ၏ တီထွင်ဖန်တီးမှု၊ ကြိုးစားအားထုတ်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတို့သည် မိမိတို့၏ မြို့ရွာဒေသများကို ပြောင်းလဲတိုးတက်စေရုံတင်မက နိုင်ငံတော်၏ စီးပွားရေးတစ်ခုလုံးကို ရှေ့သို့ မောင်းနှင်ပေးနေခြင်းလည်းဖြစ်ကြောင်း၊နိုင်ငံတော်အစိုးရအနေဖြင့် လည်း ပြည်တွင်း MSME လုပ်ငန်းများကိုဘက်စုံကဏ္ဍစုံမှဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာ့ဈေးကွက်အထိ ထိုးဖောက် ယှဉ်ပြိုင်နိုင်စွမ်းရှိလာအောင်အစွမ်းကုန် ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းကို ထပ်လောင်းပြောကြား လိုကြောင်း။
မိမိတို့နိုင်ငံသည် သဘာဝအရင်းအမြစ်မျိုးစုံ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သကဲ့သို့ လူသားအရင်းအမြစ်လည်း ပြည့်စုံသည့် နိုင်ငံဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ကို ပုဂ္ဂလိကနှင့်သမဝါယမ ပုံစများဖြင့်အရှိန်မြှင့်ဆောင်ရွက်ခြင်းဖြင့်အလုပ်လုပ်နိုင် သည့်အသွက်အရွယ်အားလုံးအတွက်အလုပ်အကိုင်အခွင့်အလမ်းများစွာဖြစ်ပေါစေပြီး တစ်ဦးချင်းဝင်ငွေရရှိမှု၊ အမိမြေ၏အေးမြသည့် အရိပ်အာဝသအောက်တွင် စိတ်ချမ်း သာစွနေရမှု၊ မိသားစု၏ လူမှုစီးပွားများ မြှင့်တင်ပေးနိုင်မှု၊ ဆင်းရဲမွဲတေမှုကိုလျှော့ချ ပေးနိုင်မှု အစရှိသည့်များစွာသော အကျိုးဆက်များ ခံရစားရမည်ဖြစ်ကြောင်း၊ နည်းပညာနှင့် အရင်းအနှီးကို ဟန်ချက်ညီအောင် ပံ့ပိုးပေးနိုင်မည်ဆိုပါက မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သည် မလွဲမသွေ ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း၊ထို့ကြောင့်
အားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့်အားလုံး အလုပ်လုပ် ကြရန်သာလိုကြောင်း၊ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့်သူ့အကျိုးကိုယ့် အကျိုး အပြန်အလှန် အကျိုး ပြုရုံမျှမက နိုင်ငံတော်၏ အကျိုးစီးပွားအတွက်ကိုပါ ဖော်ဆောင်ပေးရာရောက်မည် ဖြစ်ပြီး Win-Win Win Situation အခြေအနေ ရောက်ရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုနှစ်ကမ္ဘာ့ MSME နေ့၏ ဦးတည် ဆောင်ပုဒ်နှင့်အညီ မိမိတို့၏ အနာဂတ်မျိုးဆက်သစ်လူငယ်လုပ်ငန်းရှင်များ၊စွန့်ဦး တီထွင်သူများအားလုံး ခေတ်မီနည်းပညာများ၊ တီထွင်ဆန်းသစ်မှုများနှင့် နိုင်ငံတော်က ပံ့ပိုးပေးထားသည့် အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်ပြီး ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ပြည်တွင်းဖူလုံရုံတင်မက ကမ္ဘာ့အဆင့်အထိ အရည်အသွေး မြှင့်တင်ပြီး ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ယနေ့ကျရောက်သည့် ကမ္ဘာ့ MSME နေ့မှသည် အနာဂတ်နေ့သစ်များဆီကို လျှောက်လှမ်းရင်း MSME လုပ်ငန်းရှင်များ အားလုံးအနေဖြင့် စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်ကြပါစေကြောင်း၊ ဆန်းသစ်တီထွင်မှု စွမ်း ပကားများဖြင့် ပြည့်စုံပြီး စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်အောင်မြင် ကြပါစေကြောင်း၊ အရည်အသွေးမြင့်မားသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကိုလည်း ဒေသတွင်းသာမက နိုင်ငံတကာအဆင့်အထိ အောင်မြင်စွာ ချဲ့ထွင်ရပ် တည်နိုင် ကြပါစေကြောင်း၊ ပူးပေါင်းပါဝင်ပံ့ပိုးပေးကြသည့် အသင်းအဖွဲ့များ၊ MSME လုပ်ငန်းရှင် များအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများအပြင် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍကိုပါ အတူတကွ လက်တွဲမြှင့်တင် မောင်းနှင် နိုင်ကြပါစေကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ MSME လုပ်ငန်းများအားလုံး ရေရှည်တည်တံ့ခိုင်မြဲပြီး ပိုမိုရှင်သန် ဖွံ့ဖြိုးတိုးတက်ပါစေရန် ဆန္ဒပြုဆုမွန်ကောင်း တောင်းပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက ထူးချွန်အဆင့်(၁) MSME လုပ်ငန်းများဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှ Healthy & Happy စားသောက်ကုန်(အသေးစား)လုပ်ငန်း၊ ရန်ကုန်တိုင်းဒေသကြီးမှ သလ္လာဝတီကုမ္ပဏီလီမိတက် စားသောက်ကုန် (အလတ်စား)လုပ်ငန်း၊ ရှမ်းပြည်နယ်မှ ခိုင်မေတ္တာဆေးရုံ ကျန်းမာရေးဝန်ဆောင်မှု (အလတ်စား)တို့အား ဂုဏ်ပြုတံဆိပ်များချီးမြှင့်ပေးအပ်သည်။
ထို့နောက် ဒုတိယသမ္မတ ဦးညိုစောက ထူးချွန်အဆင့်(၂) MSME လုပ်ငန်း ၃ ခု၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ထူးချွန်အဆင့်(၂) MSME လုပ်ငန်း၃ ခု၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ထူးချွန်အဆင့်(၃) MSME လုပ်ငန်း ၃ ခု၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ထူးချွန်အဆင့်(၃) MSME လုပ်ငန်း ၃ ခု၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ထူးချွန်အဆင့်(၃) MSME ၃ ခုတို့အား ဂုဏ်ပြုတံဆိပ်များချီးမြှင့်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အခမ်းအနား တက်ရောက်လာကြသူများ သည် MSME ဖွံ့ဖြိုးတိုးတက်ရေး မှတ်တမ်းဗီဒီယိုအား ကြည်ရှုကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ထံ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်းအမှတ်လက်ဆောင်အား နေရာအရောက် ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည်အခမ်းအနားတက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက် လာကြသူများသည် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် ဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီပြခန်းများ၊ ဗဟိုကော်မတီအဖွဲ့ဝင်ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် MSME ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းပြခန်းများ၊ အသင်းအဖွဲ့ များအလိုက် ပြခန်းများ စုစုပေါင်း ပြခန်းပေါင်း ၁၄၉ ခန်းတွင် ခင်းကျင်းပြသထားသည့် ဒေသထွက် စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းများ၊ မြန်မာ့ရိုးရာလက်မှုပစ္စည်းများ၊ လယ်ယာသုံးစက်ကိရိယာများနှင့်စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ၊ ဓာတ်မြေဩဇာများနှင့် မျိုးစေ့များနှင့် အခြား ပြည်တွင်း MSME လုပ်ငန်းများမှ ထုတ်လုပ်ထားသည့် ထုတ်ကုန်ပစ္စည်းအမျိုးမျိုးအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။
