အကြောင်းပြချက်မပေးဘဲ ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်ပါ

လူတစ်ယောက် မကြီးပွါးခြင်းနဲ့ ပျက်စီးခြင်းဟာ “အကြောင်းပြချက်တွေ များလို့” ဖြစ်တယ်တဲ့။ ကျမတို့အိမ်မှာ မှားရင် ချက်ချင်းဝန်ခံရတဲ့အလေ့အကျင့်ရှိပါတယ်။ အကြောင်းပြချက်ပေးတာက သပ်သပ်၊ ဝန်ခံတာက သပ်သပ်ပါ။ ဥပမာ – ကိုယ်လုပ်လို့ ပန်းကန်တစ်ချပ်ကွဲသွားရင် ဟုတ်ကဲ့ ကျမ/ကျနော်လုပ်လို့ ပန်းကန်တစ်ချပ် ကွဲသွားပါတယ်။ ဖြစ်တာက ဆီတွေဆေးတာ မပြောင်လို့ လွတ်ကျတာပါ .. ဒီလိုမျိုးပါ။ အဲလိုမဟုတ်ဘဲ .. ဇွတ်ငြင်းပြီး ငါလုပ်တာမဟုတ်ဘူး၊ သူ့ဟာသူ ချော်ကျသွားတာ ငါ့ကြောင့်မှမဟုတ်တာ ဘာညာဆို .. အဖွားက မကြိုက်ပါဘူး။ သတ္တိနည်းတဲ့သူလို့ ပြောလေ့ရှိပါတယ်။ ခေါင်းဆောင်လုပ်လို့မရတဲ့ စိတ်ဓာတ်လို့လည်း ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် သတိနဲ့ကြည့်ပြီး၊ ထိန်းသိမ်းကိုင်တွယ်တတ်ဖို့၊ တွေးတောဆင်ခြင်ဖို့ကို အမြဲကြပ်မတ်ခံခဲ့ရပါတယ်။ အိမ်မှာ ဖန်/ကြွေပန်းကန်တွေ ကွဲတယ်ဆိုတာ အင်မတန်ရှားပါတယ်။ ခြေလှမ်းရင်လည်း ခြေသံက ဆောင့်နင်းတာ၊ ကြမ်းတာ အဖွားက မကြိုက်ဘူး။ ကိုယ့်ခြေသံက အများသူငှါ အာရုံထိခိုက်အောင် မလုပ်မိစေဖို့ အမြဲသတိပေးပါတယ်။ အဖွားမရှိတော့ချိန်မှာ ကျမရဲ့ ဗရမ်းဗတာ ကာလတွေအများကြီးရှိခဲ့ပါတယ်။ မိထွေးကတစ်မျိုး၊ ဆွေမျိုးတွေက တစ်မျိုး၊ ပညာရေး၊ ဘဝရပ်တည်မှု အရာရာဟာ အမှောင်ထုကြီးတစ်ခုလို ကျမကို ဝါးမျိုနေတာပါ။ ကျမက လူမှ သာမာန်လူတစ်ယောက်ဖြစ်တဲ့အတွက် အဲဒီ့ဆိုးရွားလှတဲ့ အမှောင်ထုထဲမှာ ကျမ စိတ်ဓာတ်ကျခဲ့ပေမဲ့ အကြာကြီးပိတ်မိမနေဘဲ .. အဖွားသင်ခဲ့တဲ့ ကိစ္စသေးသေးလေးတွေလို့ ထင်ရတဲ့အရာတွေဟာ ချောက်နှုတ်ခမ်းပေါ် ပြန်တက်လာနိုင်ဖို့ .. ကြိုးတွေ ဖြစ်ခဲ့ပါတယ်။

ကျမ တစ်ဖက်မှာ အမှားတွေလုပ်ခဲ့မိရင်တောင် အမှန်ကိုမရရအောင် ပြန်ရှာမယ်ဆိုတဲ့စိတ်ကို အမြဲသတိရှိပါတယ်။ သူများနည်းတူ အပျော်အပါးတွေလုပ်ချင်ရင်တောင် ငါ့ဘဝက ဒီကိစ္စတွေကို လုပ်လို့ရတဲ့သူမဟုတ်ဘူး ..ငါယူနိုင်တဲ့ risk ထဲမှာ ဘဝပျက်တာ မပါဘူးလို့ တွေးပြီး၊ အခြေအနေဆိုးတွေကြားထဲမှာ ကျမ ကူးခပ်ဖြတ်သန်းခဲ့ရပါတယ်။ ကျမအလုပ်မှာ ကျမနေရာလို့ပြောရင် ရှင်းလင်းသန့်ပြန့်နေအောင်၊ ကျမ မလှနေရင်တောင် သပ်ရပ်နေအောင် နေပါတယ်။ ဘာလေးပဲ တာဝန်ယူရသည်ဖြစ်စေ ကိုယ့်ဘက်က အကောင်းဆုံးလုပ်ကိုင်ပေးပါတယ်။ ဘဝကို အကြောင်းပြချက်တွေရှိနေရင်တောင် ရပ်မသွားဖို့၊ သူများထက် အဆပေါင်းများစွာ ကျမ ကိုယ့်ကိုယ်ကို accepted လုပ်ခဲ့ရပါတယ်။ ပတ်ဝန်းကျင်ဆိုတာ အားနည်းချက်မြင်တိုင်း ထိုးချတတ်ကြပါတယ်။ “နင်က မိနဲ့ဖနဲ့ မနေရဘူးနော်” “နင့်ရှေ့သွားလေးနှစ်ချောင်းက ယုန်သွားတွေနဲ့နော်” “နင်က လူကောင်သေးသေးလေးနော်” “နင့်အဖေက မိန်းမတွေသက်စေ့ ယူနေတာဆို” “နင်က .. နင်က .. နင်က …” ပေါင်းများစွာကို ကျမ လက်ခံခဲ့ရမယ့်အချိန်မှာ လက်ခံခဲ့ပါတယ်။ ဒါတွေဟာ ကျမဖန်တီးယူတာမဟုတ်ဘူး မိဘအခြေအနေ၊ မွေးရာပါအသွင်သဏ္ဍာန် စသဖြင့်ပေါ့။ ဒါတွေကို သူတို့ပြောတာတွေခံစား၊ အကြောင်းပြချက်တွေပြန်ပေး၊ စိတ်တွေဆင်းရဲနေတာထက် … ဒါတွေက ငါ့ရဲ့ကိစ္စသာဖြစ်တယ်၊ ငါပြုပြင်ဖို့ မတတ်နိုင်ခဲ့တာတွေဖြစ်တယ်လို့ လက်ခံလိုက်ရုံပါပဲ။ ဒါဟာ သောကဖြစ်စရာမဟုတ်ပါဘူး။ ဘယ်သူ့ကိုမှလည်း ထိခိုက်နေတာမှ မဟုတ်ဘဲ။ ဒီလိုပဲ… စည်းကမ်း၊ အသိဉာဏ်၊ ဇွဲလုံ့လ စသဖြင့် ဒါတွေကိုလည်း အကြောင်းပြချက်တွေနဲ့ နောက်ချန်ကျန်ရစ်နေလို့ မရဘဲ .. လုပ်စရာရှိတာကို လုပ်ရတာပါပဲ။ အဲဒါတွေက လူတွေထိုးချလို့မရတဲ့ ကိုယ့်ရဲ့အားသာချက်အကြီးကြီး ဖြစ်လာပါလိမ့်မယ်။

ဒီစာတွေရေးနေတယ်ဆိုတာ .. ကျမတို့ မြန်မာအမျိုးသမီး/အမျိုးသားတချို့ဟာ ပတ်ဝန်းကျင် မိဘဆွေမျိုးတွေကြောင့် .. ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ဝင်၊ တစ်ခုခုဆို ကြိုကန်တာ၊ ကိုယ့်ကိုထိခိုက်နာကျင်ရမှာစိုးလို့ အကြောင်းပြချက်တွေပေးပြီး၊ ကိုယ့်ဘဝကိုယ် လက်မခံရဲတာတွေနဲ့ ပြည့်နေတတ်ကြလို့ပါပဲ။ ကျမဆို အမျိုးသားကိုကအစ အမှားကို ဝန်ခံတတ်စေဖို့၊ ငြင်းချက်တွေ ဆင်ခြေတွေ ဒီလူတွေကြားထဲမှာ မလိုအပ်ဘဲ .. အမှန်တရားကို မျက်နှာမူတတ်ဖို့ ပြောပြဖြစ်ပါတယ်။ ဒါဟာ တိုးတက်ခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ ကြည်လင်ခြင်းရဲ့ လမ်းစဖြစ်ပါတယ်။ ကျမက စာဖတ်ပြီး ရွှီးနေတာမဟုတ်ပါဘူး၊ ကျမကိုယ်တိုင် ဖြတ်သန်းခြင်းရဲ့ အတွေ့အကြုံကနေ ရရှိခဲ့တာတွေကို ဝေမျှတာပါ။ လူတိုင်းကို ကိုယ့်အောက်မှာရှိနေတာထက် တိုးတက်နေကြတာပဲ မြင်လိုတဲ့ ကျမပါ။

အားလုံးပဲ နေ့သစ်မနက်ခင်းမှာ စိတ်ကြည်လင်ခြင်း၊ ကိုယ်ချမ်းသာခြင်းတို့နဲ့ ပြည့်ဝကြပါစေ 🤍✨🧜🏻‍♀️

#CrdWitchy Candy 🍭

Leave a Reply

Your email address will not be published. Required fields are marked *