ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၃) ကြိမ်မြောက် ပေကျင်းရှန်ဆန်း ဖိုရမ်သို့ ပါဝင်တက်ရောက်ခဲ့

ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၃) ကြိမ်မြောက် ပေကျင်းရှန်ဆန်း ဖိုရမ်သို့ ပါဝင်တက်ရောက်ခဲ့

                                ရန်ကုန်မြို့၊ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်      

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး တုံကျွင်း (Admiral Dungjun  ) ၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပသော (၁၃) ကြိမ်မြောက် ပေကျင်းရှန်ဆန်းဖိုရမ်သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

                ခရီးစဉ်အတွင်း တရုတ်နိုင်ငံ၊ အမျိုးသား ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီး တုံကျွင်း က ပေကျင်းအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (Beijing International Convention Center)၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပြီး မြန်မာ – တရုတ် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များနှင့် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စများအား ဆွေးနွေးခဲ့ကြ ပါသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှတည်ခင်းဧည့်ခံသောဖိုရမ်ဖွင့်ပွဲကြိုဆိုနှုတ်ခွန်းဆက်ညစာစားပွဲသို့ ပါဝင် တက်ရောက်ခဲ့ပါသည်။

                ထို့နောက် ၁၆-၉-၂၀၂၆ ရက်တွင် ဖိုရမ် ပထမနေ့ စုံညီအစည်းအဝေးသို့ ပါဝင်တက်ရောက် ခဲ့ပါသည်။ ၎င်းနောက် ဖိုရမ်သို့ပါဝင်တက်ရောက်လျက်ရှိသည့် ဒေသတွင်းနှင့် အိမ်နီးချင်း နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများနှင့် နှစ်နိုင်ငံအလွတ်သဘောသီးသန့်တွေ့ဆုံမှုများကို ဆောင်ရွက်ခဲ့ပါသည်။ ညနေပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးက ပေကျင်းမြို့ စစ်သမိုင်း ပြတိုက်တွင် တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

                ၁၇-၉-၂၀၂၆ ရက်တွင် BICC ၌ ကျင်းပသော  ဖိုရမ် ဒုတိယနေ့ စုံညီအစည်းအဝေးသို့ ပါဝင် တက်ရောက်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိန်ခေါ်မှုများနှင့်အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့ပါသည်။ (၁၃)ကြိမ်မြောက် ပေကျင်းရှန်ဆန်းဖိုရမ်သို့ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကာကွယ်ရေးဝန်ကြီးများ၊ လုံခြုံရေးနှင့် သက်ဆိုင်သောအဆင့်မြင့်အရာရှိကြီးများနှင့် နိုင်ငံတကာလုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ လေ့လာသူ များ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

                ခရီးစဉ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် တာဝန်ရှိသူများလိုက်ပါလျက် တရုတ်နိုင်ငံပေကျင်းမြို့ရှိ စစ်ဘက်နည်းပညာ ဆိုင်ရာကုမ္ပဏီများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။           ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ မြန်မာသံရုံး (ပေကျင်း) သို့ သွားရောက်ခဲ့ပြီး သံရုံးနှင့်စစ်သံရုံးတို့မှ အရာရှိ / စစ်သည် / မိသားစုဝင်များနှင့် သင်တန်းသားများအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *