မြန်မာ-အိန္ဒိယ 8th Army to Army Staff Talks အစည်းအဝေးကျင်းပ

မြန်မာ-အိန္ဒိယ 8th Army to Army Staff Talks အစည်းအဝေးကို အောက်တိုဘာလ ၂၈ ရက်နှင့် ၂၉ ရက် နံနက်ပိုင်းတို့တွင်  နေပြည်တော်ရှိ Park Royal Hotel ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်နှင့် တပ်မတော်အရာရှိကြီးများ၊ အိန္ဒိယတပ်မတော်မှ Major  General Mahipal Singh Rathore (Additional Director General of International Cooperation) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ဆွေးနွေးကြသည်။ဦးစွာ မြန်မာ့တပ်မတော်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် နှင့် အိန္ဒိယတပ်မတော်မှ အဖွဲ့ခေါင်းဆောင် Major  General Mahipal Singh Rathore (Additional Director General of International Cooperation) တို့က နှုတ်ခွန်းဆက်စကားများ  အသီးသီးပြောကြားကြသည်။

ထို့နောက်  အစည်းအဝေးသို့  တက်ရောက်လာကြသည့် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန် ဆွေးနွေးကြသည်။ ယင်းနောက် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ပြီးစီးမှုများကို ဖတ်ကြားရှင်းလင်းကြပြီး နှစ်နိုင်ငံအဖွဲ့ခေါင်းဆောင်များသည် နိဂုံးချုပ်အမှာစကားများ အသီးသီးပြောကြားကြသည်။   

ယင်းနောက် အမှတ်တရပစ္စည်းများ အပြန်အလှန်လဲလှယ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ အဆိုပါအိန္ဒိယတပ်မတော်ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

မြန်မာ-အိန္ဒိယ 8th Army to Army Staff Talks အစည်းအဝေးသို့ တက်ရောက်လာကြသည့် အိန္ဒိယတပ်မတော်ကိုယ်စားလှယ်အဖွဲ့သည်   မြန်မာနိုင်ငံသို့  ရောက်ရှိနေစဉ်အတွင်းနေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မဟာသကျရံသီဘုရားအားသွားရောက်ဖူးမြော်ကြည်ညိုကြသည်။ ထို့ပြင် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ  အင်းလေးကန်သို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *