VOA ဝန်ထမ်း ၆၄၀ နီးပါးကို အလုပ်ထုတ်ပယ်ကြောင်း ထရမ့်အစိုးရက သတိပေးစာထုတ်

VOA သတင်းဌာန၏ မြန်မာပိုင်းအစီအစဥ်တွင် တာဝန်ထမ်းဆောင်နေသော အမြဲတမ်းဝန်ထမ်း အနည်းဆုံး ၆ ဦးအပါအဝင် အဆိုပါ VOA မိခင်ကုမ္ပဏီ၏ နောက်ထပ် ဝန်ထမ်း ၆၄၀ နီးပါးကို အလုပ်ထုတ်ပယ်ကြောင်း ထရမ့်အစိုးရက ဇွန်လ ၂၀ ရက်တွင် အသိပေးစာထုတ်ပြန်ခဲ့ကြောင်း နိုင်ငံတကာသတင်းဖော်ပြမှုများအရ သိရသည်။

ဝန်ထမ်းဖောင်းပွနေပြီး တာဝန်ယူမှုမရှိသည့် သတင်းဌာနများကို ထရမ့်အစိုးရက နှိမ်နင်းရာတွင် ကမ္ဘာလုံးဆိုင်ရာမီဒီယာ အမေရိကန်အေဂျင်စီ(USAGM) နှင့် VOA တို့မှ ဝန်ထမ်း ၆၃၉ ဦးထံ အလုပ်ထုတ်ပယ်ကြောင်း အသိပေးစာများ ပေးပို့ခဲ့ကြောင်း USAGM အကြီးတန်းအကြံပေးပုဂ္ဂိုလ် ကယ်ရီလိတ်က ပြောဆိုသည်။

အစိုးရဝန်ထမ်းများကို အနည်းဆုံးသာထားရှိလိုသော သမ္မတထရမ့်၏ လမ်းစဉ်အစိတ်အပိုင်းအဖြစ် အလုပ်နေရာပေါင်း ၁,၄၀၀ ကို လျှော့ချလိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် USAGM ၌ ဝန်ထမ်းအင်အား ၈၁ ယောက်ဖြင့်သာ လည်ပတ်နေသလို USAGM ၊ VOA ၊ ကျူးဘားရုပ်သံလွှင့်ရုံးတို့တွင် ဝန်ထမ်း ၂၅၀ ခန့်သာ ကျန်ရှိမည်ဖြစ်သည်ဟု သတင်းများက ဆိုသည်။

အမေရိကန်၌ ထရမ့်အစိုးရတပ်လာပြီးနောက်ပိုင်း VOA သတင်းဌာန၏ လုပ်ငန်းများရပ်တန့်ထားခြင်းသည့် ဥပဒေနှင့်မညီဟု ဆိုကာ VOA ဝန်ထမ်းဟောင်းအချို့မှ ဦးဆောင်ကာ အစိုးရအပေါ် တရားဆွဲဆိုခဲ့ရာ မြို့နယ်အဆင့်တရားရုံးမှ VOA ဝန်ထမ်းများအလုပ်ပြန်ဆင်းရန်ဆုံးဖြတ်ခဲ့သော်လည်း အဆိုပါတရားရုံး၏ အမိန့်ကို အစိုးရဘက်မှလက်မခံသည့်အတွက် တရားသူကြီး၃ ဦးထိုင်သော တရားရုံးသို့ အယူခံတက်ခဲ့ရာ အဆိုပါတရားရုံးမှ ထရမ့်အစိုးရအား အနိုင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *