ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်  “မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်” သို့ တက်ရောက်မိန့်ခွန်းပြောကြား

“မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်”ကို ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ Queen Sirikit National Convention Center ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပိုမိုမြှင့်တင်နိုင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားသည်။

အဆိုပါ “မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်”သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် နှင့် ထိုင်းနိုင်ငံအစိုးရအဖွဲ့မှတာဝန်ရှိသူများ၊  နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်မည့် Queen Sirikit National Convention Center ၊ Plenary Hall သို့ ရောက်ရှိလာရာ ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များက    လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ 

ထို့နောက် “မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်” ကို အခမ်းအနား အစီအစဉ်အတိုင်း စတင်ကျင်းပပြုလုပ်ရာ ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)ဥက္ကဋ္ဌတို့က ကြိုဆိုဂုဏ်ပြုစကားများ ပြောကြားကြသည်။

ယင်းနောက် ထိုင်းနိုင်ငံဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားရာတွင် ယခု မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်အတူ တက်ရောက်ခွင့်ရသည့်အတွက် အထူးပင်ဝမ်းမြောက်မိပါကြောင်း၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုနှင့်     နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို  အခြေခံထားသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ ကဏ္ဍသစ်ကို အတူတကွလျှောက်လှမ်းရန်အသင့်ဖြစ်နေပါ ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏အရေးပါသော စီးပွားရေးမိတ်ဖက်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ဆက်လက်တိုးတက်နိုင်သည့် အလားအလာများစွာလည်းရှိနေပါကြောင်း။

ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများသည် စွမ်းအင်ကဏ္ဍ၊ ထုတ်လုပ်မှုလုပ်ငန်းများ၊     သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး (Logistics)၊ ဆက်သွယ်ရေး၊ အိမ်ခြံမြေလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများအထိ ကျယ်ပြန့်စွာ ရှိနေပြီး  ယင်းကဏ္ဍများအားလုံးသည် ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခြေခံအုတ်မြစ်များဖြစ်ပါကြောင်း၊ ယနေ့တွင်  မိမိအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးနှင့်တွေ့ဆုံ၍   နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူတို့၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကျယ်ကျယ်ပြန်ပြန့် ဆွေးနွေးခဲ့ပြီး ကောင်းမွန်သည့်ဆွေးနွေးမှုရလဒ်များကို ဖော်ဆောင်နိုင်ခဲ့ပါကြောင်း၊ ယခုနှစ်အတွင်း   ထိုင်းနိုင်ငံက နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာပူးတွဲကော်မတီ (Joint Trade Committee) အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်နိုင်ရန် တွန်းအားပေးသွားမည်ဖြစ်ပါကြောင်း။

ယနေ့ကမ္ဘာကြီးသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် (Supply Chain)ကို ပြန်လည်ဖွဲ့စည်းနေသည့်ကာလဖြစ်ပြီး လူများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကိုထိရောက်စွာ ချိတ်ဆက်ပေးနိုင်သည့် နိုင်ငံများသည် အခွင့်အလမ်းများကို ဦးစွာရရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံအစိုးရများသည် စီးပွားရေးလုပ်ငန်းများ၊ ကုန်သည်အသင်းများနှင့် လုပ်ငန်းရှင်များကို အနီးကပ်ပူးပေါင်းဆောင်ရွက်နိုင်စေရန် အပြည့်အဝ ထောက်ခံအားပေးသွားမည်ဖြစ်ပြီး အခွင့်အလမ်းများကို လက်တွေ့ ရလဒ်များအဖြစ်  ပြောင်းလဲနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ယနေ့ကျင်းပသည့်   “မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်” သည် အမြင်ချင်းဖလှယ် သည့် ဆွေးနွေးပွဲတစ်ခုထက် ပိုမိုအဓိပ္ပာယ်ရှိပြီး အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်း ဖန်တီးမည့် နှစ်နိုင်ငံ၏စီးပွားရေးအနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် အပြောင်းအလဲများ၏ အစပြုရာဖြစ်ပါကြောင်း၊ ယခုဖိုရမ်ဖြစ်မြောက်မှုရှိစေရေး ထိုင်း–မြန်မာ ချစ်ကြည်ရေးအသင်းနှင့် ယနေ့အခမ်းအနားကို ပူးပေါင်းစီစဉ်ပေးကြသော နှစ်နိုင်ငံမှ အဖွဲ့အစည်းအားလုံးကို  အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။

ဆက်လက်၍   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားရာတွင် မိမိ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ယခုကဲ့သို့ နှစ်နိုင်ငံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်  အရေးပါသည့် “မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်”သို့ တက်ရောက် မိန့်ခွန်းပြောကြားခွင့်ရသည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့်ဖိုရမ်၏ “မြန်မာ-ထိုင်း စီးပွားရေးမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၏ အနာဂတ်နဲ့ စာမျက်နှာသစ်” ဟူသည့်ခေါင်းစဉ်နှင့်အညီ နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးပြုမည့်မိတ်ဖက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာကြီးတွင် လက်ရှိဖြစ်ပေါ်နေသည့် ခန့်မှန်းရခက်ခဲပြီး အပြောင်းအလဲမြန်ဆန် လွန်းသည့် စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများကို ကြံ့ကြံ့ခံနိုင်သည့် စာမျက်နှာသစ်တစ်ရပ်ဖွင့်လှစ်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ 

မြန်မာနိုင်ငံနှင့်     ထိုင်းနိုင်ငံတို့သည် ရှည်လျားသည့် ကုန်းမြေ ရေပြင်နယ်နိမိတ် ချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြရုံမျှမကဘဲ တူညီသည့်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာတရားနှင့် သမိုင်းဝင်ချစ်ကြည်ရေး အခြေခံကောင်းများရှိသည့် ညီရင်းအစ်ကိုမောင်ရင်းနှမကဲ့သို့ သံယောဇဉ်ခိုင်မြဲသည့် အိမ်နီးချင်းကောင်းများ၊ မိတ်ဆွေစစ်များဖြစ်ကြပါကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး ယခုဆိုပါက စိန်ရတုမှတ်တိုင်ကိုကျော်လွန်၍ နှစ်ပေါင်း (၇၈)နှစ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊   သံတမန်ဆက်သွယ်ရေးထူထောင်မှု နှစ်(၇၀)ပြည့်သည့် ၂၀၁၈ ခုနှစ်တွင်နှစ်နိုင်ငံဆက်ဆံရေးကို “မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (Natural Strategic Partnership)” အဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ပါကြောင်း။ 

ယခုခရီးစဉ်တွင် မြန်မာ-ထိုင်း ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းခိုင်မာစေပြီး ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုများကိုလည်း အားပေးမြှင့်တင်နိုင်မည်ဟုယုံကြည်ပါကြောင်း၊ ထို့ပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံစလုံးသည်  ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (RCEP)၊ အာဆီယံ၊ BIMSTEC တို့တွင်လည်း ဒေသတွင်းပြည်သူများကို အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ရည်ရွယ်ပြီး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ ဒေသတွင်း သာယာဝပြောမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက်    ဦးတည်ဆောင်ရွက်နေသည့်   မဟာမဲခေါင်ဒေသ (Greater Mekong Subregion – GMS)၊ မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှု (Mekong Lancang Cooperation)၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) စသည့် အစီအစဉ်များတွင်လည်း   နီးနီးကပ်ကပ် အတူတကွ ပူးပေါင်းပါဝင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် စိန်ခေါ်မှုများနှင့်ရင်ဆိုင်ရသည့် အချိန်တိုင်းတွင် ထိုင်းနိုင်ငံသည် မိတ်ဆွေ ကောင်းပီသစွာ   အစဉ်ရပ်တည်ပေးခဲ့ပြီး နားလည်မှု၊ ယုံကြည်မှုနှင့် အပြန်အလှန် လေးစားမှုများကိုအခြေခံ၍ ကူညီပံ့ပိုးပေးမှုများအတွက် အသိအမှတ်ပြုကျေးဇူးတင်ရှိ ကြောင်း။

မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အပြင် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်နှင့်အညီ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများတွင် နီးကပ်စွာ  ပူးပေါင်းဆောင်ရွက်နေကြပြီး ထပ်မံတိုးချဲ့အဆင့်မြှင့်တင်နိုင်သည့် အခွင့်အလမ်းများလည်းရှိနေကြောင်း၊ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကျပြီး အရေးပါဆုံးသော ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့၊လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့် အထည်များကို အဓိကတင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများ အဓိကတင်ပို့လျက်ရှိပါကြောင်း။ 

