ကလေးတွေ ကျောင်းသွားတဲ့အခါ ထမင်းဘူးထည့်ပေးဖို့အတွက် အရာရာကိုဂရုစိုက်တတ်တဲ့ မေမေတစ်ယောက် ဘယ်လိုစဥ်းစားပြီး အကောင်းဆုံး စီစဥ်ဆောင်ရွက်တယ်ဆိုတာလေး ပြောပြချင်လို့ပါ အိမ်ရှင်မတို့ရေ။
အုပ်စု ၄ စု ပါအောင် ထည့်ရပါမယ်နော်။
ပထမအုပ်စုက အားအင်ကိုဖြစ်စေသော အစာအုပ်စုတဲ့။ ကစီဓာတ််ကြွယ်ဝတာကို ပြောတာ။ ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့် စတာမျိုး တစ်ခုခုပေါ့။
ဒုတိယအုပ်စုကတော့ ရောဂါကိုကာကွယ်သော အစာအုပ်စုတဲ့။ ဗီတာမင်နဲ့ သတ္တုဓာတ် စုံလင်ကြွယ်ဝသော အသီးအရွက်မျိုးစုံပေါ့ (ဝါစိမ်းနီ အရောင်စုံနိုင်ရင် ပိုကောင်း)။ ကလေးတွေဆိုတော့ အသီးအရွက်ကို ခါးတယ်ဆိုပြီး သိပ်မကြိုက်ကြမှာစိုးလို့ ချိုတဲ့မုန်လာဥနီတို့၊ ကန်စွန်းဥတို့၊ ပြောင်းဖူးတို့နဲ့ အစိမ်းရောင်နည်းနည်း ဖန်သက်သက်အရွက်လေးတွေဆို နုပ်နုပ်စဉ်းပေးလို့ရပါတယ်။
တတိယအုပ်စုက (ပရိုတိန်း) အသားဓာတ်တွေတဲ့။ ကလေးတွေအတွက်ဆို ခန္ဓာကိုယ်ကြီးထွားစေသော အစာအုပ်စုပေါ့။ အသားဓာတ်ထဲမှာမှ ကြက်၊ ဝက်၊ ငါး၊ ပုဇွန်၊ ကြက်ဥ စတဲ့ အသားငါးတွေကရတဲ့ အသားဓာတ် နဲ့ ပဲအမျိုးမျိုးနဲ့ အစေ့အဆန်ကရတဲ့ အသားဓာတ်ကို မျှအော င်ထည့်ပေးရမယ်နော်။ ပဲနီ၊ ပဲဝါ၊ ကုလားပဲ၊ မြေပဲ ဒါမျိုးတွေလည်း နေ့စဥ်အစားအသောက်ထဲမှာ ပါဝင်ရမယ်တဲ့။ ပဲမချက်ဖြစ်ရင် အသင့်ကြော်ထားတဲ့ မြေပဲဆန်လေးတွေ ထည့်ပေးဖြစ်တယ်။ ဒါမှမဟုတ်လည်း တိုဖူးကြော်လေးပေါ့။
စတုတ္ထအုပ်စုကတော့ ကလေးတို့အကြိုက် သစ်သီးဝလံများပေါ့။ သစ်သီးဝလံ အသီးတွေကတော့ စားခါနီးအခွံနွှာစားမှ ပိုးမွှားမကပ်တာ။ အခွံနွှာအပြီး အချိန်ကြာသွားရင် ဝမ်းပျက်၊ ပိုးတွေပေါက်လွယ်၊ ကပ်ငြိစေတာမို့ ကျောင်းကိုထည့်ပေးရင် သူတို့ဘာသူတို့ အခွံနွာနိုင်မယ့် ငှက်ပျောသီးတို့ လိမ္မော်သီးတို့ ထည့်ပေးသင့်ပါတယ်။ အခြားသီးနှံတွေဆိုရင်လည်း သေချာလှီးဖြတ်ပြီး စနစ်တကျ ဘူးထဲကို ထည့်ပေးသင့်ပါတယ်။
အဓိက ကတော့ ကလေးတွေကို လေဖောင်းမုန့်စားတဲ့ အကြိမ်ရေ၊ အကျင့်နဲ့ ကျွဲရိုင်းလိုအချိုရည်တွေပဲ။ စွဲလည်းစွဲစေသလို အငန်မုန့်စားပြီးရင် အမေချက်တဲ့ဟင်းတွေကျ ပေါ့ရွတ်ပြီး စားမကောင်းဖြစ်စေရော။ ဒါကြောင့် ဒါမျိုးတွေကိုတော့ အကြိမ်ရေနည်းနည်းနဲ့ ဘယ်လောက်ပဲစားရမယ်ဆိုပြီး သေချာကန့်သတ်ရပါမယ်။
နောက်ပြီး ကလေးသဘာဝ မုန့်ကြိုက်တော့ အရုပ်ပုံမုန့်လေးတွေ၊ ချောကလက်တွေ၊ ဂျယ်လီတွေ တောင်းဆိုလာရင်တော့ နေ့တိုင်းမဟုတ်စေဘဲ ကလေးသဘာဝနဲ့လည်းလိုက်အောင် ထိန်းပြီးစားသင့်တယ်ဆိုတဲ့ သတိလေးလည်းရှိအောင် ပြောပြသင်ပေးရင်း ခွင့်ပြုပေးရပါမယ်။
