ထိုင်းထက် အဆ ၃၀ ပိုပြင်းတဲ့ မြန်မာ့ငလျင်

ရစ်ချတာစကေးဟာ linear မဟုတ် logarithmic scale ဆိုတာ သိပ်မသိကြတော့ ဘန်ကောက်မှာ လှုပ်တဲ့ ၆.၄ နဲ့ မန္တလေး/ စစ်ကိုင်း/ နေပြည်တော်က ၇.၇ ဟာသိပ်မကွာလှဘူးလို့ မိတ်ဆွေတစ်ယောက်က ပြောသတဲ့…

ရစ်ချတာဟာ ကိန်းဂဏန်းအများကြီး မပြချင်လို့ log စကေးကို သုံးထားကြောင်း ရှင်းပြဖြစ်။ နားလည်လွယ်အောင် ဥပမာလဲ ချရေးပြဖြစ်တယ်။
ရစ်ချတာ ၁ = ၁၀
ရစ်ချတာ ၂ = ၁၀၀
ရစ်ချတာ ၃ = ၁၀၀၀
ရစ်ချတာ ၄ = ၁၀၀၀၀
ရစ်ချတာ ၅ = ၁၀၀၀၀၀
ရစ်ချတာ ၆ = ၁၀၀၀၀၀၀
ရစ်ချတာ ၇ = ၁၀၀၀၀၀၀၀

ရစ်ချတာ ၈ = ၁၀၀၀၀၀၀၀၀

ရစ်ချတာ ၆ ဟာ ၁ သန်းအား ရှိရင် ရစ်ချတာ ၇ ဟာ (၁၀)သန်း အားပြင်းတယ်။ ရစ်ချတာ ၈ ဟာ သန်း (၁၀၀) အားပြင်းပါတယ်။

၆.၄ နဲ့ ၇.၇ ဟာ ၁.၃ ကွာတဲ့အတွက် ၇.၇ ဟာ ၆.၄ ထက် အဆ ၃၀ လောက်ပိုပြင်းရဲ့။ လှုပ်ခါအား ပေါ့လေ။ ဘူမိပညာရှင်တစ်ဦးက တွက်ထုတ်ထားတဲ့ စွမ်းအင်ပမာဏအရ ၇.၇ မြန်မာ့ငလျင်က ထုတ်လုပ်တဲ့စွမ်းအင် (အဖျက်စွမ်းအား) ဟာ ဟီရိုရှီးမားကို ကြဲခဲ့တဲ့ Atomic bomb ထက် အဆ ၃၀၀ ကျော်ပိုများတယ်လို့ ဆိုတယ်။ Atomic bomb က radiation ပါတယ်။ ငလျင်ကတော့ mechanical energy သက်သက်ပေါ့။

၂၀၂၅ မြန်မာ့ငလျင်ဟာ ရာစုနှစ်တစ်ခုအတွင်း “အာရှမှာအပြင်းထန်ဆုံးငလျင်” အဖြစ် မှတ်တမ်းဝင်သွားပြီလို့ သတင်းတစ်ပုဒ်မယ် တွေ့ရတယ်။

ဒီ ၇.၇ ငလျင်ကို ခံနိုင်တဲ့ မြို့ပြဆိုတာ ကမ္ဘာမှာ မရှိသေးပါဘူး။ ဘန်ကောက်မှာ ဆိုလဲ ပြားပြားဝပ်သွားမှာပဲ။ နယူးယောက်ဖြစ်ဖြစ်၊ ရန်ကုန်ဖြစ်ဖြစ် ပြားပြားဝပ်တွေဖြစ်ကုန်ကြမှာပါပဲ။ အခု ငလျင်လှုပ်ထားတဲ့ သတင်းတွေကနေ လေ့လာမိသမျှ တွေ့ရှိချက်အချို့ကို သက်ဆိုင်တဲ့သူရှိရင် အသုံးဝင်လိုဝင်ငြား တင်ပြလိုပါတယ်။

