နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာအလက်ဇန္ဒား လူကာရှန်ကိုတို့ မီဒီယာများနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံပူးတွဲကြေညာချက်များအပြန်အလှန်ပြောကြား

လေးစားအပ်ပါသော အဆွေတော် သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့တကွ အခမ်းအနားကို တက်ရောက်လာကြသူများအားလုံးကို မင်္ဂလာပါလို့ နှုတ်ဆက်ချင်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ တွေ့ဆုံမှုမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတကြီး ဦးမင်းအောင်လှိုင်နဲ့အတူ ဆွေးနွေးမှုများကို အောင်မြင်စွာဆွေးနွေးနိုင်ခဲ့တယ်ဆိုတာ ကျွန်တော့်အနေနဲ့ပြောကြားလိုပါတယ်။ 

အဓိက ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကတော့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေကို တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ စီးပွားရေးဆိုင်ရာကဏ္ဍများ၊ စိုက်ပျိုးရေးဆိုင်ရာ ကဏ္ဍများ၊ အခြားသောကဏ္ဍပေါင်းစုံ အခန်းကဏ္ဍများကို တက်ကြွစွာပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ အများကြီးရှိပါတယ်။ ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့အတွက်လည်း ဘယ်လာရုစ်ဘက်က အဆင်သင့်ရှိကြောင်းလည်းပြောလိုပါတယ်။ လက်ရှိတိုးတက်နေတဲ့ခေတ်ကြီးမှာ ကျွန်တော်တို့ ဘယ်လာရုစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေကို အထောက်အကူပြုသွားမယ်လို့လည်း ပြောလိုပါတယ်။ လက်ရှိ ၂၁ ရာစုမှာ နိုင်ငံရေးသဘောတရားတွေ အများကြီးပြောင်းလဲနေပေမဲ့လည်း ကျွန်တော်တို့နှစ်နိုင်ငံကြားမှာရှိတဲ့ ယုံကြည်မှု၊ ခင်မင်ရင်းနှီးမှုကြောင့် နိုင်ငံရေးအရရော၊ စီးပွားရေးအရရောကဏ္ဍပေါင်းစုံမှာ ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒီဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ နှစ်စဉ်နှစ်တိုင်း ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ အပြန်အလှန်ခရီးစဉ်တွေလည်း သွားရောက်ခဲ့တာဖြစ်ပါတယ်။ အခုနှစ်အတွက် ဆွေးနွေးမှုထဲမှာအရေးအကြီးဆုံးအချက်ကတော့ နှစ်နိုင်ငံကြားမှာ သံတမန်ဆက်ဆံရေးကို အဆင့်မြှင့်တင်ဖို့အတွက် နှစ်နိုင်ငံကြားမှာ သံရုံးများကို အပြန်အလှန်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ပူးပေါင်းဆောင်ရွက်ရေးကိုလုပ်ဆောင်တဲ့အချိန်မှာ ၂၀၂၆-၂၀၂၈ Roadmap ကို အခြေခံပြီးတော့ ပူးပေါင်းဆောင်ရွက်သွားတာ ဖြစ်ပါတယ်။ ဒီလိုမျိုးပူးပေါင်းဆောင်ရွက်မှုကို အကောင်အထည်ဖော်ဖို့အတွက် နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာပူးတွဲကော်မရှင်များနဲ့အခြားပူးတွဲကော်မရှင်များကနေ အခြေခံပြီးတော့ အဓိကဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို တက်တက်ကြွကြွဆောင်ရွက်မှသာ မိမိတို့အနေနဲ့ရှေ့ဆက်သွားမယ့် ဆက်ဆံရေးမှာလည်း အားလုံးအဆင်ပြေမယ်လို့လည်း ကျွန်တော်ပြောလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ လက်ရှိအခြေအနေမှာ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနဲ့သိပ္ပံနှင့် နည်းပညာအခန်းကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို လက်တွေ့မြေပြင်မှာ အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ခုနက ပြောသွားတဲ့ ဒီအချက်အလက်တွေအားလုံးကို ပိုမိုပြီးတော့ မြှင့်တင်ဆောင်ရွက်နိုင်မယ်လို့လည်းယုံကြည်ပါတယ်။

ကျွန်တော်တို့ ဘယ်လာရုစ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံမှာ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံက ကျောင်းသားတွေကို ဘယ်လာရုစ်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေမှာ သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်ကြားသွားမှာဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ကျွန်တော်တို့ ဘယ်လာရုစ်နိုင်ငံကြားမှာ နှစ်နိုင်ငံပါလီမန်အချင်းချင်း ဆက်ဆံမှု၊ နှစ်နိုင်ငံနိုင်ငံရေးပါတီများအကြားဆက်ဆံမှုကိုလည်း ဆက်လက်တိုးမြှင့်သွားမယ်လို့ပြောလိုပါတယ်။

