မန္တလေး-မတ္တရာ- မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ အစိုးရအုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ်များ မြို့အသီးသီးသို့ ရောက်ရှိ

မန္တလေး-မတ္တရာ- မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ အစိုးရအုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများတင်ဆောင်လာသည့် မော်တော်ယာဉ်များ မြို့အသီးသီးသို့ ရောက်ရှိ​ပြီဖြစ်​ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် သောင်းကျန်းသူများ ယာယီစိုးမိုး၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်လျက်ရှိသည့် ဒေသ များ၌ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter-Terrorism Operation)များကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်၍ မြို့ရွာများအား အဆင့်ဆင့်ပြန်လည် သိမ်းပိုက်ပြီး ပြည်သူလူထုအတွက် အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများအနက် တစ်ခုဖြစ်သော မန္တလေး-မတ္တရာ-သပိတ်ကျင်း- တကောင်း- ထီးချိုင့်- ကသာ- အင်းတော်-မော်လူး- နန့်စီးအောင်- မိုးညှင်း- မိုးကောင်း- မြစ်ကြီးနား ဆက်သွယ်ရေး လမ်းကြောင်း တစ်လျှောက်ကို မေ ၆ ရက်တွင် အပြည့်အဝ ထိန်းချုပ်၍ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်​ကြောင်း တပ်မ​တော်က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခြေခံ အဆောက်အအုံတစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်အထိဆက်သွယ်ထားသည့် မန္တလေး- မတ္တရာ-သပိတ်ကျင်း- တကောင်း- ထီးချိုင့်-ကသာ- အင်းတော်-မော်လူး-နန့်စီးအောင်-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား ဆက်သွယ်ရေး လမ်းကြောင်းအား သောင်းကျန်းသူများက ယာယီစိုးမိုးပိတ်ဆို့ထားစဉ် ဒေသခံ တိုင်းရင်းသားပြည် သူများ၏ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုများတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး စားနပ်ရိက္ခာနှင့် နေ့စဉ်သုံးပစ္စည်းများ ရှားပါးလာခြင်း၊ ဆေးဝါးနှင့် အရေးပေါ်သုံး ပစ္စည်းများ လုံလောက်စွာမရရှိတော့ခြင်း၊ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များအား  ဆက်ကြေးကောက်ခံခြင်းများကြောင့်ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကြမ်းများပြတ်လပ်ပြီး ကုန်ချောထုတ်လုပ်မှုတွင် အခက် အခဲများဖြစ်ပေါ်ကာကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်ပစ္စည်းများလည်း ဈေးကွက်သို့ မရောက်ရှိတော့ခြင်းတို့ကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝများတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်းနှင့် လက်ရှိတွင် အဆိုပါ ဆက်သွယ်ရေးလမ်းကြောင်းအား တပ်မတော်က အပြည့်အဝ ပြန်လည်သိမ်းပိုက်၍ တပ်မတော်စစ်ကြောင်းများက လမ်းကြောင်းတစ်လျှောက်ရှိ အတား အဆီးနေရာများအား လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ ဖယ်ရှားရှင်းလင်းပြီး ​သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် လမ်း၊ တံတားများအား အများပြည်သူ ပြန်လည်အသုံးပြု နိုင်ရေးနှင့် ပို့ဆောင်ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးတို့အတွက် တပ်မတော်မှ စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မ​တော်၏ ထုတ်ပြန်မှုအရ သိရသည်။

ထို့ပြင် အဆိုပါလမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ အစိုးရ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ၎င်းတို့၏ နေရပ်ဒေသများ၌ ပြန်လည်အခြေချနေထိုင်စဉ် စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေး၊ ကျောင်းဖွင့်ရာသီအမီ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ အချိန်မီ ရောက်ရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးပစ္စည်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးနှင့် အခြားသောလိုအပ်ချက်များကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေး အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ စီမံဆောင်ရွက်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများသည် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင် လာသော မော်တော်ယာဉ်များ၊ ကုန်ပစ္စည်းများတင်ဆောင်ပြီး ကုန်သည်များလိုက်ပါ လာသည့်မော်တော်ယာဉ်များ၊ ဒေသခံခရီးသွားယာဉ်များနှင့်အတူ မေ ၉ ရက်တွင် မန္တလေး မြို့မှ စတင်ထွက်ခွာခဲ့ကြောင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် ကုန်ပစ္စည်များတင်ဆောင်လာသည့် မော်တော်ယာဉ် များနှင့် အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့၊ ကသာမြို့၊အင်းတော်မြို့နှင့် မော်လူး မြို့များသို့ရောက်ရှိစဉ် အဆိုပါမြို့များရှိ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက လည်း ကောင်း၊ ထိုမှတစ်ဆင့်  ယနေ့(​မေ ၁၂ ရက်)တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ရောက်ရှိကြရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက လည်းကောင်း ကြိုဆိုခဲ့ကြောင်း သိရသည်။

မန္တလေး- မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာအသီးသီး၌လည်း နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများနှင့် တပ်မတော်သားများ ပူးပေါင်း၍ ဒေသခံပြည်သူလူထု လုံခြုံရေးနှင့် လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများဖြစ်သည့် ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြား နိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများပြန်လည် ဖွင့်လှစ်နိုင်ရေး စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို  ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းနှင့် မော်တော်ယာဉ်များဖြင့် ပါရှိလာသည့် အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မြို့ရွာအသီးသီးရှိ ဒေသခံပြည်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများမှတဆင့် ထောက်ပံ့ပေးအပ်မည်ဖြစ်​ကြောင်း သိရသည်။

ထို့ပြင် အဆိုပါမော်တော်ယာဉ်များနှင့်အတူ ပါရှိလာသည့် ကုန်သည်များသယ်ဆောင်လာသည့် လူသုံးကုန်ပစ္စည်းများအား လမ်းကြောင်း တစ်လျှောက်ရှိ မြို့/ရွာများအတွင်း ပို့ဆောင်ရောင်းချနိုင်ခဲ့သဖြင့် ဒေသတွင်း ကုန်ဈေးနှုန်း ကြီးမြင့်ခဲ့မှုများကိုလျော့ချပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ယခုအခါ အဆိုပါ လမ်းကြောင်းတစ်လျှောက်တွင် ခရီးသွားမော်တော်ယာဉ်များ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ ပုံမှန်အတိုင်းသွားလာလျက်ရှိကြောင်း တပ်မ​တော်၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *