မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံတော်အဆင့်တွေ့ဆုံပွဲကျင်းပ

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံတော်အဆင့်တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ ၂၁ ရက်နေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတနန်းတော်အစည်းအဝေးခန်း၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ တက်ရောက်ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသော ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှအဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဘယ်လာရုစ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလမ်းပြမြေပုံ(၂၀၂၆-၂၀၂၈)ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ အာကာသနည်းပညာကဏ္ဍ၊ ပညာရေးနှင့်လူငယ်ကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်များနှင့်နားလည်မှုစာချွန်လွှာများလဲလှယ်ခြင်း အခမ်းအနားကိုဆက်လက်ကျင်းပပြုလုပ်ရာ နှစ်နိုင်ငံအကြား တရားမနှင့်ကူးသန်းရောင်း ဝယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန်အကူ အညီပေးရေး သဘောတူစာချုပ်၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေပိုင်းဆိုင်ရာအပြန်အလှန်အကူအညီပေးရေးသဘောတူညီချက်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ၊ မြန်မာအာကာသအေဂျင်စီအတွက် ကမ္ဘာမြေကို အဝေးမှအာရုံခံစောင့်ကြည်နိုင်သော အာကာသယာဉ်ငယ်တစ်စင်းတည်ဆောက်ရေးဆိုင်ရာ ရည်ရွယ်သည့် မှတ်တမ်းလွှာ၊ မြန်မာအာကာသအေဂျင်စီနှင့် Belarusian State University တို့အကြား သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် The Belarusian Institute of Strategic Research (BISR)တို့အကြား ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် JSC “Development Bank of the Republic of Belarus”တို့အကြား ချေးငွေဆိုင်ရာမူဘောင်သဘောတူစာချုပ်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ပြန်ကြားရေးဝန်ကြီးဌာန၊မြန်မာ့အသံနှင့်ရုပ်မြင်သံ ကြား(MRTV)နှင့်ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့်အသံလွှင့်ကုမ္ပဏီတို့အကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်စသည့် နားလည်မှုစာချွန်လွှာနှင့်သဘောတူညီချက် ၉ ခုတို့ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့်သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက ဘယ်လာရုစ်သမ္မတနိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့်ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတတို့ ရှေ့မှောက်၌လဲလှယ်ခဲ့ကြသည်။

 ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့်ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတတို့သည် မီဒီယာများအားနှစ်နိုင်ငံပူးတွဲကြေညာချက်များကို အပြန်အလှန်ပြောကြားကြပြီး အဆိုပါပြောကြားချက်များကို သီးခြားဖော်ပြသွားမည်ဖြစ်သည်။ 

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များအား ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတက အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ နေ့လယ်စာသုံးဆောင်နေစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံ သံစုံတီးဝိုင်းက နှစ်နိုင်ငံတေးသံသာများဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကြသည်။

 အခမ်းအနားများအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်အောင်လှိုင်အား ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတက မော်တော်ယာဉ်အနီးသို့ ရင်းရင်းနှီးနှီးလိုက်လံ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *