ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်ရေတပ်ကို ဧပြီ ၁၂ ရက်တွင် အမိန့်ပေးခဲ့သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့တော်တွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်ပြားသွားပြီးနောက် အီရန်နိုင်ငံဘက်မှ ၎င်းတို့၏ နျူကလီးယား ရည်မှန်းချက်များကို စွန့်လွှတ်ရန် ငြင်းဆန်နေသည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်။
ထရန့်က ၎င်း၏ နောက်ဆုံးပန်းတိုင်မှာ ဟော်မုဇ်ရေလက်ကြားအတွင်းရှိ မိုင်းများကို ရှင်းလင်းပြီး သင်္ဘောအားလုံး ပြန်လည်ဖြတ်သန်းနိုင်ရန် ဖြစ်သော်လည်း လက်ရှိအချိန်တွင်မူ အီရန်အနေဖြင့် ထိုရေလမ်းကြောင်းကို ထိန်းချုပ်ကာ အကျိုးအမြတ်ရယူနေခြင်းကို ခွင့်မပြုနိုင်ကြောင်း လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
“ချက်ချင်းအာဏာတည်တဲ့ အမိန့်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးဖြစ်တဲ့ အမေရိကန်ရေတပ်ဟာ ဟော်မုဇ်ရေလက်ကြားထဲကို ဝင်ရောက်မယ့် ဒါမှမဟုတ် ထွက်ခွာမယ့် ဘယ်သင်္ဘောကိုမဆို ပိတ်ဆို့တားဆီးမှုစတင်တော့မှာ ဖြစ်တယ်” ဟု ရေးသားခဲ့သည်။
“ကျွန်တော်တို့ကိုဖြစ်စေ၊ အေးချမ်းစွာ သွားလာနေတဲ့ သင်္ဘောတွေကိုဖြစ်စေ ပစ်ခတ်တဲ့ ဘယ်အီရန်နိုင်ငံသားမဆို အစအနရှာမရအောင် ချေမှုန်းခံရလိမ့်မယ်” ဟုလည်း ထရန့်က သတိပေးရေးသားခဲ့သည်။
