မြန်မာနိုင်ငံရှိ အရသာကောင်းသော ရေငန်ငါးများတွင် ငါးမုတ်ဖြူနှင့် ငါးမုတ်မဲလည်း ပါဝင်သည်။ ငါးမုတ်ဖြူသည် ငါးမုတ်မဲထက် အရသာပိုမိုကောင်းမွန်သောငါးဖြစ်၏။ ရခိုင်ဒေသတွင် ငါးယုဇနဟူ၍ လည်းကောင်း၊ တနင်္သာရီ တိုင်းတွင် ငါးမုတ်ဟူ၍လည်းကောင်း ခေါ် ဆိုကြသည်။ ငါးမုတ်ဖြူကို အဂ်လိပ်အမည်အားဖြင့် “White Pomfret” ခေါ် “Silver Pomfret” ဟုခေါ်ဆိုကြပါသည်။ ငါးမုတ်ကို ရခိုင်ကမ်းခြေနှင့် တနင်္သာရီကမ်းခြေတို့၌ အများအပြားဖမ်းဆီးရမိသည်။ ငါးမုတ်သည် Indo West Pacific ဒေသ ပါရှန်းပင်လယ်ကွေ့မှ အင်ဒိုနီးရှားထိ၊ ဂျပန်နိုင်ငံ Hokkaido ဒေသထိ ပြန့်နှံရောက်ရှိသည်။ ငါးမုတ်များကို ရေချိုရေငန်စပ်ရှိရာ ကမ်းနီးဒေသ ရွှံ့နွံပေါသည့် Esturaries မျိုးတွင်အုပ်စုလိုက် တွေရလေ့ရှိသည်။ သားပေါက်ရာသီမှာ ဧပြီလမှ စက်တင်ဘာလအထိဖြစ်ပြီး မေ၊ ဇွန်၊ ဇူလိုင်လများသည် Peak Season သားပေါက်အကောင်းဆုံး လများဖြစ်သည်။ အမတစ်ကောင်လျှင် ပျမ်းမျှ ဥ အလုံးရေ ၅၀၀၀၀ မှ ၁၀၀၀၀၀ ခန့်ထိ ဥချလေ့ရှိသည်။
ငါးမုတ်တွင် အဟာရဓာတ်နှင့် သတ္ထုဓာတ်များစွာပါဝင်သည့်အပြင် Omega 3 နှင့် Vitamin D များစွာပါဝင်သောကြောင့် နှလုံးရောဂါနှင့် Thyroid gland ရောဂါ ဖြစ်ပွားနိုင်ချေကို လျှော့ချပေး၍ ကျန်းမာရေးအတွက် အထူးပင်ကောင်းမွန်သော ငါး ဖြစ်သည်။ အိုမီဂါ-၃ သည် နှလုံး ၊ ဦးနှောက်နှင့် ကြွက်သားများကို ကျန်းမာစေသည်။ ထို့အပြင် ငါးမုတ်များတွင် ဖက်တီး အက်ဆစ်(fatty acid) လည်းပါဝင်သည်။ပင်လယ်ငါးဖြစ်သော ငါးမုတ်မှ ရရှိသော eicosapentaenoic acid ( EPA ) ၊ docosahexaenoic acid ( DHA ) နှင့် အပင်များမှ ရရှိသော alpha-linolenic acid ( ALA ) ဓာတ်များသည် လူသားများအတွက် အလွန်အရေးပါသော ဓာတ်များဖြစ်ကြ၏။ ၎င်း fatty acid တို့သည် လူ့ကိုယ်ခန္ဓာရှိဆဲလ်များ၏ ပတ်ပတ်လည်တွင် ရှိသော အမြှေးပါးကို ဖြစ်တည်စေသည်။ ထိုအမြှေးပါးများက ဆဲလ်များထဲသို့ မည်သည့်အရာမဆို ဝင်ရောက်ခြင်း၊ ထွက်သွားခြင်း ၊ ဆဲလ်တစ်ခုနှင့် တစ်ခု ဆက်သွယ်ခြင်းတို့ကို ထိန်းချုပ်ပေးပါသည်။ အိုမီဂါ-၃ ကြွယ်ဝနေသော ဆဲလ်များသည် အရည်ဓာတ်ပိုများပြီး မှန်ကန်စွာအလုပ်လုပ်နိုင်စွမ်းပိုရှိသည်။ ထို့အပြင် အိုမီဂါ-၃ fatty acid သည် eicosanoid ဟုခေါ်သည့် ဟိုမုန်းများ ထုတ်လုပ်ခြင်းကိုသင့်လျော်အောင် ထိန်းညှိပေးပါသည်။ အိုမီဂါ-၃ သည် ရောင်ကိုင်းခြင်း၊ သွေးကြောပိတ်ဆို့ခြင်းတို့ကို လျော့ကျစေပါသည်။ သိပ္ပံပညာရှင်များက အိုမီဂါ-၃ သည် နှလုံးရောဂါအတွက် များစွာ အရေးပါလိုအပ်ကြောင်း လေ့လာသိရှိခဲ့ကြပါသည်။ အိုမီဂါ-၃ သည် သွေးကြောများထဲတွင် သွေးကြောပိတ်ဆို့မှုကို လျော့နည်းစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေပါသည်။ အကယ်၍ heart attack ဖြစ်ခဲ့လျင်တောင်မှ သေစေနိုင်ခြင်းကို နည်းပါးစေပါသည်။ အိုမီဂါ-၃ သည် နှလုံးသွေးကြောများထဲတွင် သွေးကြောပိတ်ဆို့ မှုကို ဖြစ်စေသည့် အဆီဖြစ်စေခြင်းကို လျော့ကျစေပြီး မူမမှန်သော နှလုံးခုန်နှုန်းကို လျော့ကျစေပါသည်။ ထို့အပြင် မြင့်နေသော သွေးပေါင်ချိန်ကိုလည်း လျော့ကျစေပါသည်။ ထို့အပြင် အိုမီဂါ-၃ သညိ အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲခြင်းရောဂါများကို သက်သာစေပါသည်။ နို့စို့ကလေးငယ်များအတွက် DHA ဓာတ် အရင်းအမြစ်ဖြစ်သည့် မိခင်နို့ရည်မှ လွဲ၍ ဦးနှောက်ကို ဖွံ့ဖြိုးစေသည့် ဓာတ်မှာ အိုမီဂါ-၃ ပဲဖြစ်ပါသည်။ အိုမီဂါ-၃ သည် စိတ်ကျခြင်း depression မျိုးနှင့် disorder များကို လျော့နည်း သက်သာစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါသော ဓာတ်မျိုးဖြစ်ပါသည်။ ကြွက်သားများ နွမ်းနယ် ညောင်းညာခြင်းကို သက်သာလျော့ပါးစေသည်ကိုလည်း လေ့လာတွေ့ရှိခဲ့ကြပါသည်။ အစားအစာထဲတွင် အိုမီဂါ-၃ ဓာတ်ကြွယ်ဝနေခြင်းသည် အင်္ဂါအစားထိုးကုသခံရသည့် လူနာများအတွက် အထောက်အကူပြုစေပြီး ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ ၊ ဆီးကျိတ်ကင်ဆာ ရောဂါများ ဖြစ်ပွားမှုကို နည်းပါးစေပါသည်။ ယောက်ျားတစ်ဦးလျှင် EPA နှင့် DHA တစ်နေ့လျှင် ၆၁၀ မီလီဂရမ် စားသုံးသင့်ပြီး အမျိုးသမီး တစ်ဉ်ီးလျှင် ၄၃၀ မီလီဂရမ် စားသုံးသင့်သည်ဟု ဆိုပါသည်။ ထိုပမာဏ များသည် fatty acid ကြွယ်ဝနေသောငါးများဖြစ်သည့် salmon ၊ herring ၊ mackerel ၊ sardine (ငါးသေတ္တာငါး) နှင့် anchovies ငါးများကို တစ်ပတ်လျှင် ၂ ကြိမ် စားသုံးခြင်းဖြင့် ရရှိသောပမာဏနှင့် ညီပါသည်။
သတိပြုရန် အနေဖြင့် –
ဆီးချို၊ သွေးချို ရောဂါဝေဒနာသည်များနှင့် သွေးထွက်လွန်သော ဝေဒနာရှင်များမှာ အိုမီဂါ-၃ စားသုံးမှုကို ဆရာဝန်နှင့် တိုင်ပင်သင့်သည်ဟုဆိုပါသည်။ အိုမီဂါ-၃ ဓာတ်သည် သွေးထဲမှ သကြားဓာတ်ကို တိုးစေပြီး သွေးကြောပိတ်ဆို့ခြင်းကို လျော့နည်းစေပါသည်။ ပင်လယ်ငါးနှင့် ဓာတ်မတည့်တဲ့သူများမှာ ပင်လယ်ငါးမှ ရရှိသော အိုမီဂါ-၃ ကို ရှောင်ကျဉ်သင့်သည်ဟု ဆိုပါသည်။
အချုပ်ဆိုရသော် ငါးမုတ်ငါးများသည် အရသာကောင်းမွန်ရုံသာမက အာဟာရဓာတ်လည်း စုံလင်စွာပါရှိသဖြင့် စားပေးသင့်သော ပင်လယ်ငါးတစ်မျိုးဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်။
