ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

၂၀၂၆ ခုနှစ်  ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနားကို  စက်တင်ဘာလ ၂၇ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-1)၌ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ  ဒေါ်နန်းနီနီအေး  တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  လွှတ်တော်ရေးရာကော်မတီများမှဥက္ကဋ္ဌများ၊  ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့်  ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များမှဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ကောလိပ်များမှပါမောက္ခချုပ်များ၊ ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုပညာဌာနမှူးများနှင့်ကျောင်း သား၊ ကျောင်းသူများ၊  ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆုရရှိကြသူများနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက“ကမ္ဘာမြေကိုပုံဖော်မည့် နည်းပညာ” သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

ထို့နောက် ဒုတိယသမ္မတကအမှာစကားပြောကြားရာတွင် ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၏ဆောင်ပုဒ်မှာ “ခရီးသွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာသုံးကြစို့” (Digital Agenda and Artificial Intelligence to Redesign Tourism) ဖြစ်ကြောင်း၊ ယင်းဆောင်ပုဒ်သည်  ခေတ်သစ်ကမ္ဘာကြီး၏ လျင်မြန်စွာပြောင်းလဲနေသည့် နည်းပညာရေစီးကြောင်းနှင့်အညီ   ခရီးသွားလုပ်ငန်းကိုအမြော်အမြင်ရှိရှိနှင့်တိုးမြှင့်ဆောင် ရွက်နိုင်ရန် အလွန်သင့်လျော်ပြီး အချိန်ကိုက်ဖြစ်သည့် လမ်းညွှန်ချက်တစ်ခုဖြစ်ကြောင်း။

ဉာဏ်ရည်တုနှင့် ဒီဂျစ်တယ်နည်းပညာများကို အသုံးပြုခြင်းသည် ခရီးသွားဧည့်သည်များအတွက် ပိုမိုကောင်းမွန်သည့်   ခရီးသွားအတွေ့အကြုံများကို ဖန်တီးပေးနိုင်သကဲ့သို့ ခရီးသွားလုပ်ငန်းဆောင်ရွက်နေကြသည့်လုပ်ငန်းရှင်များအတွက်လည်း လုပ်ငန်းစီမံခန့်ခွဲမှု၊ ဈေးကွက်ရှာဖွေမှုနှင့်ဆုံးဖြတ်ချက် ချမှတ်မှုများကို ပိုမိုထိရောက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း နည်းပညာကိုအသုံးချရာတွင်  နည်းပညာ၏အကျိုးကျေးဇူးများကို အာရုံစိုက်ရမည်ဖြစ်သကဲ့သို့  လုံခြုံရေး၊ ကိုယ်ရေးအချက်အလက် ကာကွယ်ရေး၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုနှင့်လူသားဗဟိုပြုမှုအစရှိသည့် အချက်များကိုလည်း  အလေးထားသတိပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံကို နိုင်ငံတကာကခရီးသွားဧည့်သည်များလာရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရန် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာကိစ္စရပ်များတွင် ဖြေလျှော့မှုများပြုလုပ်ပေးလျက်ရှိကြောင်း၊ ထို့ပြင်နိုင်ငံတကာတွင် ကျင်းပပြုလုပ်သည့် ခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြုခရီးသွားပြခန်းများ ပါဝင်ပြသခြင်း၊ ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များဆောင်ရွက်ခြင်းများအပြင်    ဒီဂျစ်တယ်နည်းပညာသုံး  ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများကိုလည်း  စဉ်ဆက်မပြတ်တိုးမြှင့်ဆောင်ရွက်သွားကြမည်ဆိုပါက ခရီးသွားလုပ်ငန်းပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း။

နည်းပညာအသစ်များကို အသုံးပြုသည့်အခါ ဒေသခံပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်းများထိခိုက်မသွားဘဲ ပိုမိုကောင်းမွန်လာရန်၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်ကြသည့် ဒေသထွက်လက်မှုပညာလုပ်ငန်းရှင်များ၊ တည်းခိုခန်းလုပ်ငန်းရှင်များနှင့်စား သောက်ဆိုင်လုပ်ငန်းရှင်များပါ ဒီဂျစ်တယ်စနစ်၏အကျိုးကျေးဇူးကို  ခံစားရရှိရန်အရေးကြီးကြောင်း၊ လက်မှုလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များက  ထုတ်လုပ်ရောင်းချသည့် ထုတ်ကုန်ပစ္စည်းများကို ဒီဂျစ်တယ်ပလက်ဖောင်းများမှတစ်ဆင့် ကမ္ဘာ့စျေးကွက်တွင်  ရောင်းချနိုင်အောင် ချိတ်ဆက်ပေးရမည်ဖြစ်ကြောင်း၊ ယနေ့ကျရောက်သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ရည်မှန်းချက်နှင့်အညီ ချမှတ်ထားသည့် ဆောင်ပုဒ်အတိုင်း  ခေတ်မီနည်းပညာဆန်းသစ်မှုများကို  တီထွင်ဖန်တီးအသုံးချပြီး နိုင်ငံတော်၏ ခရီးသွားကဏ္ဍကို အဆင့်အတန်းသစ်တစ်ခုထိ တက်လှမ်းနိုင်အောင်အတူတကွ  လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတထံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်လက်ဆောင်ကို နေရာအရောက် ဂါရဝပြုပေးအပ်သည်။

ဆက်လက်၍  ဒုတိယသမ္မတနှင့် တက်ရောက်လာကြသူများသည် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် Ms. Shaikha AI Nuwais ၏ သတင်းစကားရုပ်သံဗီဒီယိုနှင့်မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော ခရီးသွားလုပ်ငန်းအမျိုးအစား Video ကိုလည်းကောင်း၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ “ခရီးသွားခြင်းနှင့်ကမ္ဘာ” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။

ထို့နောက်   ဒုတိယသမ္မတက ဝန်ဆောင်မှုစွမ်းဆောင်ရည်အကောင်းဆုံးဆုရရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ်များ၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဟိုတယ်များ၊  ခရီးလှည့်လည်ရေးလုပ်ငန်းကုမ္ပဏီများနှင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိကြသူများကို   ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ 

ယင်းနောက် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် Short Video ပြိုင်ပွဲ၊ စာတမ်းဖတ်ပြိုင်ပွဲနှင့်ဆောင်းပါးပြိုင်ပွဲတွင်   ဆုရရှိကြသူများကိုလည်းကောင်း၊   ပို့ဆောင်ရေးဝန်ကြီးဌာန၊   ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့်နှင့် အခြေခံပညာအဆင့်စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများကိုလည်းကောင်း   ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး  ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပြခန်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME  ထုတ်ကုန်ပြခန်းများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ပြခန်း၊  ဆုရရှိခဲ့ကြသည့် ဓာတ်ပုံ၊ ဆောင်းပါး၊ စာတမ်း၊ စာစီစာကုံး၊ ကုမ္ပဏီများနှင့်ဟိုတယ်များမှ  ပြခန်းတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၉၈၀ ပြည့်နှစ်မှ စတင်ပြီး နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ  ယခုနှစ်သည်(၄၆)နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *