စက်သုံးဆီဈေးနှုန်းသက်သာစေရေးအတွက် ရေနံစိမ်းကိုဝယ်ယူ၍ စက်သုံးဆီချက်လုပ်ရန် ရေနံချက်စက်ရုံအသစ်များ တိုးချဲ့တည်ဆောက်ခြင်းနှင့် စက်ရုံအဟောင်းများကို အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသောပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံတင်ပို့မှုငါးပုံတစ်ပုံခန့် ဖြတ်သန်းသယ်ယူပို့ဆောင်လျက်ရှိသော ဟောမုဇ်ရေလက်ကြားပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ရာ ကမ္ဘာ့ ရေနံစိမ်းဈေးနှုန်းများဆက်တိုက်မြင့်တက်ခဲ့ပြီး စက်သုံးဆီဈေးနှုန်းများလည်း လိုက်ပါ မြင့်တက်သောကြောင့် အခက်အခဲများစွာကြုံတွေ့ခဲ့ကြရကြောင်း ပါရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် စက်သုံးဆီမပြတ်လပ်စေရေး ပုံမှန်ညှိနှိုင်းကြီးကြပ်ဆောင်ရွက်ခဲ့သည့်အတွက် စဉ်ဆက်မပြတ်ဖြည့်တင်းနိုင်ခဲ့ပြီး စက်သုံးဆီများပုံမှန်ဖြန့်ဖြူးရောင်းချပေး နိုင်လျက်ရှိသည့်အပြင် စနစ်တကျစိစစ်သုံးစွဲနိုင်မှုကြောင့် ရက် ၆ဝ စာ ဖူလုံမှုရှိသည်အထိဖြည့်တင်းသိုလှောင်နိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ ထို့ပြင် စက်သုံးဆီ ဖူလုံမှု အာမခံချက်ရှိစေရေးအတွက် မိတ်ဆွေနိုင်ငံများနှင့် ညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ပြီး စက်သုံးဆီအပြင် အခြားရေနံထွက်ပစ္စည်းများ တင်သွင်းနိုင်ရေး အတွက်လည်း သဘောတူညီမှုများ ရရှိထားကြောင်း သိရသည်။
ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများစွာ မြင့်တက် သွားခြင်းမရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ ကြပ်မတ်ထိန်းကျောင်း ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ နိုင်ငံ၏ စက်သုံးဆီဈေးနှူန်းများသည် အရှေ့တောင်အာရှနိုင်ငံ များနှင့်နှိုင်းယှဉ်ပါက သင့်တင့်သည့် ဈေးနှုန်းများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် ကုန်စည်ပို့ဆောင်ရေးယာဉ်များသုံးစွဲရန် ရိုးရိုးဒီဇယ်ဆီများ တင်သွင်းရာတွင် အခွန်အခများ ကင်းလွတ်ခွင့် ပြုထားသည့်အတွက် တစ်လီတာလျှင် ၅၇၅၂ ကျပ် (1.423 USD/Liter) ဖြင့် ရောင်းချပေးနိုင် လျက်ရှိကြောင်း၊ ရေနံစိမ်းဈေးနှုန်းမြင့်တက်မှုနှင့် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကုန်ကြမ်းရေနံစိမ်းဈေးမြင့်တက်မှုရာခိုင်နှုန်းနည်းပါးသော်လည်း ကုန်ချောစက်သုံးဆီ ဈေးနှုန်းများမှာ တစ်ဟုန်ထိုးမြင့်တက်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သို့ဖြစ်ရာ ရေနံစိမ်းကိုဝယ်ယူ၍ ကိုယ်တိုင်ချက်လုပ်ဖြန့်ဖြူးနိုင်မည်ဆိုပါက ပြည်သူများအနေဖြင့် စက်သုံးဆီကိုပိုမိုချိုသာသောဈေးနှုန်းဖြင့် သုံးစွဲနိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ရေနံချက်စက်ရုံအသစ်များ တိုးချဲ့တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ စက်ရုံအဟောင်းများကိုလည်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိနေကြောင်း၊ ထို့ပြင် ရေနံစိမ်းကို လုံလောက်စွာထုတ်လုပ်လာနိုင်ပါက ပြည်သူများအနေဖြင့် စက်သုံးဆီ နှင့် ပတ်သက်၍ ကြောင့်ကြမှုများ ကင်းဝေးသွားမည်ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် ရေနံစိမ်းများ ပိုမိုတိုး တက်ထုတ်လုပ်နိုင်ရေး အတွက်လည်း နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းထုတ်စက်သုံးဆီများကို သုံးစွဲသူပြည်သူများထံ တိုက်ရိုက် ဖြန့်ဖြူးပေးသည့်အနေဖြင့် မော်တော်ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များနှင့် အချို့ မော်တော်ယာဉ်များကို RON 68 ဓာတ်ဆီတစ်ဂါလန်လျှင် ဓာတ်ဆီတစ်ဂါ ၁၇,၂၅၂ ကျပ်ဖြင့်လည်းကောင်း၊ RON 72 ဓာတ်ဆီတစ်ဂါလန်လျှင် ၁၇,၇၀၇ ကျပ် ဖြင့်လည်းကောင်း၊ တောင်သူလယ်သမားများ ထံသို့ ဒီဇယ်တစ်ဂါလန်လျှင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ဆက်လက်ရောင်းချပေးသွားရန် အတွက်လည်း စီမံထား ရှိပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် ပြည်သူများအနေဖြင့် ရင့်ကျက်နားလည်မှုရှိသည့်စိတ်၊ ကိုယ်ချင်းစာစိတ်၊ အကောင်းမြင်စိတ်များဖြင့် အကြံဉာဏ်များပေးခြင်း၊ အသိပညာဗဟုသုတ များကို လူမှုကွ လူမှုကွန်ယက်များမှ မျှဝေပေးခြင်း၊ ပြည်သူလူထုထိခိုက်နစ်နာစေသည့် အပြုအမူများကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် Call Center များသို့ သတင်းပို့ခြင်း၊ မီဒီယာများအနေဖြင့်လည်း ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေမည့်၊ စိုးရိမ်ထိတ်လန့်မှုဖြစ်စေမည့် ခေါင်းစဉ်များဖော်ပြ၍ ရေးသားဖြန့်ဝေခြင်း မပြုမိစေရန် သတိထားဆောင် ရွက်လာခြင်းတို့ဖြင့် ပူးပေါင်း ဆောင်ရွက်မှုများအား ပြုလုပ်နေကြသည့်အတွက် စက်သုံးဆီဖြန့်ဖြူးရောင်း ချမှုလုပ်ငန်းစဉ် များသည် တည်ငြိမ်လာသည့်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်မည်ကိုစိုးရိမ်၍ တန်းစီဝယ်ယူ စုဆောင်းခြင်းမျိုး မပြုလုပ်ကြပါရန်နှင့် လိုအပ်သလောက်သာဝယ်ယူသုံးစွဲခြင်းဖြင့် လူတစ်ဦးချင်းစီ၏ အချိန်ကုန် လူပင်ပန်းမှု များသက်သာစေမည်ဖြစ်သည့်အပြင် နိုင်ငံတော်၏ နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချလာနိုင်မည်ဖြစ်သည့်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် ပိုမို၍ပူးပေါင်းပါဝင်ပေးကြပါရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