(၁) မန္တလေးအပျက်အစီးတွေကိုကြည့်ရင် S Wave (Secondary Wave/Sine Wave) ပုံစံ တွေ့ရတယ်။ တိုက်တွေ တစ်တန်းကြီး ပျက်စီးတာ နည်းတယ်။ တစ်တိုက်ပျက်၊ တစ်တိုက်ကောင်း၊ နောက်တစ်တိုက်ပျက်…. စသဖြင့်။ ဂရပ်ပေါ်မှာဆို ဒါ Sine Wave ပုံစံ စစ်စစ်ပါပဲ။
(၂) ငလျင်ဟာ သူ့လားရာနဲ့ ထောင့်မှန်ကျတဲ့ direction မှာ မြေသားကိုရွေ့စေတယ်လို့ မှတ်သားဖူးတော့ အခုအပျက် အစီးတွေက ငလျင်လားရာကို ပုံဖော်နိုင်ဖွယ်ရှိမယ်။
(၃) ရန်ကုန်-နေပြည်တော် အမြန်လမ်းမှာ ၁၁၅ မိုင်အထက်မယ် အပျက်အစီးများတယ်။ ၁၁၅ မိုင်နဲ့ ၀ မိုင် အကြား အပျက်အစီးနည်းရဲ့။ ၁၁၅ မိုင်နဲ့ နေပြည်တော်အကြားက အမြန်လမ်းဟာ အကြမ်းဖျင်း NNW-SSE ကို သွားတယ်။ ၁၁၅ မိုင် – ဖြူးရဲ့ အောက်ဖက်မှာ N-S direction သာ များရဲ့။ သဘောက N-S direction က အဆောက်အအုံတွေ သက်သာပြီး၊ NNW-SSE လားရာက လမ်းတံတားတွေ အပျက်အစီးများတာ ဘာကြောင့်လဲဆန်းစစ်သင့်။ ငလျင်လားရာဟာ NNE-SSW များလားပေါ့လေ။

(၄) ဂဏန်းလက်မပုံစံ ဖွဲ့ထားတဲ့ နေပြည်တော်ရုံးတွေမှာ အားသာချက်များရှိလေမလားပဲ။ ဒီလောက်ပြင်းအားကြီးနဲ့ ရိုက်တာပင်လျှင် တစ်ရုံးလုံး ပြိုကျတာမျိုး နည်းပြီး ရုံးအစိတ်အပိုင်း(လက်တံတချို့)သာ ပြိုကျပျက်စီးတာတွေ့ရ။ ဝန်ထမ်းအိမ်ရာတွေလို တစ်တိုက်လုံးပျက်တာ နည်းပုံရတယ်ပေါ့။ ငလျင်လှိုင်းက လားရာတစ်ခုထဲဆိုတော့ သူနဲ့ တည့်တည့်မဟုတ်ရင် သက်သာဖွယ်ရှိမယ်။

စစ်ကိုင်းပြတ်ရွေ့အပေါ်ရှိနေတဲ့ urban settlement ကြီးကတော့ ရွှေ့မရဘူးပေါ့။ သို့သော် နောင် နှစ် ၅၀-၆၀ – အခုလို ထပ်လှုပ်ရင် အခုလောက်ပျက်စီးဆုံးရှုံးမှု မကြီးမားရအောင် Research ကျကျနန လုပ်သင့်ရဲ့။ ပြန်လည်တည်ဆောက်ဖို့က ၄-၅ လ အသာလေးလိုဦးမှာ။ ပြန်မဆောက်ခင် ဒီကြားထဲ လေ့လာနိုင်ကြမယ်။

အခု တွေ့ရှိမှုတွေက စာလေး နည်းနည်းပါးပါးဖတ်ဖူးလေ့လာဖူးတဲ့ လူပြိန်းတစ်ယောက် အသိပါ။ ငလျင်လှိုင်းလားရာကို ဖော်ထုတ်နိုင်ရင် အိမ်တွေရဲ့ design factor မှာ အလှည့်၊ အချိုး၊ အကွေ့ စတာတွေလဲ စဉ်းစားလို့ရနိုင်မလားပေါ့လေ။

Leave a Reply

Your email address will not be published. Required fields are marked *