ရှင်မွေးလွန်းနဲ့မင်းနန္ဒာ

ရှင်မွေးလွန်းကတော့ သုဝဏ္ဏပြည်ရဲ့မင်းသမီးလေးတစ်ပါးဖြစ်ပြီးတော့ မယ်တော်သေဆုံးပြီးမှ ဝမ်းအတွင်းကနေ မွေးလာလို့ ရှင်မွေးလွန်းလို့ အမည်ခေါ်တွင်စေတာဖြစ်ပါတယ်။ မင်းသမီးလေး စာသင်ဖို့အရွယ်ရောက်တဲ့အချိန်မှာတော့ မိန်းကလေးတို့တတ်သင့်တဲ့ စာပေကျမ်းဂန်၊ အနုပညာတို့ကို သင်ယူစေပြီး အရွယ်ရောက်လာတဲ့အခါမှာတော့ ရှင်မွေးလွန်းလေးဟာ သူ့ရဲ့မယ်တော်လို လှပကျော့ရှင်းခြောက်ပစ်ကင်းသော မိန်းကလေးတစ်ယောက်ဖြစ်လာပါတော့တယ်။ မင်းသမီးလေးဟာ ညနေခင်းတိုင်းဆို ဥယျာဉ်တော်အတွင်းမှာ သီချင်းဆိုဆော့ကစားပြီး ညဘက်တွေဆို စောင်းတီး၍သီချင်းဆိုလေ့ရှိပါတယ်။ ရှင်မွေးလွန်လေးရဲ့ အလှအပနဲ့ လိမ်မာရေးခြားရှိလွန်းတဲ့ဂုဏ်သတင်းဟာလည်း သုဝဏ္ဏပြည်တွင်းမှာသာမက အိမ်နီးချင်းတိုင်းပြည်များသို့ပါ သတင်းပျံနှံလျှက်ရှိပါတယ်။

မင်းနန္ဒာအကြောင်း
……………..
မင်းနန္ဒာ ကတော့ ဥက္ကလာပတိုင်းပြည်ရဲ့အိမ်ေ့ရှစံမင်းသားတစ်ပါးဖြစ်ပြီး မင်းနန္ဒာသည်လည်း ရှင်မွေးလွန်း၏ ဂုဏ်သတင်းတို့ကိုကြားသိ၍ ရှင်မွေးလွန်းမင်းသမီးအပေါ် မေတ္တာစိတ်တွေ ယိုဖိတ် လျှက်ရှိပါတယ်။ လသာတဲ့ညတွေမှာဆိုရင် မင်းနန္ဒာတစ်ယောက် သလွန်ပေါ်ကနေ လမင်းကြီးအား မျှော်ငေးကြည့်နေတတ်ပြီး တစ်ချက် တစ်ချက် လွင့်ပျံလာသော စောင်းသံနဲ့အတူ အင်မတန်သာယာတဲ့ သီချင်းသံသဲ့သဲ့ကြားနေရတတ်ပါတယ်။ အချိန်ကြာလာတော့ မင်းသားလေးလဲ ထိုစောင်းသံနှင့်အသံရှင်ကို စိတ်ကူးနဲ့မှန်းကြည့်၍ စွဲလမ်းလာပါတော့တယ်။ ဒီသာယာနာပျော်ဖွယ်တေးသီသံလေးနဲ့ စောင်းသံလေးကို တစ်ရက်တစ်လေလောက်မှ မကြားရရင် နေမထိ ထိုင်မသာ ဖြစ်လာသောကြောင့် အထိန်းတော်အမတ်ကြီးအား ဖွင့်ပြောပြီး စောင်းသံပိုင်ရှင်ကိုရှာဖွေပေးဖို့ အကူအညီတောင်းပါတော့တယ်။
……………..
မင်းနန္ဒာအချစ်သဝဏ်လွှာပါးပြီ
……………..
အမတ်ကြီးမှ မိမိကူညီပေးမည်ဟုဆိုကာ အချစ်သဝဏ်လွှာတစ်စောင်ရေးပေးပါ ကျွန်တော်မျိုးရောက်အောင် ပို့ပေးမည်လို့ ကတိပေးလိုက်ပါတယ်။ ပြီးတဲ့နောက်မှာတော့ အမတ်ကြီးဟာ စနစ်တကျ ကျွေးမွေးပြုစုထားတဲ့ ကျေးဌက်ကလေးကို သံလျှင်ကျွန်းမှ စောင်းသံပိုင်ရှင်ဖြစ်တဲ့ ရှင်မွေးလွန်းမင်းသမီးဆီ မင်းသားလေးရဲ့ ချစ်သဝဏ်လွှာနဲ့အတူ စေလွှတ်လိုက်ပါတော့တယ်။ ကျေးဌက်ကလေးမှတစ်ဆင့် ချစ်သဝဏ်လွှာအား ရှင်မွေးလွန်းမင်းသမီး မြင်သောအခါ ရှက်သွေးဖြာပြီ အထိန်းတော်ကြီးအား မင်းသားမင်းနန္ဒာအကြောင်းမေးပါလေတော့တယ်။ ဒီအခါမှာတော့ အထိန်းတော်ကြီးက ဥက္ကလာမြို့တော်ရဲ့ သာယာလှပခမ်းနားပုံ၊ ဥက္ကလာပမင်းကြီး တန်ဖိုးကြီးမားပုံ၊ သားတော်မင်းနန္ဒာ လိမ္မာရေးခြားရှိပုံ၊ ရုပ်ဆင်းဂင်္ဂါချောမောပုံတို့ကို စီကာပတ်ကုံးပြောပြပါတော့တယ်။ မင်းနန္ဒာရဲ့ ချစ်သဝဏ်လွှာကြောင့် မင်းသားလေးအပေါ် မေတ္တာသက်ဝင်နေသော ရှင်မွေးလွန်းလေးကလဲ မင်းနန္ဒာ၏အကြောင်းကို အထိန်းတော်ကြီးမှတဆင့် ထပ်မံ၍ ကြားသ်ိသောအခါမှာတော့ ချက်ချင်းဆိုသလို ချစ်သဝဏ်လွှာပြန်စာရေးကာ ရွှေကျေးလေးကို အစာဝအောင်ကျွေး၍ ချစ်သဝဏ်လွှာ ပြန်ကြားလိုက်ပါတော့တယ်။
……………..
ရှင်မွေးလွန်း ပြန်စာ
……………..
“ဟော…..အမတ်ကြီး ကျေးဌက်ကလေး ပြန်ရောက်လာပြီ လည်ပင်းမှာလည်း ကြုတ်ကလေးပြန်ပါလာတယ် ဘာများလဲ ဖွင့်ကြည့်ပါအုံး အမတ်ကြီးရဲ့” အမတ်ကြီးက ကြုတ်ကလေးဖွင့်ကာ ခင်လွန်းလက်ရေးနဲ့ရေးထားသောစာအား မင်းနန္ဒာထံသို့ ပေးလိုက်ပါတယ်။ မင်းနန္ဒာလည်း ရွှင်မွေးလွန်း၏သဝဏ်လွှာကို အခေါက်ခေါက်အခါခါ ဖတ်ရင်း အင်မတန်ပျော်ရွှင်နေကာ အမတ်ကြီးအား ခင်လွန်းနဲ့ အင်မတန်တွေ့ချင်နေပြီဖြစ်ကြောင်း ကူညီရန်ထပ်မံပြောကြားပါလေတော့တယ်။ ဒီအခါမှာတော့ အမတ်ကြီးက မင်းနန္ဒာရေလမ်းခရီးသွားမယ်ဆိုရင် အသက်အန္တရာယ်ရှိကြောင်း ငယ်စဉ်ကတည်းက ပုဏ္ဏားဖြူ ပုဏ္ဏားညို တို့ တွက်ချက်ထားသောကြောင့် “အမလေး မြစ်ကိုကူးပြီးသွားရမှာ မင်းသားလေးရဲ့ခမည်းတော် သိရင် ခွင့်ပြုမှာမဟုတ်ဘူး အသက်အန္တရာယ်ရှိတယ်” လို့ပြန်လည်လျှောက်တင်ပါတော့တယ်။ ဒီအခါ မင်းနန္ဒာက ရှင်မွေးလွန်းကိုမှ မတွေ့ရရင် ပွဲတော်မတည်တော့ဘူး လို့ ခြိမ်းခြောက်တာကြောင့် အမတ်ကြီးကလဲ မတတ်သာတော့ပဲ စီစဉ်ပေးပါ့မယ်လို့ ကတိပေးလိုက်ရပါတော့တယ်။
……………..
ငမိုးရိပ်မိချောင်းကိုခေါ်ပြီ
……………..
နောက်တနေ့မှာတော့ အမတ်ကြီးဟာ “အသင်မင်းသား၏ဖခမည်းတော် ပေးထားသော ကြိမ်စင်္ကြာဖြင့် ရေထဲက်ို တစ်ခါရိုက်လျှင် ရေထဲက အကြီးဆုံးသတ္တဝါလာခစားရတယ် ဒီချောင်းထဲမှာ ငမိုးရိပ်ဆိုတဲ့ မိချောင်းရှိတယ် သူ့ကို သံလျှင်ကျွန်းက ခင်လွန်းဆီ ပို့ခိုင်းရင်ရပါတယ် မင်းသားလေး” ဟု လျှောက်တင်ပါတယ်။ ထိုအခါ မင်းသားလည်း ချက်ချင်းဆိုသလို ငမိုးရိပ်ကိုခေါ်၍ ကျောပေါ်တက်ကာ သံလျှင်ကျွန်းအရောက်သွားမည်လို့ ငမိုးရိပ်ကိုခိုင်းစေပါတော့တယ်။ မြစ်လယ်ကိုရောက်တဲ့အခါမှာတော့ ငမိုးရိပ်က “သခင်မင်းသား သေသေချာချာကိုင်ထားပါဘုရား၊ ဒီနေရာက ရန်သူပေါတယ်” လို့ မင်းသားလေးကို သတိပေးလိုက်ပါတယ်။ အဲ့အခါမှာတော့ မင်းသားလေးက “ဘာမှမကြောက်နဲ့ ငါကိုယ်တော်မှာ သံလျှက်နဲ့ ကြိမ်စင်္ကြာပါတယ်” လို့ပြန်လည်မိန့်ကြားလိုက်ပါတယ်။ ဒီအချိန်မှာပဲ မင်းသားလေးကို ကျောပေါ်တင်ပြီး သံလျှင်ကျွန်းဘက် ဖြတ်ကူးနေတဲ့ ငမိုးရိပ်ကို


တိုက်ခိုက်ရန်ချောင်းမြောင်းနေသော မလက်တိုတို့အဖွဲ့ဟာ မင်းသား၏ဘုန်းလက်ရုံး နဲ့ ကြိမ်စင်္ကြာအစွမ်းတို့ကြောင့် အန္တရာယ်မပြုလိုက်နိုင်ပဲ မင်းသားလေးဟာလဲ တဖက်ကမ်းကို ချောချောမွေ့မွေ့နဲ့ရောက်ရှိသွားပါတော့တယ်။
……………..
ရှင်မွေးလွန်းနဲ့မင်းနန္ဒာဆုံကြပြီ
……………..
မင်းသားလေးဟာ ရှင်မွေးလွန်းကိုတွေ့လိုက်တဲ့အခါမှာတော့ ရှင်မွေးလွန်းရဲ့ အလှမှာနစ်မြောပြီး “ နှမတော် နှမတော် ခင်လွန်းလား လှလိုက်တာ နတ်ဒေဝီအလားပါလားကွယ်” လို့နှုတ်ဆက်လိုက်ပါတော့တယ်။ မင်းသမီးလေးကလဲ “မောင်တော် မောင်တော်နန္ဒ ခင်လွန်းဆီလိုက်လာတယ် ခင်လွန်းသိပ်ပျော်တာဘဲ” လို့ပြန်လည်နှုတ်ဆက်ကာ နှစ်ယောက်သား အချစ်တွေပြိုင်ကျရင်း တနေကုန်တဲ့အခါမှာတော့ မင်းနန္ဒာက တစ်နေ့တစ်ခေါက် အရောက်လာမယ်လို့ ရှင်မွေးလွန်းကိုကတိပေးကာ ဥက္ကလာမြို့ကို ပြန်လာခဲ့ပါတော့တယ်။ ဒီလို မင်းနန္ဒက ရှင်မွေးလွန်းဆီ နေ့တိုင်းလိုလိုရောက်လာတတ်တာကို သတိထားမိတဲ့ မလက်တို မိချောင်းမက စုံစမ်းရင်း မင်းနန္ဒာနှင့်ရှင်မွေးလွန်း ချစ်ကျွမ်းဝင်နေသည်ကို သိရှိလိုက်ရပါတယ်။ ဒါပေမယ့်လဲ မင်းသားလေးမှာရှိတဲ့ သန်လျက်နဲ့ကြိမ်စင်္ကြာတို့ကြောင့် ငမိုးရိပ်ကိုတိုက်ခိုက်လို့မရပဲဖြစ်နေပါတယ်။ တနေ့မှာတော့ မလက်တိုဟာ မင်းသားလေးနဲ့ ငမိုးရိပ်တို့ကို တိုက်ခိုက်နိုင်မယ့် နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိသွားပါတော့တယ်။ ဒီနည်းလမ်းကိုအကောင်အထည်ဖော်ဖို့အတွက် မလက်တိုဟာ လူယောင်ဖန်ဆင်းပြီး သုဝဏ္ဏပြည်မှ ဖခမည်းတော်လွှတ်လိုက်သော အစေခံအနေဖြင့် သခင်မလေးရှင်မွေးလွန်းအနား ဝင်ရောက်ခစားပါတော့တယ်။ မလက်တိုသည် သခင်မလေး ယုံကြည်အောင်ပြုစုပေးပြီး ရင်းနှီးကျွမ်းဝင်လာအောင် ကြိုးစားအားထုတ်ရင်း အချိန်ကြာလာသည်နှင့်အမျှ မလက်တိုဟာ သခင်မလေးရဲ့တီးတိုးတိုင်ပင်ဖော်ဖြစ်လာခဲ့ပါတော့တယ်။ ဥက္ကလာမင်းကြီးကလည်း သားတော်၏အရိပ်အယောင်ကိုမတွေ့ရသဖြင့် အထိန်းတော်အမတ်ကြီးအား ခေါ်ယူမေးမြန်းတဲ့အခါမှာတော့ အမတ်ကြီးကလည်း မင်းနန္ဒာနှင့်ရှင်မွေးလွန်းတို့ချစ်ကျွမ်းဝင်နေကြောင်း အမှန်အတိုင်း လျှောက်တင်လိုက်ရပါတော့တယ်။ တချိန်တည်းမှာပဲ မင်းနန္ဒာပြန်ရောက်ရှိလာတဲ့အတွက် ဘုရင်ကြီးမှ မေးမြန်းရာ ဟုတ်မှန်ကြောင်း သိရှိရသဖြင့် သားတော်၏အသက်အန္တရာယ်ကို စိုးရိမ်တာကြောင့် နောက်မသွားစေရန် အလို့ဌာ ကြိမ်စင်္ကြာကို သိမ်းလိုက်ပါတော့တယ်။
……………..
မလက်တို မိချောင်းမ အကောက်ကြံပြီ
……………..
ထိုအချိန်မှစ၍ မင်းနန္ဒာလည်း ခင်လွန်းဆီမရောက်ဘဲရှိနေပါတော့တယ်။ တစ်ရက် က နှစ်ရက် ရက်ပေါင်းများစွာကြာလာသောအခါ မင်းနန္ဒာရော ခင်လွန်းပါ အလွမ်းဝေဒနာကို ခံစားလာကြရပါတော့တယ်။ ဒီအခါမှ အခွင့်ရေးကောင်းကို စောင့်နေတဲ့ မလက်တိုဟာ သခင်မခင်လွန်းအား မင်းနန္ဒာ ဒီတစ်ခေါက်လာရင်သူမအားတကယ်ချစ်တယ်ဆိုပါက လက်ယာဖက်လက်မောင်းကိုခေါင်းအုံးအိပ်ခွင်ပြုရန် တောင်းဆိုကာသက်သေပြခိုင်းသင့်ကြောင်း လိမ်လည်လျှောက်တင်ပါတော့တယ်။ မင်းနန္ဒာဟာလဲ ခင်လွန်းကို သတိရလွန်းတာကြောင့် ကမ်းစပ်တွင် မှိုင်ကာ သံလျှင်ကျွန်းဘက်ကို မျှော်ငေးနေခိုက် အမှတ်မထင် ကမ်းကူးနေသောငမိုးရိပ်အား တွေ့လိုက်သောကြောင့် ငမိုးရိပ်အား လှမ်းခေါ်၍ သံလျှင်ကျွန်းသို့လိုက်ပို့ခိုင်းပါတော့တယ်။ ခင်လွန်းလေးက်ို တွေ့ချင်စောဖြင့် ငမိုးရိပ်ပေါ်အတက်မှာ သံလျှက်ရေထဲ ကျသွားပါတယ်။ ညဦးလသာသာအောက် မင်းနန္ဒာနှင့်ရှင်မွေးလွန်းတို့ အလွမ်းသယ်နေကြရင်း ရှင်မွေးလွန်းက မင်းနန္ဒာ၏ညာလက်ရုံးပေါ်ခေါင်းအုံး၍ တစ်ညတာအတူအိပ်စက်လိုကြောင်း အတင်းဂျီကျကာ ပြောသောကြောင့် မင်းနန္ဒာလည်း မတတ်သာဘဲ ခွင့်ပြုလိုက်ရသည်။
……………..
မင်းနန္ဒာ အန္တရာယ်ကျရောက်ပြီ
……………..
ထိုအခါမှ ငမိုးရိပ်ကို တိုက်ခိုက်ရန် အခွင့်ရေးစောင့်နေသော မလက်တိုသည် သူစီစဉ်ထားသောအတိုင်းဖြစ်ပြီဖြစ်၍ အပေါင်းအသင်းများရှိရာသို့ ပြန်လာ၍ ငမိုးရိပ်အား တိုက်ခိုက်ရန် စီစဉ်ကြပါတယ်။ မနက်လင်းလုဆဲဆဲမှာ ငမိုးရိပ်ကိုစီး၍ပြန်လာသော မင်းနန္ဒာအားတွေ့သည်နှင့် တစ်ပြိုင်နက် ငမိုးရိပ်အား တိုက်ခိုက်ရန်အသင့်စောင့်နေကြသော မလက်တိုတို့အဖွဲ့သည် ငမိုးရိပ်အား ဝင်ရောက်တိုက်ခိုက်ကြပါတော့တယ်။ ငမိုးရိပ်နဲ့ မလက်တိုတို့အဖွဲ့ရဲ့ ပြင်းထန်သောတိုက်ပွဲအကြား မင်းနန္ဒာထိခိုက်မှာစိုးတာကြောင့် ငမိုးရိပ်ဟာ ရေထဲကျနေသာ မင်းနန္ဒာအား ပါးစပ်ထဲငုံထားပြီး ဆိပ်ကမ်းအရောက် ပြန်ပြေးလာခဲ့ပါတယ်။ နံနက်ခင်း အာရုံတက်ချိန် ဆိပ်ကမ်းသို့ရောက်လာသော ငမိုးရိပ်အား ဘုရင်ကြီးနှင့်မှူးမတ်တို့က မင်းနန္ဒာ မပါလာ၍ စိုးရိမ်တကြီးဖြင့် မေးမြန်းကြရာ ငမိုးရိပ်လည်း ချက်ချင်းပင် မင်းသားလေးအား အန်ထုတ်လိုက်ပါတယ်။ ပြင်းထန်သောတိုက်ပွဲအကြားမှ ငမိုးရိပ်သည် မင်းနန္ဒာအား အလျှင်အမြန်ကယ်ထုတ်လာသော်လည်း ကမ်းအရောက်မှာတော့ မင်းသားမင်းနန္ဒာ အသက်မပါတော့ချေ။
……………..


အချစ်သင်္ကေတဖြစ်ပေါ်
……………..
သံလျှက်ကျွန်းမှ မင်းသမီးခင်လွန်းသည်လည်း မောင်တော်မင်းနန္ဒာ ဇီဝိန်ချုပ်သွားသော သတင်းကြားကြားချင်း ရင်ထဲစို့နင့်ကာ နေရာ၌ပင် သေပွဲဝင်သွားပါလေတော့တယ်။ ထို့နောက် အချစ်ကြီးကျသော ချစ်သူနှစ်ဦးအား မြစ်ကမ်းတစ်ဖက် တစ်ချက်ဆီ၌ မီးသဂြိုလ်ကြရာ မီးခိုးလုံးများသည် ကောင်းကင်ပေါ်သို့တက်သွားပြီး ဒဂုံမြစ်ကောင်းကင်ထက်မှာ အချစ်သင်္ကေတ အမှတ်အသားတစ်ခုအနေဖြင့် ပေါင်းဆုံသွားပြီး သက်တန့်တစ်ခုပေါ်ထွက်လာပါတော့တယ်။