၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံအချို့က ကြေညာချက်များ၊ ထုတ်ပြန်ပြောကြားချက်များ၊ လူမှုကွန်ရက်မီဒီယာများအပါအဝင် သတင်းဖော်ပြချက်များပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် နောက်ဆက်တွဲဖြစ်စဉ်များသည် အာဆာအကြမ်းဖက်အဖွဲ့၏ တစ်ပြိုင်နက်တည်း အကွက်ချကြိုတင်စီစဉ်စတင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဆိုသည့်အချက်ကို အဆိုပါကြေညာချက်များနှင့်ထုတ်ပြန်ပြောကြားချက်များတွင် အသိအမှတ်ပြုရန် ပျက်ကွက်လျက်ရှိသည်။
ဖြစ်စဉ်အမှန်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် အာဆာအကြမ်းဖက်များက ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အကြမ်းဖက် တိုက်ခိုက်မှုများကနဦးကျူးလွန်ခဲ့ပြီး ယင်းဖြစ်စဉ်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အရပ်သားများ အသက်ဆုံးရှုံးခဲ့ရသည်။
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် အာဆာ အကြမ်းဖက်များက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်း ၃၀ နှင့်တပ်ရင်းဌာနချုပ်တစ်ခုတို့ကို တစ်ပြိုင်နက်တည်း အကွက်ချတိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အစိုးရဝန်ထမ်းများနှင့်အပြစ်မဲ့ပြည်သူများအသက်ဆုံးရှုံးခဲ့ရပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သို့သော် ကမ္ဘာ့နိုင်ငံအချို့က အာဆာအကြမ်းဖက်များ၏ ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များကို လျစ်လျူရှုထားကြောင်းတွေ့ရှိရသည်။ အကြမ်း ဖက်မှု၏ အသွင်သဏ္ဍာန်မျိုးစုံနှင့်လုပ်ရပ်များအားလုံးကို ရှုတ်ချသင့်သည်။
အာဆာအကြမ်းဖက်များ၏ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ၎င်းတို့၏အစွန်းရောက်အကြမ်းဖက်ဝါဒဖြင့်ခြိမ်းခြောက်မှုများလုပ်ဆောင်မှုတို့ ကြောင့် ဒေသခံတိုင်းရင်းသားများက အခြားမြို့ရွာများသို့လည်းကောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှဘင်္ဂါလီများက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်းကောင်းနေရပ်စွန့်ခွာမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဖြစ်စဉ်များ၏ အရင်းခံအကြောင်းတရားများနှင့်မြေပြင်ပကတိအခြေအနေမှန်များကိုလည်း လျစ်လျူရှုကာ မြန်မာနိုင်ငံ၏ ပုံရိပ်နှင့်ဂုဏ်သိက္ခာကျဆင်း အောင်လုပ်ဆောင်မှုများမပြုသင့်ကြောင်းအလေးထားဖော်ပြလိုသည်။
မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည့်အားလျော်စွာ မိမိနိုင်ငံအားကာကွယ်ပိုင်ခွင့်နှင့်နိုင်ငံနှင့်လူမျိုးအပေါ် ကျူးလွန်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။
ထို့ပြင် အကြမ်းဖက်တိုက်ခိုက်မှုများအားတုံ့ပြန်ရာတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အပြစ်မဲ့ဒေသခံပြည်သူများနှင့်၎င်းတို့၏အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန်နှင့်ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်အတွက်ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ(RoE) နှင့်အညီ ဆောင်ရွက်ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင်မရှိသည့် လူမျိုးအမည်ဖြင့်လွဲမှားစွာသုံးစွဲဖော်ပြလျက်ရှိသည့် အခြေအနေကိုလည်းပြတ်သားစွာကန့်ကွက်သည်။ ထို့ကြောင့် ယင်းစကားရပ်ကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့်အသုံးပြု၍ ရခိုင်ပြည်နယ်မြောက်ပိုင်း ဆက်စပ်ဖြစ်စဉ်များအပေါ် နိုင်ငံရေးအရအကျိုးအမြတ်ရှိစေရန်အတွက် ကြေညာချက်များနှင့်ထုတ်ပြန်ပြောကြားချက်များ ထုတ်ပြန်နေခြင်းကိုလက်ခံနိုင်ခြင်းမရှိပါ။ ယင်းဆောင်ရွက်ချက်များသည် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ၂၀၁၇ ခုနှစ်နှင့်၂၀၁၈ ခုနှစ်တို့တွင်ရရှိထားသည့် သဘောတူညီချက်များနှင့်အညီစိစစ်ပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး မြန်မာ နိုင်ငံ၏စေတနာမှန်ဖြင့် ကြိုးပမ်းအားထုတ်မှုများအတွက် အပြုသဘောဆောင်သည့်အထောက်အပံ့ဖြစ်မည်မဟုတ်ပါ။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စခန်းများတွင်ရောက်ရှိနေသူအားလုံးအား မြန်မာနိုင်ငံမှဟု စွပ်စွဲပြောဆိုချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ရကြောင်းထပ်လောင်းဖော်ပြအပ်သည်။ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကိစ္စသည် နှစ်နိုင်ငံအကြားဖြေရှင်းရမည့်ကိစ္စဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် စိစစ်ပြီးနေရပ်စွန့်ခွာသူများကို ၎င်းတို့၏ဆန္ဒအလျောက်၊ လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ခင်မင်ရင်းနှီးသည့် မိတ်ဆွေနိုင်ငံများနှင့်နီးကပ်စွာလက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းနှင့်စပ်လျဉ်း၍ ၁၅-၈-၂၀၂၆ ရက်တွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးမြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိ သည့် ကြိုးပမ်းမှုများအပေါ် သတင်းထုတ် ပြန်ခဲ့ပြီးဖြစ်သည်။
သို့ဖြစ်၍ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များ၏ အရင်းခံအကြောင်းတရားများနှင့်မြေပြင်ပကတိ အခြေအနေမှန်များကို အသိ အမှတ်ပြုခြင်းမရှိဘဲ နိုင်ငံအချို့၏ နိုင်ငံရေးလှုံ့ဆော်မှုအရ ထုတ်ပြန်သည့်ကြေညာချက်များ၊ ထုတ်ပြန်ပြောကြားချက်များ၊ လူမှုကွန်ရက်မီဒီယာများအပါအဝင်သတင်းဖော်ပြချက်များကို မြန်မာနိုင်ငံကပယ်ချသည်။