ကျွန်တော်တို့အနေနဲ့အခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ပြီးတဲ့ နောက်ပိုင်းမှာ နှစ်နိုင်ငံအကြားခရီးသွားလုပ်ငန်းတွေတင်မကဘဲ တခြားသောကဏ္ဍများ တိုးတက်ဖွံ့ဖြိုးဖို့ရည်ရွယ်ပြီးတော့ ဒီကိစ္စကိုဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒီလိုမျိုးဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံအကြားတစ်ဦးနဲ့တစ်ဦး ဆက်သွယ်မှုတွေပိုမိုများပြားလာမယ်၊ ဆက်သွယ်မှုများပြားလာတဲ့ နောက်ပိုင်းမှာ ဆက်ဆံရေးတွေကိုလည်း ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကို ကျေးဇူးတင်ရှိကြောင်းလည်းပြောလိုပါတယ်။ အဓိကကတော့ သူအနေနဲ့ကျွန်တော်တို့ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်ဆံရေးတွေကို တည်ဆောက်တဲ့အခါမှာ ပုဂ္ဂိုလ်ရေးအရ အားတက်သရောဆောင်ရွက်ခဲ့သလို မပြောင်းလဲတဲ့သဘောတရားနဲ့အခုချိန်ထိ ကျွန်တော်တို့အပေါ်မှာ ဆက်ဆံပေးနေတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။

အဆွေတော် သမ္မတကြီးခင်ဗျာ၊ ကျွန်တော့်အနေနဲ့ဒီနေ့ထပ်ပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ အာမခံနိုင်တာကတော့ အဆွေတော်သမ္မတကြီးနဲ့ ကျွန်တော်နဲ့ဒီနေ့ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေ၊ အခုလာရောက်တဲ့ခရီးစဉ်မှာ ဆွေးနွေးခဲ့တဲ့ သဘောတူညီချက်တွေအားလုံးကို ကျွန်တော်တို့ ဘယ်လာရုစ်ဘက်ကနေပြီးတော့ ဗျူရိုကရက်တစ်ယန္တရားကိုကျော်လွန်ပြီးတော့ အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်မယ်လို့အာမခံပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ အဆွေတော် သမ္မတကြီး အနေနဲ့ ပြောကြားပေးပါခင်ဗျာ။

အဆွေတော်ဘယ်လာရုစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကိုနဲ့နှစ်ဖက်ကိုယ်စားလှယ်များ၊ မီဒီယာအဖွဲ့ဝင်များအားလုံး မင်္ဂလာပါခင်ဗျာ

ကျွန်တော့်အနေနဲ့ ဘယ်လာရုစ်သမ္မတကြီးရဲ့ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် စတုတ္ထအကြိမ် လာရောက်ခြင်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံတို့ဟာ ပထဝီအနေအထားအရအလှမ်းကွာဝေးပေမယ့် သံတမန်ဆက်သွယ်ထားတဲ့ ဆယ်စုနှစ်(၃)ခု နီးပါးကာလမှာ အပြန်အလှန်လေးစားမှု၊ နားလည်ယုံကြည်မှုတို့အပေါ် အခြေခံထားတဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ 

ဒီလိုကောင်းမွန်တဲ့ဆက်ဆံရေးဟာ မကြာသေးမီနှစ်များမှာအရှိန်အဟုန်နဲ့ပိုမိုတိုးတက်လာခဲ့ပါတယ်။ နှစ်နိုင်ငံအကြီးအကဲတွေအကြားအပြန်အလှန် ခရီးစဉ်တွေရှိခဲ့ပြီး ခေါင်းဆောင်ပိုင်းသာမက၊ အဆင့်အသီးသီးနဲ့နယ်ပယ်အသီးသီးမှာပါ နီးကပ်တဲ့ဆက်ဆံမှုများနဲ့ပူးပေါင်းဆောင်ရွက်မှုတို့ ပိုမိုနက်ရှိုင်းလာခဲ့တာကိုတွေ့ရှိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်ဟာ နှစ်နိုင်ငံဆက်ဆံရေးသမိုင်းကြောင်းမှာ အလွန်ထူးခြား လေးနက်တဲ့နှစ်တစ်နှစ်လို့ ပြောချင်ပါတယ်။

၂၀၂၅ ခုနှစ် မတ်လမှာ ကျွန်တော့်အနေနဲ့ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ပြီး၊ နိုဝင်ဘာလမှာ အဆွေတော်သမ္မတကြီးကလည်း မြန်မာနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ပြန်လည်လာရောက်လည်ပတ်ခဲ့ပါတယ်။

ခရီးစဉ်များအတွင်းမှာ နှစ်နိုင်ငံအနာဂတ်ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်နိုင်ရေးအတွက် သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ယခုခရီးစဉ်မှာလည်း နှစ်နိုင်ငံအကြားသဘောတူစာချုပ်နဲ့နားလည်မှုစာချွန်လွှာ ၉ ခုကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

