တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အာမခံစနစ်အကြောင်း တစေ့တစောင်း – ၄

A red combine is unloading harvested corn into a grain truck. 
http://www.banksphotos.com/LightboxBanners/AgFarming.jpg

၂၀၁၉ ခုနှစ် စာရင်းဇယားများအရ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တောကဏ္ဍမှ ထုတ်ကုန်အမျိုးအစားပေါင်း ၂၇၀ ကို အာမခံထားရှိနိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပါသည်။ အာမခံအကာအကွယ်ရယူနိုင်သည့် ထုတ်ကုန်နှင့် လုပ်ငန်းနယ်များကို ချဲ့ထွင်ရာတွင် အချက် ၃ ချက်ပေါ် မူတည်၍ ချဲ့ထွင်ဆောင်ရွက်လာကြခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ပထမတစ်ခုမှာ အာမခံလုပ်ငန်းဆိုင်ရာ သုတေသနအဖွဲ့အစည်းများကို ဖွဲ့စည်းတည်ထောင်၍ သုတေသနများ ပြုလုပ်ခြင်းနှင့် သုတေသနတွေ့ရှိချက်များကို စမ်းသပ်ခြင်း၊ အသုံးချခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် 

၂၀၀၈ ခုနှစ်တွင် Tsinghua တက္ကသိုလ် စီးပွားရေးနှင့် စီမံခန့်ခွဲမှုပညာကျောင်း (School of Economic and Management) က China Research Center for Insurance and Risk Management ကို စတင်ထူထောင်ခဲ့ပါသည်။  ထို့အတူ ယင်း နှစ်တွင်ပင် UIBE တက္ကသိုလ်ခေါ် University of International Business and Economics ကလည်း China Risk Management and Insurance (Data) Research Center ကို တည်ထောင်ခဲ့ပြီး ယခုလက်ရှိတွင် China Research Institute for Risk Management and Insurance အဖြစ် ဆက်လက်ရပ်တည်နေပါသည်။ ၂၀၁၃ ခုနှစ် တွင် Fudan တက္ကသိုလ်က China Insurance and Social Security Research Center ကို ထူထောင်ခဲ့ပါသည်။ အာမခံလုပ်ငန်းဆိုင်ရာ သုတေသနတွေ့ရှိချက်များကို ဖတ်ကြားဆွေးနွေးသည့် China International Conference on Insurance and Risk Management – CICIRM ခေါ် အာမခံလုပ်ငန်းဆိုင်ရာ နိုင်ငံတကာသုတေသနညီလာခံကိုလည်း နှစ်စဉ်ကျင်းပပြုလုပ်ကာ တရုတ်နိုင်ငံနှင့် နိုင်ငံတကာမှ သုတေသီများ၏ တွေ့ရှိချက်များကို ဆွေးနွေးလျက်ရှိသည်ဟု သိရပါသည်။ 

ဒုတိယတစ်ခုမှာ အစိုးရ၏ နိုင်ငံပိုင်အာမခံလုပ်ငန်းများ၊ နိုင်ငံတကာအာမခံကုမ္ပဏီများ၊ ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီများ ပူးပေါင်း၍ အာမခံလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေမည့် အာမခံစနစ်များ တီထွင်ဆန်းသစ်ဖော်ထုတ်ခြင်းနှင့် လက်တွေ့စမ်းသပ်ခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် ဆွစ်ဇာလန်နိုင်ငံမှ အာမခံကုမ္ပဏီတစ်ခုဖြစ်သော Swiss Re သည် ၂၀၁၆ ခုနှစ်မှ စတင်ကာ ဟေလုံကျန်း(Heilongjiang) ပြည်နယ်အစိုးရ နှင့် တရုတ်ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့်  Sunlight Agricultural Mutual Insurance တို့နှင့် ပူးပေါင်းကာ စိုက်ပျိုးမွေးမြူရေးအာမခံလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပွားသည့် ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်ရန် လုပ်ငန်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။  

တတိယအချက်မှာ အစိုးရက ဦးဆောင်သည့် risk pricing ဖြစ်သည်ဟု ဆိုပါသည်။ Risk pricing ဆိုသည်မှာ မည်သည့်လုပ်ငန်းတွင် မည်သို့သော ဆုံးရှုံးမှုအန္တရာယ်မျိုး ကျရောက်နိုင်ပြီး မည်မျှ ဆုံးရှုံးနိုင်ချေရှိသည်။ အာမ ခံလျော်ကြေးငွေမည်မျှ ရရှိမှ အမှန်တကယ် အာမခံအကာအကွယ် ရရှိနိုင်မည်။ ထိုသို့ အာမခံအကာအကွယ် ရရှိနိုင်ရန်အတွက် အာမခံကြေး မည်မျှပေးဆောင်ထားမှသာ အာမခံကုမ္ပဏီက အမှန်တကယ် အကာအကွယ်ပေးနိုင်မည် စသည်တို့ကို တွက်ချက်သည့် လုပ်ငန်းပင် ဖြစ်ပါသည်။ ယင်းလုပ်ငန်းကို တရုတ်အစိုးရက စနစ်တကျ ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးသမားများအတွက် အာမခံအကာအကွယ်ကို ထိရောက်စွာ ရရှိနိုင်သကဲ့သို့ အာမခံ ကုမ္ပဏီများကလည်း ကောင်းစွာလုပ်ငန်းလည်ပတ်နိုင်မည် ဖြစ်ပါသည်။ 

အရေးအကြီးဆုံး သတိပြုရမည့် အချက်မှာ တရုတ်အစိုးရအနေဖြင့် အာမခံအကာအကွယ်ပေးသည့် ထုတ်ကုန်နှင့် လုပ်ငန်းနယ်ပယ်အသစ်များကို ရွေးချယ်ဆောင်ရွက်ရာတွင်လည်းကောင်း အာမခံထားရှိသည့် နည်းစနစ်အသစ်များကို တီထွင်ဖော်ထုတ်ကာ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ချက်ချင်းတစ်နိုင်ငံလုံးကို ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ သေးငယ်သည့် နေရာဒေသအနည်းငယ်တွင် စမ်းသပ်လုပ်ဆောင်ခြင်း (pilot project) ပြုလုပ်ပြီး အောင်မြင်မှသာလျှင် အခြားနေရာများသို့ ချဲ့ထွင်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ 


Leave a Reply

Your email address will not be published. Required fields are marked *