အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)က လွန်ခဲ့သောလ၏လဆန်းပိုင်းတွင် အီရန်ကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု သတင်းအရင်းအမြစ်များက ဝေါစထရိဂျာနယ်ကိုပြောကြားခဲ့ရာ စစ်ပွဲ၌ ယူအေအီးပါဝင်မှုကို ယခင်ကမသိရသည့်အချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
မေ ၁၁ ရက်တွင် ဝေါစထရိဂျာနယ်၌ ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်တွင် “ယူအေအီးရဲ့တိုက်ခိုက်မှုတွေဟာ အီရန်ရဲ့လာ ဗန်ကျွန်းပေါ်က ရေနံသန့်စင်စက်ရုံကို ပစ်မှတ်ထားခဲ့တာပါ။ သီတင်းငါးပတ်ကြာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် စစ်ပွဲကို အပစ်အခတ်ရပ်စဲတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကြေညာချိန်လောက်မှာပဲ အဲဒီတိုက်ခိုက်မှုတွေဖြစ်လာတာပါ” ဟု ဖော်ပြထားသည်။
အမေရိကန်က ယူအေအီး၏တိုက်ခိုက်မှုများကို တိတ်တဆိတ် ကြိုဆိုခဲ့သည့်အပြင် တိုက်ခိုက်ရာတွင် အတူပါဝင်လိုသော အခြားပင်လယ်ကွေ့နိုင်ငံများကိုလည်း ကြိုဆိုခဲ့သည်ဟု အမည်ဖော်ပြမထားသည့် သတင်းအရင်းအမြစ်ကို အဆိုပါဆောင်းပါးတွင် ကိုးကားဖော်ပြခဲ့သည်။
AFP သတင်းဌာနသည် ယူအေအီး တိုက်ခိုက်သည်ဆိုသောသတင်းမှန်ကန်မှု ရှိမရှိဆိုသည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ ဝေါစထရိဂျာနယ်က ဖော်ပြခဲ့သော ဆောင်းပါးတွင် ယူအေအီး တိုက်ခဲ့သော အချိန်ကိုသော်လည်းကောင်း၊ ရက်စွဲကိုသော်လည်းကောင်း ဖော်ပြခဲ့ခြင်းမရှိဟု AFP က ဆိုသည်။
သို့သော်လည်း အီရန်၏ လာဗန်ကျွန်းပေါ်က ရေနံစက်ရုံ ပစ်မှတ်ထားခံခဲ့ရပြီးနောက် နာရီပိုင်းအကြာတွင် အီရန်က ယူအေအီးနှင့် ကူဝိတ်တို့ကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဧပြီ ၈ ရက် နံနက်ပိုင်းတွင် အီရန်အစိုးရပိုင် ရုပ်သံ IRIB က သတင်းဖော်ပြခဲ့သည်။
လာဗန် ရေနံသန့်စင်စက်ရုံသည် သူရဲဘောကြောင်စွာ တိုက်ခိုက်ခံခဲ့ရသည်ဟု IRIB က ဖော်ပြခဲ့သည်။ ဧပြီ ၈ ရက် နံနက် ၁၀ နာရီတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုနေ့နှင့်တစ်နေ့တည်းတွင် အပစ်အခတ်ရပ်စဲရေး အတည်ဖြစ်လာပြီး နာရီပိုင်းအကြာတွင် ယူအေအီက ပြောကြားခဲ့ရာ၌ မိမိတို့သည် အီရန်ဒုံးကျည် ၁၇ စင်း၊ ဒရုန်း ၃၅ စင်းဖြင့် တိုက်ခိုက်ခံရသည်ဟု ဆိုသည်။
ထို့နေ့ နံနက်ပိုင်းတွင်ပင် ကူဝိတ်စစ်တပ်ကလည်း ကူဝိတ်၏ ဓာတ်အားပေးစက်ရုံများနှင့် ပင်လယ်ရေကို ရေချိုဖြစ်အောင်ပြောင်းလဲသည့် စက်ရုံများ ဆက်တိုက်တိုက်ခိုက်ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။ ယင်းသို့တိုက်ခိုက်ခံရခြင်းသည် တဲတဲဖြစ်နေသော အပစ်အခတ် ရပ်စဲရေးကို စောစောစီးစီး စမ်းသပ်လိုက်ခြင်း ဖြစ်သည်ဟု ကူဝိတ်က ပြောကြားခဲ့သည်။
တိုက်ခိုက်ခံရသော ရေနံသန့်စင်စက်ရုံမှာ ၂၀၂ဝပြည့်နှစ်အထိအီရန်နိုင်ငံ၏ ၁၀ ခုမြောက်အကြီးဆုံး စက်ရုံဖြစ်သည်ဟု သိရသည်။ ထိုစက်ရုံသည် တစ်နေ့ကို ရေနံစိမ်းစည် ၆၀၀၀၀ ထုတ်လုပ်နေသည်ဟု သိရသည်။
ယူအေအီးသည် အိုပက်အဖွဲ့မှမကြာသေးမီက နုတ်ထွက်ထားသော နိုင်ငံဖြစ်သည်။ အိုပက်ကို ဦးစီးတည်ထောင်ထားသော ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့သည် ယီမင်အရေးနှင့်ပတ်သက်၍ သဘောထားကွဲနေသော ပင်လယ်ကွေ့နိုင်ငံများဖြစ်သည်ဟု သိရသည်။