နှစ်နိုင်ငံကုန်သွယ်မှု (Bilateral Trade) ပမာဏသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏  ဇွန်လအထိ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် အသီးသီးရှိခဲ့ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်ပြီး ယခုနှစ် ဇွန်လအထိဆိုပါက နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၅၈ ဘီလီယံရှိခဲ့ကြောင်း၊ ယခုကဲ့သို့ အပြန်အလှန်ကုန်သွယ်မှုပုံစံသည် နှစ်နိုင်ငံစီးပွားရေးကို အထောက်အကူပြုရုံမျှသာမက     ဒေသတွင်းတန်ဖိုးကွင်းဆက် (Regional Value Chains) ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အဓိကကျသည့်အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊  မိမိတို့နှစ်နိုင်ငံအကြား နယ်နိမိတ်သည် ကီလိုမီတာ ၂၄၀၀ ကျော် ရှည်လျားပြီး မြောက်ဘက်ရှိ လာအိုနိုင်ငံနှင့် ထိစပ်နေသည့် သုံးနိုင်ငံဆုံမှတ်မှတောင်ဘက် အက်ဒမန်   ပင်လယ်ကမ်းရိုးတန်းအထိ ထိစပ်လျက်ရှိပြီး မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေးသည်  နှစ်နိုင်ငံကုန်သွယ်ရေး ကဏ္ဍတွင်   လွန်စွာအရေးပါသည်ကိုတွေ့ရ ကြောင်း၊ မြဝတီ-မဲဆောက်၊ တာချီလိတ်-မယ်ဆိုင် စသည့်နယ်စပ်ဂိတ်များတွင် နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးစီးဆင်းမှု၏ အဓိက အသက်သွေးကြောဟုဆိုနိုင်ပါကြောင်း၊ တစ်ဖက်တွင်လည်း တရားမဝင်ကုန်သွယ်ရေးဂိတ်နှင့် တရားမဝင်ကုန်သွယ်မှုကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်သွားရန် လိုအပ်လျက်ရှိပါကြောင်း။

တရားမဝင်ကုန်သွယ်မှုကြောင့် နှစ်နိုင်ငံ၏ နိုင်ငံတော်ဘဏ္ဍာငွေများ  ဆုံးရှုံးမှုများ သာမက အရည်အသွေးမမီသည့်အတွက် သုံးစွဲသူများအတွက်  အန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်နှင့်ဆေးဝါးများ ဈေးကွက်အတွင်းဝင်ရောက်လာသည့် အန္တရာယ်ကို ဒေသခံများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းကူညီပေးရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ လက်ရှိတွင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် ပဉ္စမမြောက် ရင်းနှီးမြှုပ်နှံမှု       အများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန် ဒေါ်လာ ၄,၆၀၅ ဒသမ ၄၈၄ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၀၃ ခု ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုင်း နိုင်ငံသည် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေးနှင့် လူသုံးကုန် ပစ္စည်းများစသည့် အဓိကကဏ္ဍကြီးများတွင် အကြီးမားဆုံး ကုန်သွယ်ဖက်နှင့် အဓိက ရင်းနှီးမြှုပ်နှံသည့်နိုင်ငံအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့သည့်နိုင်ငံဖြစ်ပြီး လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအားလုံး၏ ၆.၃၀ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၄၆၀၅ ဒသမ ၄၈၄သန်း)နှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍ၊ စက်မှု ကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ စက်မှုဇုန် တည်ဆောက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထား သည်လည်း ဖြစ်ပါကြောင်း။

ယနေ့ကမ္ဘာကြီးသည် အပြန်အလှန်ချိတ်ဆက်မှု ပိုမိုမြန်ဆန်လာပြီး စီးပွားရေး အရပေါင်းစည်းမှု ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်း များနှင့် ဒေသတွင်း ပေါင်းစည်းချိတ်ဆက်ပေးသည့် ကုန်သွယ်ရေးနှင့် စီးပွားရေးစင်္ကြံ များ၏အခန်းကဏ္ဍသည် လွန်စွာအရေးပါလာကြောင်း၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ရေခံမြေခံကောင်းများ ပိုင်ဆိုင်ထားပြီး လူ့စွမ်းအားအရင်းအမြစ်နှင့် သဘာဝသယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝသည့်အပြင် မဟာဗျူဟာကျသည့် ပထဝီဝင်အနေအထားကိုလည်း ပိုင်ဆိုင်ထားကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ တောင်အာရှတို့နှင့် ကုန်းမြေပေါင်းကူးတံတား (Land Bridge) သဖွယ်တည်ရှိနေပြီး ပထဝီအနေအထားအရ ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယ သမုဒ္ဒရာ ၂ စင်း တို့ကို ဆက်စပ်ပေးသည့်အတွက် အနာဂတ်ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးတွင် အချက်အချာကျသည့်နေရာ၌ တည်ရှိနေပါကြောင်း။ 

ဒေသတွင်း    စျေးကွက်များအကြား ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ချိတ် ဆက်မှုများကို အထောက်အကူပြုလျက် ပိုမိုကျယ်ပြန့်သည့် စီးပွားရေး ပေါင်းစည်းမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် အလားအလာကောင်းများလည်း ရှိနေ ကြောင်း၊  သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ် အထူး စီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းတို့ကိုလည်း  ဖော်ဆောင်လျက်ရှိကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းသည် ထိုင်းနိုင်ငံနှင့် အနီးကပ်ဆုံးရှိပြီး ထိုင်းနိုင်ငံအတွက် တောင်အာရှနှင့် အနောက်အာရှတို့အတွက် အနီးဆုံးကုန်တင်ပို့နိုင်သည့် နေရာဖြစ်ပါ ကြောင်း၊ ထို့အပြင်  တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ မြန်မာ-အိန္ဒိယ ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း၊ မြန်မာ-ထိုင်း-အိန္ဒိယ သုံးနိုင်ငံအဝေးပြေး လမ်းမကြီး  အစီအစဉ်များသည်လည်း ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် မြန်မာနိုင်ငံက အဓိကနေရာမှပါဝင်နေကြောင်း၊ အာရှအဝေးပြေးလမ်းမနှင့် အာရှ ဖြတ်ကျော်ရထားလမ်း ကွန်ရက်နှစ်ခုစလုံး၏ အစိတ်အပိုင်းဖြစ်သည့်အတွက် ဒေသတွင်း ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်များနှင့် ချိတ်ဆက်ရန် အခွင့်အလမ်း ကောင်းများကိုလည်း ပိုင်ဆိုင်ထားရှိကြောင်း။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပြီး ကြွယ်ဝပေါများသည့် အရင်းအမြစ်နှင့် အလားအလာကောင်းများစွာ ရှိနေကြောင်း၊ နိုင်ငံ၏ လက်ရှိလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ၊   ရင်းနှီးမြှုပ်နှံမှုများကို အလေးထားဖိတ်ခေါ်လျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာအခြေခံ ကုန်ထုတ်လုပ်ငန်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံရန်လည်း ဖိတ်ခေါ်လိုကြောင်း၊ ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ အများပြည် သူသယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်သုံးယာဉ်ထုတ်လုပ်ခြင်း၊ ဘိလပ်မြေထုတ်လုပ်ခြင်း၊ သံမဏိထုတ်လုပ်ခြင်း၊    စိုက်ပျိုးရေးနှင့် မွေးမြူရေးတန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ် ခြင်း၊    ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများထုတ်လုပ်ခြင်း စသည့်လုပ်ငန်းများကို လည်း အားပေးဖိတ်ခေါ်လျက်ရှိကြောင်း၊ ထို့အပြင် ပြည်တွင်းထွက်ကုန်များကို အခြေခံသည့်   အဆင့်မြင့်ရာဘာထုတ်လုပ်ခြင်း၊ ရာဘာအခြေခံပရိဘောဂနှင့်    တာယာထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်လာအောင် အားပေး ဆောင်ရွက်လျက်ရှိသည့်အတွက် ထိုင်းလုပ်ငန်းရှင်များအနေဖြင့် ယခုကဏ္ဍတွင် ရင်းနှီး မြှုပ်နှံနိုင်မည့် အခွင့်အလမ်းများလည်းရှိနေပါကြောင်း။

ထိုင်းနိုင်ငံသည် အဆင့်မြင့် ကျန်းမာရေးဝန်ဆောင်မှုများ ထွန်းကားသည့် အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုပါကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ပို့ဆောင်ဆက် သွယ်ချိတ်ဆက်မှုသည် အလွန်အရေးကြီးပါကြောင်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးသည် နှစ်နိုင်ငံကုန်သွယ်မှုကို သာမက RCEP နှင့် အာဆီယံစီးပွားရေးစင်္ကြံကိုပါ ဖွင့်လှစ်ပေးမည့်သော့ချက်များဖြစ်ကြောင်း၊ ထို့ကြောင့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း စသည့် နယ်စပ်ဒေသများတွင် နယ်စပ်စီးပွားရေးဇုန်များနှင့် ထောက်ပံ့ပို့ ဆောင်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်း ကောင်းများ ရှိနေပါကြောင်း။

