နာထသုတ်
ရဟန်းတို့! မှီခိုရာရှိသည်ဖြစ်၍ နေကြကုန်လော့။ မှီခိုရာ မရှိမူ၍
မနေကြကုန်လင့်။
ရဟန်းတို့! မှီခိုရာ မရှိသူသည် ဆင်းရဲစွာနေရ၏။
ရဟန်းတို့! မှီခိုရာကို ပြုတတ်သော တရားတို့သည် ဤဆယ်မျိုးတို့တည်း။
၁။ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏။ ပါတိမောက္ခ သံဝရသီလကို စောင့်စည်းလျက်နေ၏။ အကျင့်အာစာရ ကျက်စားရာ ဂေါစရနှင့်ပြည့်စုံ၏။ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏။ သိက္ခာပုဒ်တို့၌ ကောင်းစွာဆောက်တည်၍ ကျင့်၏။
၂။ ရဟန်းသည် အကြားအမြင် များ၏။ အကြားအမြင်ကို ဆောင်၏။ အကြားအမြင်ကို ဆည်းပူး၏။ အစ၏ ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်၊ အဆုံး၏ ကောင်းခြင်း ရှိကြ၍ အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတေတ်သော သဘောရှိသော တရားတို့ကို ထိုရဟန်းသည် များစွာ သင်ကြားအပ်ကုန်၏။ ဆောင်အပ်ကုန်၏။ နှုတ်ဖြင့် လေ့လာအပ်ကုန်၏။ စိတ်ဖြင့် ဆင်ခြင်မှတ်သားအပ်ကုန်၏။ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိအပ်ကုန်၏။
၃။ ရဟန်းသည် အဆွေခင်ပွန်းကောင်း ရှိ၏။ အပေါင်းအဖော်ကောင်း ရှိ၏။ အဆွေခင်ပွန်းကောင်းတို့၌ ကိုင်းညွတ်၏။
၄။ ရဟန်းသည် ဆိုဆုံးမလွယ်၏။ ဆိုဆုံးမလွယ်ကြောင်းတရားတို့နှင့် ပြည့်စုံ၏။ သည်းခံနိုင်၏။ အဆုံးအမကို အရိုအသေ ခံယူတတ်၏။
၅။ ရဟန်းသည် သီတင်းသုံးဖော်တို့၏ အသို့ပြုရမည်းနည်းဟု ဆို၍ ပြုအပ်သော ကြီးမားကုန် သေးငယ်ကုန်သော အမှုကိစ္စတို့၌ လိမ္မာ၏။
ပျင်းရရိခြင်းမရှိ၊ ထိုထိုအမှုကိစ္စတို့၌ အကြောင်းကို စူးစမ်းသော ပညာနှင့် ပြည့်စုံ၏။
၆။ ရဟန်းသည် တရားတော်ကို အလိုရှိ၏။ ချစ်ဖွယ်ကို ပြောဆိုတတ်၏။ လွန်မြတ်သော သုတ်, အဘိဓမ္မာ, ဝိနည်း၌ များစွာ မြတ်နိုးခြင်း ရှိ၏။
ရ။ ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေ၏။ အားအစွမ်းရှိ၏။ မြဲမြံသော ဝီရိယရှိ၏။ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်းမရှိ။
၈။ ရဟန်းသည် ရတတ်သမျှသော သင်္ကန်း, ဆွမ်း, ကျောင်း, သူနာ၏ အထောက်အပ့ံ ဆေးဟူသော အဆောက်အဦဖြင့် ရောင့်ရဲ၏။
၉။ ရဟန်းသည် သတိနှင့် ပြည့်စုံ၏။ လွန်ကဲရင့်ကျက်သော သတိနှင့် ပြည့်စုံ၏။ ကြာမြင့်စွာက ပြုလုပ်ပြီးသော အလုပ်၊ ကြာမြင့်စွာက ပြောပြီးသော စကားကို အောက်မေ့နိုင်၏။ အဖန်တလဲလဲ အောက်မေ့နိုင်၏။
၁၀။ ရဟန်းသည် ပညာရှိ၏။ အဖြစ်အပျက်ကိုသိသော ကိလေသာကို ဖောက်ခွဲနိုင်သော ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတ်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။
ဤသည်တို့ကား မှီခိုရာကို ပြုတတ်သော တရားဆယ်မျိုးတို့တည်း။
( အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဒသကနိပါတ်
နာထဝဂ် ပဌမ နာထသုတ် )
(ဆောင်ပုဒ်)
– သီလလုံခြုံ
– ကြားမြင်စုံ
– ပေါင်းတုံမိတ်ဆွေစစ်
– ဆုံးမဆိုလွယ်
– အတတ်ကြွယ်
– နာဖွယ်တရားစစ်
– ကြိုးစားဝီရိ
– သန္တုဋ္ဌိ
– မှတ်ဘိသတိစစ်
– ဝိပဿနာ
– ဤဆယ်ဖြာ သေချာကိုးကွယ်ရစ်။
