နေပြည်တော်၊ စက်တင်ဘာ – ၂
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများ၊ အခြေခံပညာ လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့်အတူ ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှု ဆောင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တပ်မတော်အခြေခံပညာအထက်တန်းကျောင်းများ နှင့် တပ်မတော်ပညာရေးကျောင်းများမှအုပ်ချုပ်မှုတာဝန်ခံအရာရှိများနှင့် ကျောင်းအုပ်ကြီးများ၊ ဆုရစစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ၊ ဆရာ၊ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် တပ်မတော်အနေဖြင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲများကို နှစ်စဉ် ကျင်းပပြုလုပ်ပေးနေခြင်းသည် လူငယ်မောင်မယ်များ၏ ကြိုးစားအားထုတ်ခဲ့မှုများ၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် စွမ်းအားများကို အသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုချီးမြှင့်ပေးခြင်း ပင်ဖြစ်ကြောင်း၊ ထို့အပြင် လူငယ်မောင်မယ်များ၏ရင်ထဲတွင် အောင်မြင်မှု၏ အသီးအပွင့်များကို ခံစားတတ်ပြီး ဘဝတစ်လျှောက်အောင်မြင်မှုကို ရင်းနှီးခုံမင်တတ်သည့် စိတ်အမြုတေတစ်ခုဖြစ်ပေါ်လာစေရန် ထုဆစ်ပုံဖော်ပေးခြင်းလည်းဖြစ်ကြောင်း။
ယနေ့အခမ်းအနားတွင် (၆)ဘာသာဂုဏ်ထူးရရှိသူ(၅၃)ဦး၊ (၅)ဘာသာဂုဏ်ထူး ရရှိသူ(၁၂၀)ဦး၊ လူရည်ချွန်ဆုရရှိသူ (၂၉)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ စစ်သည်(၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ စစ်သည်(၅)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရရှိသူ စစ်သည် (၈)ဦး တို့အပြင် အောင်ချက်အကောင်းဆုံးဖြစ်သည့် တပ်မတော်အခြေခံပညာအထက်တန်းကျောင်းများနှင့် တပ်မတော်ပညာရေးကျောင်းများကိုလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့် ပေးသွားမည်ဖြစ်ပြီး ကျန်ဆုရရှိသူများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း။
လူငယ်မောင်မယ်များအနေဖြင့် ယခုအခါ အခြေခံပညာအဆင့်ကို ထူးချွန်မှုများ နှင့်အတူ အောင်မြင်ခဲ့ပြီးဖြစ်၍ ရရှိသည့်အမှတ်စာရင်းများအလိုက် အဆင့်မြင့်တက္ကသိုလ် ပညာရပ်များကို ဆက်လက်သင်ကြားသွားကြရမည်ဖြစ်ကြောင်း၊ အဆင့်မြင့်တက္ကသိုလ် ပညာရပ်များကို သင်ကြားရန်အတွက် ရွေးချယ်ရာတွင် မိမိဝါသနာအပေါ်အခြေခံပြီး ရွေးချယ်နိုင်ကြမည်ဆိုပါက မိမိတို့ဘဝရပ်တည်ရေးနှင့် အောင်မြင်မှုများအတွက် အကောင်းဆုံးဖြစ်မည်ဖြစ်ပြီး နိုင်ငံတော်အတွက်လည်းများစွာ အထောက်အကူပြုနိုင် မည်ဖြစ်ကြောင်း။
ယနေ့ကမ္ဘာကြီးသည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ Mobile Phone သုံးစွဲမှု နှင့်အတူ လူမှုကွန်ရက်ပလက်ဖောင်းအသီးသီးတွင် သုံးစွဲမှုများသည်လည်း တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ သုံးစွဲမှုအရွယ်များကို လေ့လာကြည့်ပါက KG မတိုင်မီ အရွယ်အပါအဝင် အဆင့်မြင့်တက္ကသိုလ် ပညာသင်အရွယ်များအထိ ပါဝင်နေသည်ကိုတွေ့မြင်နေရကြောင်း၊ လူမှုကွန်ရက် ပလက်ဖောင်းမျိုးစုံကတစ်ဆင့် သတင်းတု၊ သတင်းမှား များဖတ်မိပြီး စိတ်အလိုလိုက်ကာ လွဲမှားသည့် အယူအဆအမှားများကတစ်ဆင့် လမ်းမှား၊ ဘဝပျက်ခဲ့ရသည့် လူငယ်များရှိနေသကဲ့သို့ လူငယ်များ၏ လောကနီတိဖွံ့ဖြိုးမှု၊ လူငယ်များ၏ စွမ်းရည်မြင့်မားရေးဆိုင်ရာ လေ့လာမှု အပိုင်းများတွင် စိတ်ပါဝင်စားမှုနှင့် လိုက်နာမှုများ တစ်စတစ်စလျော့ပါးလာသည့် အနာဂတ် အန္တရာယ်များကို တွေ့မြင်နေရကြောင်း။
ထို့ကြောင့် မိဘများအနေဖြင့် မိမိတို့၏သားသမီးများ ဆိုရှယ်မီဒီယာများ သုံးစွဲခြင်းကို စည်းကမ်းတကျ စီမံကြပ်မတ်ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ လူသားတို့၏ ဘဝအဖော်မွန်ကောင်းတစ်ခုသည် စာကောင်းပေမွန်များပင်ဖြစ်ကြောင်း၊ထို့ကြောင့် စာကောင်းပေမွန်များ ဖတ်ရှုခြင်းဖြင့် ဘဝ၏ စဉ်းစားတွေးခေါ်မှုများ၊ ဘဝ၏ ဆုံးဖြတ် ချက်များ၊ ဘဝရပ်တည်မှုများသည် မြင့်မားသည်ထက် မြင့်မားလာမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် တတ်မြောက်ထားသည့် အတန်းပညာများသာမက အသိပညာ၊ အတတ်ပညာများကိုပါ ပိုမိုရင့်သန်စေခြင်းဖြစ်၍ လက်ရှိငယ်ရွယ်စဉ်ကတည်းက စာပေများဖတ်ရှုခြင်း ဝါသနာကို မွေးမြူကြရန်လိုအပ်ကြောင်း။
တပ်မတော်သား အရာရှိ၊ စစ်သည်များသည် နိုင်ငံတော်၏ နယ်မြေအသီးသီးတွင် ကျရာတာဝန်ကို နေရာဒေသမရွေး ထမ်းဆောင်နေကြသူများပင်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ကျရာနယ်မြေအသီးသီးတွင် ပေးအပ်လာသည့် ကျရာတာဝန်များကို ထမ်းဆောင်ကြရင်း ကိုယ်စီမိသားစုများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် ကဏ္ဍများကို တိုးတက်အောင် ထမ်းဆောင်နေကြသူများပင်ဖြစ်ကြာင်း၊ ထိုသို့ ဘဝ၏စိန်ခေါ်မှုများ ကြားက မိမိတို့သားသမီးများ၏ ပညာရည်မြင့်မားရေးကို စွမ်းစွမ်းတမံ ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြသူများသည် နိုင်ငံတော်၏ စစ်သည်တော်ကောင်းများ ဖြစ်သကဲ့သို့ မိသားစု၏ မိဘကောင်းများအဖြစ်လည်း သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ကြသူများဖြစ်ကြောင်း၊ မိဘ၏အရိပ်အောက်မှ ကြိုးစားအောင်မြင်ခဲ့ကြသည့် လူငယ်မောင်မယ်တို့ အနေဖြင့်လည်း မိသားစု၏ သားသမီးကောင်း ရတနာများအဖြစ်သာမက နိုင်ငံ့သား ကောင်းရတနာများအဖြစ်ပါ ဆင့်ကဲကမ္ပည်းထိုးနိုင်ခဲ့မှုအတွက်လည်း များစွာဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း။
မိမိတို့တပ်မတော်အနေဖြင့် ပညာရည်မြင့်မားရေးကို ဆောင်ရွက်ရာတွင် ကဏ္ဍနှစ်ခုကို အပိုင်းခွဲဖော်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်သားများ၏ ပညာရည် မြင့်မားရေးနှင့် တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေးပင်ဖြစ်ကြောင်း၊ တပ်မတော်သားများ၏ ပညာရည်မြင့်မားရန်အတွက် တပ်မတော်ပညာရေးကျောင်းများ နှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသကဲ့သို့ တပ်မတော်သား မိသားစုဝင်များ၏ ပညာရည်မြင့်မားရေးအတွက်လည်း ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး အခြေခံပညာ ရေးမှသည် အဆင့်မြင့်ပညာရေးအထိ သင်ကြားအောင်မြင်နိုင်ရေး အစဉ်တစိုက် ကြိုးပမ်း ထမ်းရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် လက်ရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်လည်း တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်းနှစ်ကျောင်းကို အထက်မြန်မာပြည်၊ အောက်မြန်မာပြည်ခွဲ၍ နေပြည်တော်နှင့်ရန်ကုန်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ပညာရေးကဏ္ဍသစ်အဖြစ် ဖွင့်လှစ်လိုက်သည့် ကျောင်းများတွင် တပ်မတော် သားမိသားစုဝင်များ၊တပ်မတော်သားအငြိမ်းစားများ၏မိသားစုဝင်များအပြင် တပ်မတော် နှင့်တပ်မတော်၏ ပညာရည်မြင့်မားရေးဖော်ဆောင်မှုအပေါ် စိတ်ပါဝင်စားစွာ တက် ရောက်လိုသူများကို ဖွင့်လှစ်သင်ကြားပေးနေပြီ ဖြစ်သကဲ့သို့ တက်ရောက်လိုသူများကို လည်း အမြဲတမ်းကြိုဆိုလျက်ရှိကြောင်း ။
လူငယ်မောင်မယ်တို့ကိုယ်စီတွင် ပိုင်ဆိုင်ထားပြီဖြစ်သည့် ထူးချွန်လိုသည့် စိတ်ဓာတ်၊ ငယ်ရွယ်စဉ်ကတည်းက ရည်မှန်း ချက်ထားရှိခဲ့သည့် ခိုင်မာသည့် သန္နိဋ္ဌာန် စိတ်ဓာတ်၊ ထူးချွန်အောင်မြင်မှုကို ခုံမင်သည့်စိတ်ဓာတ်များကို အခြေခံပြီး မိမိတို့ရွေး ချယ်ရာ အဆင့်မြင့်တက္ကသိုလ်ပညာရပ်များတွင်လည်း ထူးချွန်အောင်မြင်သူများဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားကြရန်၊ မိမိဘဝအတွက်၊ မိမိမိသားစုအတွက်၊ မိမိနိုင်ငံတော်အတွက် တတ်သင့်တတ်ထိုက်၊ သိသင့်သိထိုက်သည်မှန်သမျှကို တတ်ချင်၊ သိချင်၊ ကြိုးစားချင်သည့် အညွန့်တလူလူစိတ်ဓာတ်နှင့် နိုင်ငံတော်၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်နိုင်သူများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်း လိုကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းက ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ များ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော်သားမိသားစုဝင်သားသမီးများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့်အခြေခံ ပညာလူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ပထမ၊ဒုတိယ၊ တတိယ ဆုရရှိသည့်တပ်မတော် ပညာရေးကျောင်းများနှင့် တပ်မတော်အခြေခံပညာကျောင်းများ၏ ဆုရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။



ယင်းနောက် ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် တပ်မတော်အခြေခံ ပညာအထက်တန်းကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံ ၃ ဦး၊ လူရည်ချွန်ဆုရရှိသူ ၃ ဦး နှင့် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ၂ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာက လူရည်ချွန် ဆုရရှိသူ ၃ ဦးနှင့် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူ ၅ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။


ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် တပ်မတော်ပညာရေးကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် တပ်မတော်ပညာရေးကျောင်းများမှ ကျောင်းအုပ်ချုပ်မှုတာဝန် ခံ ၃ ဦး၊ လူရည်ချွန်ဆု ရရှိသူ ၃ ဦးနှင့် ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ၃ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီး ဒေါ်နန်းကူးကူ က လူရည်ချွန်ဆု ရရှိသူ ၃ ဦးနှင့် ၆ ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ ၆ ဦးတို့အား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ဇနီး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်ဥက္ကဋ္ဌကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများက လူရည်ချွန်ဆုနှင့် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ စစ်သည်များအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့် ကြသည်။

ဂုဏ်ပြုဆုများပေးအပ်အပြီးတွင် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ နှင့် စစ်သည်များကိုယ်စား လူရည်ချွန်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်အဖွဲ့ဝင်များသည် လူရည်ချွန်ဆုနှင့် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်း သူများ၊ စစ်သည်များ၊ တာဝန်ရှိသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး ဒေါ်နီလာ တို့က အခမ်းအနားတက်ရောက်လာကြသူများ၊ ဆုရစစ်သည်များ၊ လူရည်ချွန် ဆုနှင့် ထူးချွန်ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများအား စားသောက်ဖွယ်ရာများဖြင့် ဂုဏ်ပြုတည်ခင်းဧည့်ခံသည်။ စားသောက်ဖွယ်ရာများ သုံးဆောင်နေစဉ်အတွင်းကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက လူငယ်ဂုဏ်ပြုတေး သီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။
ဂုဏ်ပြုဧည့်ခံဖျော်ဖြေပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များသည်လူရည် ချွန်ဆုနှင့် ထူးချွန်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ စစ်သည်များ၊ မိဘများနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