သမ္မတကြီးနဲ့ယနေ့တွေ့ဆုံမှုမှာ ကျွန်တော်တို့နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားတဲ့သဘောတူညီချက်များကို အရှိန်အဟုန်နဲ့ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်သွားပါမယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးက အရှိန်အဟုန်ကိုထိန်းသိမ်းထားပြီး၊ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေပိုမိုချဲ့ထွင်နိုင်မယ့် အလားအလာများကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်နိုင်ခဲ့ကြပါတယ်။

ယခုဆိုရင် မြန်မာနိုင်ငံမှာ ဥပဒေပြုလွှတ်တော်တွေလည်းပေါ်ပေါက်လာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့နှစ်နိုင်ငံအစိုးရအကြားမှာသာမက လွှတ်တော်အချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့ကိုလည်းဆွေးနွေးခဲ့ကြပါတယ်။ 

အလားတူ ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့်နည်းပညာ၊ ကျန်းမာရေး၊ ပညာရေး၊ စက်မှု၊ အာကာသအပါအဝင် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမယ့်ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်ဆောင်ရွက်ဖို့ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ 

နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ဟာလည်း ဇူလိုင်လအတွင်းကအသက်ဝင်ခဲ့ပြီဖြစ်တဲ့အတွက် ခရီး သွားကဏ္ဍမှာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မယ့်အလားအလာများနဲ့ နှစ်နိုင်ငံပြည်သူတွေအကြား ကူးလူးဆက်ဆံမှုမြှင့်တင်နိုင်မယ့်အလားအလာများကို ဆွေးနွေးနိုင်ခဲ့ကြပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ သမ္မတနှစ်ဦးဟာ ဒေသတွင်းနဲ့မျက်မှောက်ခေတ် နိုင်ငံတကာရေးရာကိစ္စရပ်များအပေါ်လည်း ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပြီး၊ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံအမှီသဟဲပြု ဆက်လက်ရပ်တည်သွားရေးကိုဆွေးနွေးခဲ့ကြပါတယ်။ 

ယခု ခရီးစဉ်အတွင်းမှာ ထူးခြားချက်တစ်ရပ်ကတော့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို မြန်မာသံရုံးအဖြစ် တရားဝင်အဆင့်မြှင့်တင်နိုင်ခဲ့ပြီး ဒီနေ့မှာ ဖွင့်လှစ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း မကြာခင်မှာ ဘယ်လာရုစ်သံရုံးကို လာရောက်ဖွင့်လှစ်မှာဖြစ်တဲ့အတွက် ကြိုဆိုလျက်ရှိကြောင်း ပြောကြားလိုပါတယ်။ 

မြန်မာနိုင်ငံဟာ အရှေ့အာရှ၊ တောင်အာရှနဲ့အရှေ့တောင်အာရှကို ချိတ်ဆက်ထားတဲ့ ကုန်းမြေနယ်မြေပေါင်းကူးတံတားတစ်ခုသဖွယ်ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာနဲ့အိန္ဒိယသမုဒ္ဒရာနှစ်ခုတို့ကို ဆက်စပ်ပေးထားတဲ့အတွက် ပင်လယ်ရေကြောင်းပို့ဆောင်ရေးမှာ အချက်အချာကျတဲ့နေရာမှာတည်ရှိနေပါတယ်။ စိုက်ပျိုးမြေဧက ၃၃ သန်းကျော်ရှိပြီး လုပ်သားအင်အားနဲ့ ၁၂ လရာသီပတ်လုံး စိုက်ပျိုးမွေးမြူရေးလုပ်လို့ရတဲ့ ကောင်းမွန်တဲ့ ရာသီဥတုရှိပါတယ်။

ဒီလိုရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းကောင်းတွေရှိတဲ့ မြန်မာနိုင်ငံမှာ ဘယ်လာရုစ်နိုင်ငံမှ နယ်ပယ်ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းရှင်တွေ၊ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့စက်မှုစတဲ့ကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ အထူးစီးပွားရေးဇုန်တွေအနက် စီးပွားရေးအချက်အချာကျတဲ့ ရန်ကုန်မြို့က သီလဝါအထူးစီးပွားရေးဇုန်မှာ ဘယ်လာရုစ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံဖို့ကိုလည်းဖိတ်ခေါ်ခဲ့ပါတယ်။

သမ္မတကြီးနဲ့နှစ်ဖက်ကိုယ်စားလှယ်များ၊ မီဒီယာအဖွဲ့ဝင်များခင်ဗျာ-

ကျွန်တော်တို့အနေနဲ့ မိတ်ဆွေရင်း၊ မိတ်ဆွေကောင်းဖြစ်တဲ့ ဘယ်လာရုစ်နိုင်ငံနဲ့ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့တိုးတက်ဖြစ်ထွန်းနေတဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုတွေကို အနာဂတ်ကာလမှာ ဆက်လက်ထိန်းသိမ်းတိုးမြှင့်နိုင်ဖို့ သမ္မတကြီး လူကာရှန်ကို၊ ဘယ်လာရုစ်အစိုးရ၊ ပြည်သူတွေနဲ့ အတူတကွ လက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *