ရုရှားနိုင်ငံ၌ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ ကွန်ဖရင့်သို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အဖွဲ့ တက်ရောက်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် လွှတ်တော်အမတ်များ ရွေးကောက်ပွဲသို့ ပြည်ပရွေးကောက်ပွဲစောင့်ကြည့်သူ ကိုယ်စားလှယ်အဖြစ်ရောက်ရှိနေသော ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ ဗဟိုရွေးကောက်ပွဲကော်မရှင်ရုံး၌ စက်တင်ဘာလ ၁၉ ရက် မွန်းတည့် ၁၂  နာရီမှ ညနေ ၃ နာရီအထိကျင်းပသည့် “လှိုင်းကြီးလေထန် ကာလများအတွင်းမှ ရွေးကောက်ပွဲများ” (Elections in Times of Turbulence) အမည်ဖြင့် ကျင်းပသော  နိုင်ငံတကာကွန်ဖရင့်သို့ တက်ရောက်ကြသည်။ 

ကွန်ဖရင့်တွင် ရုရှားရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ Mrs. Ella Pamfilova က ဒူးမားလွှတ်တော်အမတ်များ ရွေးချယ်မည့် ရွေးကောက်ပွဲအစီအစဉ်များနှင့် ပြင်ဆင်ဆောင်ရွက်ခဲ့မှုများကို နိုင်ငံတကာမှစောင့်ကြည့်ရေး အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များအား ရှင်းလင်းပြောကြားသည်။ 

ယခုရွေးကောက်ပွဲသို့ နိုင်ငံပေါင်း ၁၃၃ နိုင်ငံမှ ကိုယ်စားလှယ်ဦးရေ ၁၁၂၆ ဦး တက်ရောက်ကြပြီး ရှစ်နိုင်ငံမှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌများအပါအဝင် ကိုယ်စားလှယ်များက မိမိတို့နိုင်ငံအလိုက် ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ခဲ့မှုများနှင့် အတွေ့အကြုံများကို မျှဝေဆွေးနွေးကြသည်။

ညနေပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက Zaryadye Moscow Concert Hall ခန်းမ၌ ဧည့်ခံဖျော်ဖြေသည့် ရုရှားရိုးရာအကပဒေသာနှင့်တေးဂီတများအား ကြည့်ရှုအားပေးခဲ့ပြီး Zaryadye Bar ၌ ဧည့်ခံသည့်ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *