ဟင်းသီးဟင်းရွက်တွေဟာ နေ့စဉ်စားသုံးသင့်တဲ့ အစားအစာတွေထဲမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နဲ့ အခြားအပင်ထွက်အာဟာရဓာတ်တွေ ရရှိနိုင်တာ ကြောင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးကို ပုံမှန်စားသုံးပေးခြင်းက ကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် ဟင်းသီးဟင်းရွက်တွေကို စားသုံးတဲ့အခါ ဘယ်လိုချက်ပြုတ်သလဲ ဆိုတာကလည်း အရေး ကြီးပါတယ်။ ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ အာဟာရဓာတ်အချို့ဟာ ရေမှာပျော်ဝင်နိုင်တာ၊ အပူဒဏ်ကို အလွယ်တကူခံရနိုင်တာကြောင့် ရေအများကြီးအသုံးပြုခြင်း၊ အချိန်ကြာကြာချက်ပြုတ်ခြင်း တို့ကြောင့် အာဟာရဓာတ်အချို့ လျော့နည်းနိုင်ပါတယ်။
ဟင်းသီးဟင်းရွက်တွေရဲ့ အာဟာရဓာတ်မဆုံးရှုံးအောင် မီးဖိုချောင်မှာ လက်တွေ့လိုက်နာနိုင်တဲ့ အချက်တွေကို ဖော်ပြပေးထားပါတယ်။
၁။ ဟင်းသီးဟင်းရွက်တွေကို မလှီးဖြတ်ခင် ရေနဲ့ သေချာဆေးကြောပါ။ လှီးဖြတ်ပြီးမှ ရေထဲမှာ အချိန်ကြာအောင် မစိမ်ထားပါနဲ့။ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်အချို့ဟာ ရေထဲကို ရောက်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။
၂။ ချက်ပြုတ်ရလွယ်ကူစေဖို့ ဟင်းသီးဟင်းရွက်တွေကို လှီးဖြတ်ရပေမယ့် အရမ်းသေးငယ်အောင် လှီးဖြတ်ဖို့ မလိုအပ်ပါဘူး။ ဟင်းသီးဟင်းရွက်ကို အလွန်သေးငယ်အောင် လှီးလိုက်တဲ့အခါ ရေနဲ့ထိတွေ့နိုင်တဲ့ မျက်နှာပြင်ဧရိယာ ပိုများလာနိုင်ပါတယ်။ အာဟာရတွေပိုဆုံးရှုံးနိုင်ပါတယ်။
၃။ ရေအများကြီးနဲ့ အချိန်ကြာကြာ မပြုတ်ပါနဲ့။ ဟင်းသီးဟင်းရွက်တွေကို ရေအများကြီးနဲ့ အချိန်ကြာကြာပြုတ်တဲ့အခါ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် အချို့ဟာ ပြုတ်ရည်ထဲကို ရောက်သွားနိုင်ပါတယ်။ အထူးသဖြင့် ဗီတာမင် စီ ဟာ ရေမှာပျော်ဝင်နိုင်ပြီး အပူဒဏ်ကိုလည်း ခံနိုင်ရည်နည်းတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်ကို ပြုတ်စားမယ်ဆိုရင် အချိန်အကြာကြီး မပြုတ်ပါနဲ့။ နူးရုံလောက် ရှိတဲ့အချိန်မှာ ချက်ပြုတ်မှုကို ရပ်ပါ။ (ဟင်းချို၊ ဟင်းရည်လိုမျိုး ပြုတ်ရည်ကိုပါ စားသုံးတဲ့ဟင်းလျာဆိုရင်တော့ ပြုတ်ရည်ထဲကို ရောက်သွားတဲ့ အာဟာရဓာတ်အချို့ကိုပြန်လည်စားသုံးမိမှာဖြစ်ပါတယ်။)
၄။ ဟင်းသီးဟင်းရွက်ကို အရမ်းနူးအိပြီး အရောင်ပြောင်းသွားတဲ့အထိ ချက်ပြုတ်ဖို့ မလိုအပ်ပါဘူး။ ဟင်းသီးဟင်းရွက်အချို့ကို ဆီအနည်းငယ်နဲ့ အချိန်တိုအတွင်း အမြန်ကြော်ခြင်းကလည်း လက်တွေ့ အသုံးပြုနိုင်တဲ့ ချက်ပြုတ်နည်းတစ်ခု ဖြစ်ပါတယ်။
၅။ အရောင်စုံလင်အောင် စားသုံးပါ ဟင်းသီးဟင်းရွက်အမျိုးအစားစုံလင်အောင် စားသုံးပေးဖို့ကလည်း အရေးကြီးပါတယ်။ ဥပမာ— အစိမ်းရောင် — ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ မုန်ညင်းရွက် အဝါရောင်/လိမ္မော်ရောင် — ဖရုံသီး၊ မုန်လာဥနီ အနီရောင် — ခရမ်းချဉ်သီး ခရမ်းရောင် — ခရမ်းသီး၊ ခရမ်းရောင်ဂေါ်ဖီထုပ် စတဲ့ အရောင်စုံလင်တဲ့ ဟင်းသီးဟင်းရွက်တွေကို အလှည့်ကျ စားသုံးနိုင်ပါတယ်။
အထက်ပါ အချက်တွေကို သိထားမယ်ဆိုရင် အာဟာရကောင်းမွန်တဲ့ အစားအစာတစ်နပ်ရဖို့အတွက် ဟင်းသီးဟင်းရွက်ကို ရွေးချယ်တဲ့အချိန်ကနေ စားသုံးတဲ့အချိန်အထိ နည်းမှန်လမ်းမှန်နဲ့ ကိုင်တွယ်ပြင်ဆင်နိုင်ဖို့ ဖော်ပြလိုက်ရပါတယ်။
အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်
