နှစ် (၈၀) ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ မီးသတ်တပ်ဖွဲ့ဝင်များ အထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။ တောင်ကြီးမြို့၊ အမျိုးသမီး နှင့် ကလေး ဆေးရုံကြီးတွင် မေ ၂ ရက် နံနက် ၈ နာရီ တွင် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား စုပေါင်း သွေးလှူဒါန်းခြင်း ဖြစ်ပြီး၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
တောင်ကြီးခရိုင် ၊ တောင်ကြီးမြို့နယ် တွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း (၅၉) ဦး စုပေါင်း လှူဒါန်းခဲ့ခြင်း ဖြစ်ကာ ၊ လာမည့် မေလ (၅) ရက် တွင် တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာန ရုံး၌ မီးသတ်တပ်ဖွဲ့ နေ့ ကို ကျင်းပသွားမည် ဖြစ်ကြောင်းကိုလည်း သိရသည်။
” မေလ ၅ ရက်မှာ ကျရောက်မယ့် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းပွဲ လေးကို တောင်ကြီးမြို့မှာ ရှိတဲ့ အမျိုးသမီး နှင့် ကလေးဆေးရုံကြီးမှာ ဆောင်ရွက်တာ ဖြစ်ပါတယ်။ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၅၁ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ မိသားစု ဝင် ၃ ဦး၊ ပေါင်း ၅၉ ဦး၊ ဆောင်ရွက်ပါတယ်။ နှစ်စဉ်မှာ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆောင်ရွက်တာ ရှိပါတယ်။ ကျန်တဲ့ မြို့နယ် တွေမှာလည်း မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆောင်ရွက်တာရှိပါတယ်။ နှစ်စဉ် မီးသတ်တပ်ဖွဲ့နေ့ တိုင်း ၁ ရက်နေ့ ဆိုရင် ဆိုင်းဘုတ် ထူပွဲတွေ ဆောင်ရွက်တယ်။ စုပေါင်း လုပ်အားပေးတာတွေ ဆောင်ရွက်တယ်။ မနေ့က တောင်ကြီး စူဠာမုနိဘုရားကြီးမှာ သန့်ရှင်းရေး ဆောင်ရွက်တာ ရှိပါတယ်။ ဒီမနက်ဆိုရင် အာရုံဆွမ်း အရိယာဝံသကျောင်းမှာ ဆွမ်းကပ်ပြီး၊ မနက် ၈ နာရီ ကနေ စပြီး သွေးလှူဒါန်းပွဲ တွေ ဆေးရုံမှာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရည်ရွယ်ချက် ကတော့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင် အားလုံးဟာ ပြည်သူလူထု ရဲ့ မီးဘေးလုံခြုံရေး နဲ့ ရှာဖွေကယ်ဆယ်ရေး ၊ သဘာဝ ဘေးအန္တရာယ် အပါအဝင် အန္တရာယ်အမျိုးမျိုး ကြုံလာတဲ့ချိန်မှာ တပ်ဖွဲ့ဝင်တွေကနေ ရှေ့တန်း ကနေ ကူညီကယ်ဆယ်တာ ငြိမ်းသတ်တာတွေ ဆောင်ရွက်တဲ့ အပြင် ပြည်သူ့ အကျိုးပြု လုပ်ငန်း ဆောင်ရွက်ရေး ဆိုတဲ့ ရည်ရွယ်ချက် အတိုင်း ပြည်သူလူထု အကျိုး ရှိမယ့် ကိစ္စ မှန်သမျှ ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေ ဆောင်ရွက်လျက် ရှိကြောင်း တင်ပြလိုပါတယ်။
နောက်ဆုံး မှာကြားလိုတာကတော့ အကူအညီ လိုတယ်ဆိုရင် ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင် တွေကို ၁၉၁ ဆိုတဲ့ နံပါတ် ကို ခေါ်ပြီး အကူအညီ တောင်းခံပြီး ဆောင်ရွက်နိုင်ပါတယ်။ ပြည်သူလူထု ကို ပန်ကြားလိုတာကတော့ သတိမမူရင် မြူတောင် မမြင်ဘူး ဆိုတဲ့ အတိုင်း သတိမူရင် မြူတောင် မြင်ပါတယ်။ ဒါကြောင့် သတိမမူ မရှိအောင် မီးသတိပြုရေး လုပ်ငန်းတွေကို သတိမူပေးဖို့၊ ခုလို ပူပြင်း ခြောက်သွေ့တဲ့ ရာသီတွေမှာ ပိုပြီး သတိထားပြီးတော့ မီးကို သုံးစွဲပေးဖို့လည်း အလေးအနက် ထား မှာကြားလိုပါတယ်။ “ဟု ရှမ်းပြည်နယ် မီးသတ်တပ်ဖွဲ့ ပြည်နယ်ဦးစီးမှူး ဦးဇော်လင်းထွန်း က ပြောသည်။
” အခု လို လာရောက် လှူဒါန်းတဲ့အတွက် လူနာများ ကိုယ်စား အထူးပဲ ဝမ်းမြောက်မိပါတယ်။ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးဟာ သွေးပမာဏ တစ်လ ကို သွေးအိတ် ၂၀၀ ကနေ ၂၅၀ အထိ အသုံးရှိပါတယ်။ စေတနာ့ သွေးလှူရှင် တွေကိုလည်း အမြဲတမ်း လိုအပ်လျက် ရှိပါတယ်။ သွေးကတော့ ၃၀၀ ကနေ ၅၀၀ အထိ သိမ်းဆည်းနိုင်ပါတယ်။
ပုံမှန်ဆိုရင်တော့ ခုလို ဌာန ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ NGO အဖွဲ့တွေက မကြာမကြာ လာရောက် လှူဒါန်းလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီဟာနဲ့ လုံလောက်မှု မရှိဘူးပေါ့။ ပြည်သူလူထုကို ပြောချင် တာ ကတော့ တစ်ဦးတစ်ယောက်ချင်း ဖြစ်စေ ၊ ကျန်တဲ့အဖွဲ့အစည်းတွေ ကပဲ ဖြစ်ဖြစ် ၊ အထိမ်းအမှတ် နေ့တွေမှာ ဆိုရင်လည်း အမျိုးသမီး နှင့် ကလေးဆေးရုံကြီးကို လာရောက် လှူဒါန်း ကြဖို့ ဖိတ်ခေါ်လိုပါတယ်။ ” ဟု အမျိုးသမီး နှင့် ကလေး ဆေးရုံကြီး တာဝန်ခံ ဆရာဝန် ဒေါက်တာ ဘုန်းမိုးဝင်း က ပြောသည်။
