ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ၊ အခြားနိုင်ငံများသို့ ရွှေ့ပြောင်းသွားလာကြသည့် လှေစီးဒုက္ခသည်များနှင့်ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားရှိ စခန်းများတွင် နေထိုင်လျက်ရှိသူများနှင့်ပတ်သက်၍ ကမ္ဘာ့သတင်းမီဒီယာများတွင် အမျိုးမျိုးအဖုံဖုံပုံဖော်ရေးသားလျက်ရှိကြပါသည်။ ယင်းသို့ ရေးသားထုတ်ဝေ၊ ထုတ်လွှင့်ပြောဆိုနေမှုများသည် သတင်းမှားများ၊ အချက်အလက်မှားများအပေါ်အခြေခံလျက် တစ်ဖက်စောင်းနင်းရေးသားပြောဆိုနေကြခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ ဖြစ်စဉ်မှန်ကို အောက်ပါအတိုင်း ရှင်းလင်းဖော်ပြလိုပါသည်-
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများနှင့်ပတ်သက်သည့် အဖြစ်မှန်မှာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် အာဆာအကြမ်းဖက်အဖွဲ့က လူအင်အား၊ လက်နက်အင်အားဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးရဲကင်းများနှင့် ရဲတပ်ရင်းများကို တစ်ပြိုင်နက်တိုက်ခိုက်မှုများ၊ ထပ်တိုးတိုက်ခိုက်မှုများ ပြုလုပ်ရုံသာမက အစိုးရဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားများအား အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် တပ်မတော်က အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့ရပါသည်။ အာဆာအကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်တိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသားများက အခြားမြို့ရွာများသို့ ထွက်ပြေးကြရပြီး ဘင်္ဂါလီအမြောက်အမြားက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အသီးသီးနေရပ်စွန့်ခွာသွားခဲ့ခြင်းဖြစ်ပါသည်။
မှတ်တမ်းများအရ အာဆာအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်မတိုင်မီ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ရှိ ဘင်္ဂါလီလူဦးရေမှာ ၇၄၀၀၀၀ ကျော်ရှိခဲ့ပြီး၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဘင်္ဂါလီလူဦးရေ ၂၀၀၀၀၀ ကျော် ကျန်ရှိနေထိုင်လျက်ရှိသဖြင့်၊ ဘင်္ဂါလီလူဦးရေ ၅၄၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ နေရပ်စွန့်ခွာသွားခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ယင်းစိစစ်ချက်အရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ (၁) သန်းကျော်ရှိသည်ဟု ပြောကြားနေမှုများမှာ မှားယွင်းကြောင်း ထင်ရှားပါသည်။ မြန်မာနိုင်ငံသည် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်လအတွင်း၌ နှစ်နိုင်ငံသဘောတူစာချုပ် (၃) ခု ချုပ်ဆိုခဲ့ပြီး၊ ယင်းစာချုပ်များနှင့်အညီ လက်ခံရန် ၂၃-၁-၂၀၁၈ ရက်တွင် တစ်ကြိမ်၊ ပူးတွဲလုပ်ငန်းအဖွဲ့ သဘောတူညီချက်အရ ၁၅-၁၁-၂၀၁၈ ရက်တွင် တစ်ကြိမ်၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်၏ အကြောင်းကြားချက်အရ ၂၂-၈-၂၀၁၉ ရက်တွင် တစ်ကြိမ် စုစုပေါင်း (၃) ကြိမ် စီစဉ်စောင့်ဆိုင်းခဲ့သော်လည်း ပြန်လည် ဝင်ရောက်ခဲ့ခြင်း မရှိခဲ့ပါ။ ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာဘက်သို့ နေရပ်စွန့်ခွာသူများစာရင်းအဖြစ် လူဦးရေအမည် စာရင်း ၈၂၈,၈၂၄ ဦး ပေးပို့ခဲ့ရာ၊ ၃၁-၇-၂၀၂၆ ရက်အထိ အမည်စာရင်း ၄၂၆,၅၄၅ ဦးအား စိစစ်ခဲ့ပြီး ဖြစ်ပါသည်။ စိစစ်ချက်အရ ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ကြောင်း အထောက်အထား တွေ့ရှိသူ ၃၀၈,၇၉၇ ဦး၊ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သူ ၄,၂၄၁ ဦးနှင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြောင်းအထောက်အထား မတွေ့ရှိရသူ ၁၁၃,၅၀၇ ဦး စိစစ်တွေ့ရှိရပါသည်။
သို့ဖြစ်၍ ယင်းကိန်းဂဏန်းများအရ ဘင်္ဂလားဒေ့ရှ် စခန်းများတွင် နေထိုင်သူအားလုံးအား မြန်မာနိုင်ငံမှ လာရောက်သူဟု စွပ်စွဲပြောဆိုချက်များအပေါ် စိုးရိမ်မကင်း ဖြစ်မိပါသည်။ အလားတူပင် လှေစီးဒုက္ခသည်များနှင့် အခြားနိုင်ငံများသို့ မြန်မာနိုင်ငံတွင် မရှိသည့်လူမျိုး အမည်ဖြင့် ရောက်ရှိနေသူများကို မြန်မာနိုင်ငံမှဟု စွပ်စွဲဖော်ပြနေခြင်းများအား ပြတ်သားစွာ ကန့်ကွက်ပါသည်။
မြန်မာနိုင်ငံတွင် ၁၉၇၈၊ ၁၉၉၁၊ ၁၉၉၂ ခုနှစ်များက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အထောက်အထား စစ်ဆေးစိစစ်သည့် လုပ်ငန်းစဉ်များကြောင့် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာခဲ့သူ ဘင်္ဂါလီများကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား နှစ်နိုင်ငံ သဘောတူညီချက်များဖြင့် အောင်မြင်စွာ ပြန်လည်လက်ခံနိုင်ခဲ့ပါသည်။ နေရပ်စွန့်ခွာသူများကို ၁၉၇၈-၁၉၇၉ ခုနှစ်များအတွင်း ၁၈၆,၉၆၈ ဦး၊ ၁၉၉၂-၂၀၀၅ ခုနှစ်များအတွင်း ၂၃၆,၄၉၅ ဦး ပြန်လည်လက်ခံခဲ့ ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် အမှန်တစ်ကယ် နေထိုင်ခဲ့သူများကို ပြန်လည်လက်ခံနိုင်ရန် စိတ်ဆန္ဒမှန်ဖြင့် ကြိုးပမ်းခဲ့ရာ၊ ရှေ့ပြေးစမ်းသပ်စီမံကိန်း (Pilot Project) ဖြင့် လက်ခံနိုင်ရေး ရခိုင်ပြည်နယ်သို့ ဖိတ်ကြားရှင်းလင်းသည့် Come-and-See ခရီးစဉ်၊ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်သည့် Go-and-Talk ခရီးစဉ် (၂) ကြိမ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်သည့် မျက်မြင်စစ်ဆေးခြင်း ခရီးစဉ် (၂) ကြိမ်၊ Pilot Project အတွက် ပြင်ဆင်ထားမှုကို သံတမန်များအား ပြသသည့် ခရီးစဉ် (၂) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။
မြန်မာအစိုးရမှ စိစစ်ပြီးသည့် နေရပ်စွန့်ခွာသူများကို ၎င်းတို့၏ ဆန္ဒအလျောက်၊ လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်း စိတ်ဓာတ်အပေါ် အခြေခံ၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စသည် နှစ်နိုင်ငံအကြား ဖြေရှင်းရမည့်ကိစ္စဖြစ်ပြီး၊ နိုင်ငံတကာပြဿနာ အဖြစ် လွဲမှားစွာ ပုံဖော်နေမှုအပေါ် စိတ်မသက်မသာ ဖြစ်ရပါသည်။ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေနိုင်ငံများနှင့်လည်း အပြု သဘော ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ရခိုင်ပြည်နယ်၌ နေထိုင်ခဲ့ဖူးကြောင်း စိစစ်ပြီးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူ များကို ရခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပါက မြန်မာနိုင်ငံ အနေဖြင့် ညှိနှိုင်းကာ ပြန်လည်လက်ခံသွားမည် ဖြစ်ပါသည်။
