ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေ မြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေးနှင့် နိုင်ငံသားတိုင်း မဲပေးခွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နန္ဒဝန်ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ညောင်ရွှေမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါကျောင်းရှိ ပုလဲခန်းမ၊ မဲရုံအမှတ်(၁)တွင်ထားရှိသည့်မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
