နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့်အထက်လွှတ်တော်ဥက္ကဋ္ဌတို့အား ပူးတွဲတွေ့ဆုံဆွေးနွေး

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဩဂုတ်လ ၂၁ ရက်နေ့ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Petrovich Sergeenko နှင့်အထက်လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Natalya Kochanova တို့အား မင့်စ်မြိုရှိ အမျိုးသားလွှတ်တော်၌ ပူးတွဲတွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲကျင်းပပြုလုပ်မည့် ဘယ်လာရုစ်နိုင်ငံအမျိုးသားလွှတ်တော်အဆောက်အဦသို့ရောက်ရှိရာ ဘယ်လာရုစ်နိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌနှင့်အထက်လွှတ်တော်ဥက္ကဋ္ဌတို့က ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတနှင့်လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးတို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ 

ယင်းနောက် အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ မြန်မာနိုင်ငံသည် ဘယ်လာရုစ်နိုင်ငံ၏ အရှေ့တောင်အာရှတွင် ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံတစ်ခုဖြစ်မှုနှင့် နိုင်ငံ့ခေါင်းဆောင်အချင်းချင်းချစ်ကြည်ရင်းနှီးပြီး အပြန်အလှန်ယုံကြည်မှုနှင့်ပူးပေါင်း‌ဆောင်ရွက်မှုများ ခိုင်မာကောင်းမွန်လျက်ရှိမှု၊ မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာလမ်းပြမြေပုံ(၂၀၂၆-၂၀၂၈)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုခရီးစဉ်အတွင်းနှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချုပ်များနှင့်နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့မှု၊ နှစ်နိုင်ငံပြည်သူများ၏အကျိုးအတွက် နှစ်နိုင်ငံနှင့်လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ကူညီထောက်ခံဆောင်ရွက်ပေးလျက်ရှိမှု၊ ဘယ်လာရုစ်နိုင်ငံတွင် ရွေးကောက်ပွဲကျင်းပစဉ်က မြန်မာနိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာခဲ့သကဲ့သို့ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပချိန်ကလည်း ဘယ်လာရုစ်နိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်လေ့လာခဲ့မှုနှင့်မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှုအပေါ် ဘယ်လာရုစ်လွှတ်တော်အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူမှု၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်နှစ်ရပ်အကြားချစ်ကြည်ရေးအဖွဲ့ကို ဖွဲ့စည်းထားရှိမှု၊ လွှတ်တော်နှစ်ရပ်အကြားအပြန်အလှန် လေ့လာရေးခရီးစဉ်များဆောင်ရွက်သွားမည့်အခြေအနေများ၊ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြားအဖွဲ့အစည်းများ၊ လူငယ်လူရွယ်နှင့်အမျိုးသမီးရေးရာအဖွဲ့အစည်းများ အကြားပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေနှင့်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးနှင့်ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတအား ဘယ်လာရုစ်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌများက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *