ယူကရိန်းသမ္မတဇယ်လန်းစကီး၏ ထိပ်သီးလက်ထောက်ဟောင်းတစ်ဦး အဂတိလိုက်စားမှု၊ ငွေကြေးခဝါချမှုများဖြင့် စွဲချက်တင်ခံရ

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်းစကီး၏ ရုံးအဖွဲ့အကြီးအကဲဟောင်း အန်ဒရီယာမက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး စောင့်ကြည့်ရေးအဖွဲ့များက အဂတိလိုက်စားမှု၊ ငွေကြေးခဝါချမှုတို့ဖြင့် တရားဝင်စွဲချက်တင်ခဲ့သည်။

ယူကရိန်းအမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို (NABU) နှင့် အထူးအဂတိလိုက်စားမှု တိုက်ဖျက်ရေး အစိုးရရှေ့နေရုံးတို့သည် ကိဗ်မြို့တော်အနီးရှိ အဆင့်မြင့်ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် ယူကရိန်းနိုင်ငံသုံး ဟီရင်နီယာငွေကြေး သန်း ၄၆၀ (ယူရို ၈ ဒသမ ၉ သန်း) ခဝါချမှုတွင် ပါဝင်ပတ်သက်နေသည့် ရာဇဝတ်ဂိုဏ်းဝင်တစ်ဦးဖြစ်သူ သမ္မတရုံးအကြီးအကဲဟောင်းကို စွဲချက်တင်လိုက်ကြောင်း NABU က မေ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စောင့်ကြည့်ရေးအဖွဲ့များသည် ယာမက်၏ အမည်ကို တိုက်ရိုက်ဖော်ပြခြင်း မရှိသော်လည်း၊ ယခုနောက်ဆုံး စွဲချက်များသည် ယူကရိန်းနိုင်ငံတော်ပိုင် Energoatom စွမ်းအင်ကုမ္ပဏီတွင် ဖြစ်ပွားခဲ့သည့် ယူရို ၈၅ သန်းတန် အဂတိလိုက်စားမှု အရှုပ်တော်ပုံနှင့် ဆက်နွှယ်နေကြောင်း ပြောကြားခဲ့သည်။

ယင်းစုံစမ်းစစ်ဆေးမှုသည် ဇယ်လန်းစကီး၏ အခြားတွဲဖက်များဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင် တီမူမင်းဒစ်ချ်နှင့် ယူကရိန်း ဒုတိယဝန်ကြီးချုပ်ဟောင်း အိုလက်ဆီချန်နီရှော့ဗ်တို့အထိပါ သက်ရောက်နေသည်။

၎င်းတို့နှစ်ဦးလုံးကိုလည်း အဂတိလိုက်စားမှုဖြင့် စွဲချက်တင်ထားသော်လည်း လွန်ခဲ့သည့်နှစ်တွင် အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *