အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့(မေ ၃၀ ရက်) နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ် စတင်ထွက်ခွာပြီ ဖြစ်သည်။
ယနေ့(မေ ၃၀ ရက်)တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားခြင်း ဖြစ်သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတနှင့်တွေ့ဆုံခြင်း၊ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲများကျင်းပခြင်းတို့အပြင် အိန္ဒိယအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံ သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အထင်ကရ အခြေခံအဆောက်အဦ စီမံကိန်းများကိုလည်း လေ့လာသွားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြကြောင်း သိရသည်။