မိမိတို့အစိုးရအနေဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက် လာစေရန် အတွက်ဆောင်ရွက်လျက်ရှိရာ  ပိုမိုရှင်းလင်းခိုင်မာပြီး ပွင့်လင်းမြင်သာသည့် စီးပွားရေး ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရန်၊ လုပ်ထုံးလုပ်နည်းများကို လွယ်ကူချောမွေ့ အောင် ပြုပြင်ပြောင်းလဲရန်နှင့် သင့်တော်သည့် မူဝါဒဆိုင်ရာ ကူညီပံ့ပိုးမှုများပေးနိုင် ရန် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အကြား ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူ စာချုပ်သည် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် အသက်ဝင်ခဲ့ပြီးဖြစ်သည့်အတွက် ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်လည်း တိုက်တွန်းပြောကြားလိုပါကြောင်း၊ အလားတူ မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အကာ အကွယ်ပေးနိုင်ရန်အတွက် မူပိုင်ခွင့်ဥပဒေ(၄)ရပ်ကိုလည်း ၂၀၂၄ ခုနှစ်တွင် အပြည့်အဝ အကောင်အထည်ဖော်နေပြီဖြစ်ပါကြောင်း။

လက်ရှိတွင် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန်အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တွင် မြန်မာကျပ်ငွေနှင့် ဘတ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ၂၀၂၂ ခုနှစ်တွင် စတင် ခဲ့ပြီးဖြစ်ကြောင်း၊ ယခုစနစ်သည် နှစ်နိုင်ငံကုန်သွယ်မှုသာမက နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတို့အတွက် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အရည်အသွေးပြည့်ဝပြီး၊ တာဝန်ယူမှုရှိသည့် ရင်းနှီး မြှုပ်နှံမှုများ ကို အထူးအားပေးဖိတ်ခေါ်နေပြီး ရေရှည်တည်တံ့မည့် ဂေဟစနစ်နှင့် စီးပွားရေး ဟန်ချက်ညီမှုရှိစေရန်အတွက်ကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လိုအပ်သည်များကို အတတ်နိုင်ဆုံး ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း။

မိမိတို့အစိုးရအနေဖြင့် နိုင်ငံအတွင်း စီးပွားရေးဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင် ပိုမိုကောင်းမွန်လာစေရန်အတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ဥပမာအားဖြင့် လျှပ်စစ်သုံးယာဉ်များ (EV)များ တိုးတက်ရေးနှင့်  ဆက်စပ်လုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံမှုများအတွက် အကောက်အခွန်နှုန်းထားများကိုလည်း လျှော့ချပေးလျက်ရှိကြောင်း၊ အထူးသဖြင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ခြင်း၊ ဒေသတွင်း မိတ်ဖက်နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊   အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME)များသည် မိမိတို့နှစ်နိုင်ငံ၏ စီးပွားရေး မောင်းနှင်အားဖြစ်ကြောင်း၊ လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူလျင်မြန်အောင် ဒီဂျစ်တယ် စနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်လျက်ရှိရာတွင် မြန်မာဒီဂျစ်တယ် လမ်းပြမြေပုံ ၂၀၃၀ ကို ရေးဆွဲဖော်ဆောင်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံအလယ်ပိုင်း ရာသီဥတုကောင်းသည့် တောင်ပေါ်ဒေသတွင် မြေ ဧရိယာဧက ၁၀၀၀၀ ခန့် ကျယ်ဝန်းသည့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အတွက် စိတ်ပါဝင်စားသည့် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်လိုကြောင်း။ယနေ့ကျင်းပသည့် ဖိုရမ်ကနေတစ်ဆင့် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက် မှုသည် အခန်းသစ်တစ်ခုသို့ တက်လှမ်းနိုင်မည်ဖြစ်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ကုန်သွယ်ရေးနှင့်ဒေသတွင်း စီးပွားရေးကွန်ရက်ချိတ်ဆက်မှုများ ပိုမိုတိုးတက် ခိုင်မာလာစေရန် အားလုံးက လက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။

စုပေါင်းစွမ်းအားကနေတစ်ဆင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီး သွားလာ ရေး၊ ပြည်သူအချင်းချင်း အပြန်အလှန်ထိတွေ့ဆက်ဆံမှု အပါအဝင် နှစ်နိုင်ငံအပြန် အလှန် အကျိုးပြုစေမည့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်ဖော်ဆောင် သွားနိုင်မည်ဟု အပြည့်အဝယုံကြည်ထားပါကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝအရင်း အမြစ် အားသာချက်များကို ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ၏ နည်းပညာ၊ အရင်းအနှီး နှင့် စီမံခန့်ခွဲမှု အတွေ့အကြုံ စသည်များနှင့် ပေါင်းစပ်လိုက်မည်ဆိုရင်  နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုး ရှိစေမည့် (Win-Win) စီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ အကြား ချိတ်ဆက်မှုများ ပိုမိုအားကောင်းပြီး စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု   အခွင့်အလမ်းများနှင့်  ရလဒ်ကောင်းများ  ပိုမိုခိုင်မြဲစွာတိုးတက်စေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *