နှစ်နိုင်ငံအကြားကုန်သွယ်မှုကို တိုးမြှင့်ဆောင်ရွက်ရန်နှင့် အဆက်အသွယ်ဘဏ်များ တည်ထောင်ရန် မြန်မာ-ပါကစ္စတန် ဆွေးနွေးကြောင်း သိရသည်။
မေ ၇ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Tariq Karim နှင့်အဖွဲ့အား နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် မြန်မာ-ပါကစ္စတန်နိုင်ငံတို့အကြားကုန်သွယ်မှုကို တိုးမြှင့်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံအကြား အဆက်အသွယ်ဘဏ်များ တည်ထောင်ရန်၊ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များတွင် လူ့စွမ်းအားအရင်းအမြစ်များနှင့် နည်းပညာအကူအညီများ ပံ့ပိုးရန်၊ နှစ်နိုင်ငံဗဟိုဘဏ်များအကြား ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များအတွက် ပါဝင်ကူညီ ဆောင်ရွက်ရန်နှင့် နိုင်ငံခြားငွေကြေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
