CDF ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် ချင်းပြည်နယ် ဖလမ်းမြို့နှင့် ၎င်းဒေသတစ်ခုလုံးအား တပ်မတော်စစ်ကြောင်းများက ဧပြီ ၂၅ ရက်တွင် ပြန်လည်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။
CDF ပူးပေါင်းအဖွဲ့များသည် ချင်းညီနောင်စစ်ဆင်ရေးအမည်ဖြင့် တိုက်ပွဲများဖော်ဆောင်ပြီး ဖလမ်းမြို့ အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် အင်အားအလုံးအရင်းဖြင့် မြို့လုံခြုံရေး ဆောင်ရွက်နေသည့် နယ်မြေခံတပ်ရင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိုသို့တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တိုင်းရင်းသား ပြည်သူများ ထိခိုက်မှုမရှိစေရန်နှင့် ပြည်သူ လူထု၏နေအိမ်များ၊ သာသနိကအဆောက်အုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံ ဆေးခန်းများထိခိုက်ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးအတွက် ထိန်းထိန်းသိမ်းသိမ်းဖြင့် ခုခံခဲ့ရာ စစ်ဆင်ရေးကာလခြောက်လကြာမျှခုခံခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်၊ ဒဏ်ရာရရှိမှုများပြားလာမှုများကြောင့် ၂၀၂၅ ခုနှစ်၊ မေ ၆ ရက် တွင် ဆုတ်ခွာခဲ့ရသဖြင့် CDF ပူးပေါင်းအဖွဲ့များသည် ဖလမ်း မြို့အား ယာယီစိုးမိုးခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ချင်းပြည်နယ်၊ ခရိုင်မြို့တော်ကြီးတစ်ခုဖြစ်သည့် ဖလမ်းမြို့အား အမြန်ဆုံးပြန်လည်သိမ်းပိုက်ရရှိနိုင်းရေးနှင့် CDF သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက် ကလေးမြို့နှင့် တီးတိန်မြို့တို့၌လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများနှင့် အုပ်ချုပ်ထောက်ပံ့မှုများကို ဖြည့်တင်းဆောင်ရွက်ခဲ့ပြီး မြေပြင်/ဝေဟင်ပေါင်းစပ်စုဖွဲ့၍ စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းခြင်းများစတင်ခဲ့ပြီး တိုက်ခိုက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် သောင်းကျန်းသူများ ယာယီစိုးမိုးထားသော သာယာကုန်း ကျေးရွာအားလည်းကောင်း၊ အောက်တိုဘာ ၃၀ ရက်နတွင် နတ်ချောင်းတံတားအားလည်းကောင်း၊ နိုဝင်ဘာ ၃ ရက်တွင် ပွိုင့်-၂၂၄၄ တောင်ကုန်းအား လည်းကောင်း၊ နိုဝင်ဘာ ၄ ရက်တွင် ကနေဒီ တောင်နှင့် ဝေဘူလစခန်းတို့အား လည်းကောင်း၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ပွိုင့် ၂၀၆၄ တောင်ကုန်းအား လည်းကောင်း၊ နိုဝင်ဘာ ၉ ရက်တွင် သိုင်းငင်းစခန်းအားလည်းကောင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် ပွိုင့် ၁၃၆၁ တောင်ကုန်းအားလည်းကောင်း၊ နိုဝင်ဘာ ၂၆ ရက်တွင် ဇောင်ကောင်ကျေးရွာအား လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်တွင် ဇွယ်လေကျေးရွာအားလည်းကောင်း၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ထင်းရှူးစခန်း ကျေးရွာအားလည်းကောင်း၊ မတ် ၃၁ ရက်တွင် ပါသဲကျေးရွာအားလည်းကောင်း၊ ဧပြီ ၁၉ ရက်တွင် ဗားတံတားအားလည်းကောင်း၊ ဧပြီ ၂၂ ရက်နေ့တွင် ခွန်လီ ကျေးရွာအားလည်းကောင်း၊ ဧပြီ ၂၃ ရက်တွင် ပွိုင့် ၁၇၁၀ တောင်ကုန်း၊ ကြောင်ဟင်ရှာကျေးရွာနှင့် ဆွန်ဟရန်ကျေးရွာတို့အားလည်းကောင်း၊ ဧပြီ ၂၄ ရက်တွင် ဆူရ်ဘုန်လေဆိပ် နှင့် ဆီဇာမော်ကျေးရွာတို့အားလည်းကောင်း အသီးသီး အောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဧပြီ ၂၅ ရက်တွင် ဖလမ်းမြို့အား တပ်မတော်စစ်ကြောင်းများက အပြီး တိုင်အလုံးစုံ ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့နှင့်အဆိုပါဒေသတစ်ဝိုက်အား ပြန်လည် သိမ်းပိုက်ရရှိရေး သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/တိုက်ပွဲငယ် ထိတွေ့မှုစုစုပေါင်း ၁၀၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၉ လောင်း၊ လက်နက်မျိုးစုံ ၃၃ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။
CDF သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် ဖလမ်းမြို့ နှင့် ၎င်းဒေသ တစ်ဝိုက်အား ယာယီစိုးမိုးထားစဉ် မြို့/ရွာများ အတွင်းရှိ ဘာသာရေး ဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင် ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်း အဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းလုပ်ဆောင်ခဲ့ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် ဖလမ်းမြို့အတွင်းသို့ ယာယီ နေရပ်စွန့်ခွာ နေကြရသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား အန္တရာယ်ကင်းရှင်းစွာ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးလည်ပတ် နိုင်ရေးနှင့် သောင်းကျန်းသူများ၏ မြေမြှုပ် မိုင်းများအား ဦးစားပေးရှင်းလင်းဖော်ထုတ်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး သောင်းကျန်းသူများဖျက်ဆီးခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံ/ ဆေးခန်းများ၊ ရုံး/ဌာနအဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေ အိမ်များအား ဒေသခံတိုင်းရင်းသားများနှင့်ပူးပေါင်း၍ အမြန်ဆုံး ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ချင်းပြည်နယ်အတွင်း သောင်းကျန်းသူများ လုံးဝကင်းစင် ပပျောက်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖလမ်းမြို့သည် ချင်းပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်ပြီး ပြည်နယ်ရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးများစိုက်ရာ တောင်ပေါ်မြို့တစ်မြို့ဖြစ်ကာ မြောက်ဘက်တွင် တီးတိန် မြို့နယ်နှင့် တောင်ဘက်တွင် ဟားခါးမြို့နယ်တို့ တည်ရှိကာ ဖလမ်းမြို့အနီး ဆူရ်ဘုန် တောင်တွင် လေယာဉ်ကွင်းရှိပြီး ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်ရှိသည့်မြို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဖလမ်းမှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်သို့လည်းကောင်း၊ ဖလမ်း-ဟားခါးမှတစ်ဆင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ဘက်သို့လည်ကောင်း သွားလာနိုင်ပြီး အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။
