အမေရိကန်နိုင်ငံ၏ B-52 ဗုံးကြဲလေယာဉ် ပျက်ကျမှုဖြစ်ပွား လူရှစ်ဦးသေဆုံး

လူရှစ်ဦးကိုတင်ဆောင်လာသော အမေရိကန်လေတပ်မှ B-52 Stratofortress ဗုံးကြဲလေယာဉ်သည် ဇွန်လ ၁၅ ရက်တွင်ပျက်ကျမှုဖြစ်ပွားရာ လိုက်ပါလာသူရှစ်ဦးစလုံးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူမရှိကြောင်း တာဝန်ရှိသူများကပြောသည်။

အဆိုပါဗုံးကြဲလေယာဉ်သည် ကယ်လီဖိုးနီးယားပြည်နယ် မိုဂျေ့ကန္တရရှိ အတ်ဝါ့လေတပ်စခန်းမှ ပျံသန်းထွက်ခွာပြီးမကြာမီမှာပင် ပျက်ကျသွားခြင်းဖြစ်ကြောင်း လေတပ်စခန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုဗုံးကြဲလေယာဉ်သည် ပုံမှန်လုပ်နေကျစမ်းသပ်မှု လုပ်ငန်းလုပ်ဆောင်ရန် ထွက်ခွာသွားခြင်းဖြစ်ကြောင်း၊ လေယာဉ်ပျက်ကျမှု ဖြစ်ပွားရာနေရာသို့ တာဝန်ရှိသူများ  အပြေးအလွှားသွားရောက်ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်သော်လည်း လေယာဉ်ပေါ်တွင်အသက်ရှင်ကျန်ရစ်သူမရှိကြောင်းနှင့် လေယာဉ်ပျက်ကျမှု   ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ  စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း လေတပ်စခန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် လေယာဉ်ကွင်းကိုပိတ်ထားလိုက်ပြီး ဆင်းသက်မည့်လေယာဉ်များကို လမ်းကြောင်းလွှဲ ပေးလိုက်ရကြောင်းနှင့် လက်ရှိအချိန်တွင် လေတပ်စခန်းသို့ဝင်ထွက်မှုများ   ဆိုင်းငံ့ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *