၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများကြောင့် ရေကြီးရေလျှံမှုထိန်းသိမ်းရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနှင့်ရေကြောင်း ခရီးသွားလာရေးလုပ်ငန်းတို့အတွက် အလွန်အရေးသည့် မိုးဗြဲရေလှောင်တမံပျက်စီးဆုံးရှုံးမှုများ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှစတင်၍ ဆောင်ရွက်လျက်ရှိပြီး ပျက်စီးခဲ့သည့် အဆောက်အဦများ၊ တမံနှင့်ဆက်စပ်ရေအား အဆောက်အအုံများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ပြုပြင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများကြောင့် တမံအောက်ဘက် မိုးဗြဲထိန်းသိမ်းရေးစခန်းရှိ ဧည့်ရိပ်သာ၊ ရုံးအဆောက်အဦ၊ ဝန်ထမ်းအိမ်ရာနှင့် စတိုဂိုဒေါင်များအပါအဝင် အဆောက်အဦ (၄၄) လုံးဖျက်ဆီးခံခဲ့ရပြီး ဌာနပိုင်မော်တော်ယာဉ် (TE) (၁)စီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကာ စတိုဂိုဒေါင်အတွင်းရှိ ထရန်စဖော်မာများနှင့် စက်ပစ္စည်းများလည်း ဖျက်ဆီးခံခဲ့ရသည်။
ထို့ပြင် ရေပိုလွှဲထိန်းချုပ်ခန်းအဆောက်အဦနှင့် ထိန်းချုပ်ရေးစနစ်များ၊ ရေယာဉ်သွားလမ်း ထိန်းချုပ်ခန်း အဆောက်အဦနှင့် ထိန်းချုပ်ရေးစနစ်များ၊ (၁၀၈)ကေဗွီအေ မီးစက် (၁)လုံး၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများ၊ ရေပေးဝေရေးအဆောက်အဦနှင့် ရေစက်ပစ္စည်းများလည်း ဖျက်ဆီးခံခဲ့ရသည်။ ထို့အတွက် ရေပိုလွှဲတံခါးများကို အလိုအလျောက် လျင်မြန်စွာ ဖွင့်ပိတ်၍မရခြင်းကြောင့် တမံရေထိန်းညှိထုတ်လွှတ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာခြင်းနှင့် ရေယာဉ်သွားလမ်းတံခါးများ အဖွင့်အပိတ်ပြုလုပ်၍မရခြင်းကြောင့် အများပြည်သူများ ရေကြောင်းခရီးသွားလာမှုအပေါ် ထိခိုက်ခဲ့ရပြီး မိုးဗြဲရေလှောင်တမံနှင့် စခန်းတစ်ခုလုံးတွင် အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများ၏ ဖျက်ဆီးခဲ့မှုများကြောင့် နိုင်ငံတော်မှ ငွေကျပ် (၁၀) ဘီလီယံ ခန့်ပျက်စီးဆုံးရှုံးခဲ့ရသည်။
နယ်မြေလုံခြုံရေး အခြေအနေများ ကောင်းမွန်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၇ ရက်မှသာ ဌာနဝန်ထမ်းများသည် မိုးဗြဲရေလှောင်တမံသို့ပြန်လည်ဝင်ရောက်နိုင်ခဲ့ပြီး ရေလှောင်တမံဧရိယာဝန်းကျင်တွင် မိုင်းအန္တရာယ် ရှင်းလင်းခြင်းကို နယ်မြေခံတပ်မဌာနချုပ်နှင့် ဌာနဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်၍ တမံပတ်ဝန်းကျင်နှင့် အဆောက်အဦ ပတ်ဝန်းကျင်သစ်ပင်ချုံနွယ်များ ရှင်းလင်းခြင်းတို့ကိုလည်း ဌာနပိုင်စက်/ယာဉ်ယန္တရား (၃)စီးဖြင့် ရှင်းလင်း ဆောင်ရွက်ခဲ့ကာ အကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းသူများ၏ ဖျက်ဆီးခဲ့မှုများအပေါ် ပြန်လည် ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။မိုးဗြဲရေလှောင်တမံသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၏ အရှေ့တောင်ဘက် (၉ ဒသမ ၅) မိုင်ခန့်အကွာ ဘီလူးချောင်းပေါ်တွင် တည်ရှိပြီး တမံအလျားပေ (၈၀၀၀) နှင့် အမြင့်ပေ (၆၀)ရှိသည့် မြေသားတမံအမျိုးအစားဖြစ်၍ ရေပိုလွှဲတံခါးပေါက်(၄)ခုနှင့် ရေယာဉ်သွားလမ်း (Navigation Lock Gate) (၁)ခုပါရှိကာ မိုးဗြဲရေလှောင်တမံကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ၁၉၆၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။
မိုးဗြဲရေလှောင်တမံသည် ဘီလူးချောင်းအမှတ် (၁၊ ၂၊ ၃) ရေအားလျှပ်စစ်စက်ရုံများ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သောရေပမာဏနှင့် တမံအောက်ဘက်ရှိ ဆည်ရေသောက်ဧရိယာ ဧက(၂၀၀၀၀) အတွက် စုစုပေါင်းရေပမာဏ ဧကပေ (၆၈၇၀၀၀) ကို သိုလှောင်ထိန်းညှိ ထုတ်လွှတ်ပေးလျက်ရှိသည်။ ထို့ပြင် မိုးဗြဲ ရေလှောင်တမံသည် ရေယာဉ်သွားလမ်းထည့်သွင်းတည်ဆောက်ထားသည့်အတွက် ရေကြောင်းခရီးသွားလာမှုအပေါ် အထောက်အကူပြုလျက်ရှိပြီး တမံအထက်ဘက်ရှိ အင်းလေးကန်၏ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရေးအတွက်လည်းကောင်း၊ တမံအောက် ဘက်ဒေသများတွင် ရေကြီးရေလျှံမှု ထိန်းသိမ်း လျှော့ချနိုင်ရေးတို့အတွက် လည်းကောင်း တစ်ဖက်တစ်လမ်းမှ ထိန်းသိမ်းပေးလျက်ရှိသည့် ဘက်စုံရေလှောင်တမံကြီး ဖြစ်ကြောင်းသိရသည်။
