အမေရိကန်-ဂျပန်-ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တရုတ်စစ်ဘက်က ဝေဟင်၊ ရေပြင် ကင်းလှည့် မှုဖြင့် တုံ့ပြန်

တောင်တရုတ်ပင်လယ်၌ စစ်ရေးတင်းမာမှုများမြင့်တက်နေချိန်တွင် အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံ တို့၏ ရေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များ ပူးပေါင်းကာ ငါးရက်ကြာ ရေကြောင်းစစ်ရေးလေ့ကျင့်မှုတစ်ခုကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့မဟာမိတ်သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုထွက်ပေါ်လာပြီးနောက် တရုတ်ပြည်သူ့လွတ်မြောက် ရေး တပ်မတော်ကအဆိုပါ ပိုင်နက်အငြင်းပွားရေပြင်အတွင်း ဝေဟင်၊ ရေပြင်ပုံမှန်ကင်းလှည့်စစ်ဆင်ရေးတစ်ခုကို ချက်ချင်းစတင်ပြုလုပ်ကြောင်း ဇူလိုင်လ ၂၆ ရက်တွင်ထုတ်ပြန်ကြေညာသည်။ ထို့ပြင်ဖိလစ်ပိုင်နိုင်ငံသည် ဒေသ ပြင်ပမှနိုင်ငံများနှင့်အတူ ပိုင်နက်အငြင်းပွားရေပြင်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ခြင်းမှာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိခိုက်ပျက်ပြားစေသည်ဟုတရုတ်စစ်ဘက်က အပြစ်တင်ဝေဖန်ထား သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများအတွင်း ပိုင်နက်အငြင်းပွားသောင်စွယ်အနီးတွင်ဖိလစ်ပိုင်ရေယာဉ်များကို တရုတ်သင်္ဘောများက ရေအမြောက်များဖြင့်ပစ်ခတ်မှုလုပ်သည်ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့ရာ ဖိလစ်ပိုင်ရေယာဉ်များအနေဖြင့် တရုတ်ပိုင်နက်သို့တရားမဝင် ကျူးကျော်ဝင်ရောက်လာသည့် အတွက် ဥပဒေနှင့်အညီ တားဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း တရုတ်စစ်ဘက်၏ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ လက်ရှိအခြေအနေများအရ တောင်တရုတ်ပင်လယ်ကအင်အားကြီးနိုင်ငံများအကြား မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုပြင်းထန်ရာရေပြင်တစ်ခုဖြစ်လာနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *