စစ်ဆင်ရေးတာဝန်များထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားများကျင်းပ

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော   ရှေ့တန်းပြန်  နိုင်ငံ့သားကောင်း   တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း  အခမ်းအနားများကို ယနေ့ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ နယ်မြေခံတပ်ရင်း၌ လည်းကောင်း၊ ဝန်းသိုမြို့ရှိ နယ်မြေခံတပ်ရင်း၌လည်းကောင်း၊ ကျောက်မြောင်းမြို့ရှိ  နယ်မြေခံတပ်ရင်း၌ လည်းကောင်းအသီးသီးပြုလုပ်ရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊  ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာလုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို  မိဝေးဖဝေး၊  မိသားစုများနှင့် ဝေးကွာ၍ နေ့မအားညမအားစွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား  တက်ရောက်လာကြသူများက အောင်သပြေခက်ကမ်း၍ လည်းကောင်း၊ အိုးစည်ဒိုးပတ်အတီးအမှုတ်၊ အကအခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြ  ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ယင်းနောက် သက်ဆိုင်ရာတာဝန်ရှိသူများက အောင်ပွဲရ  ရှေ့တန်းပြန်တပ်မတော်သားများအား  ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း  သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *