PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၇၇ ဦးနှင့် အမျိုးသမီး ၁၈ ဦး  လက်နက်၊ ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ဝင်ရောက်

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့်   PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၇၇ ဦးနှင့် အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၁၉၅ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဉပဒေဘောင် အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။

            ထိုသို့ ဉပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည် ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြ သည်။ 

            ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဉပဒေပုဒ်မများနှင့် ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်း ပြောကြား သည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူ ပါရှိလာသည့်  MA -1 အမျိုးအစား သေနတ် (၃) လက်၊ MA -2 အမျိုးအစား သေနတ် (၁)လက်၊ M-22 အမျိုးအစား သေနတ် (၁)လက်၊ Type 81 အမျိုးအစား သေနတ် (၁)လက်၊  ၄၀ မမ လောင်ချာ အမျိုးအစား သေနတ် (၁) လက်၊ လက်လုပ်သေနတ် (၁)လက်၊ ကျည်အိမ်မျိုးစုံ(၁၂)ခု၊  ကျည်မျိုးစုံ (၄၅၉)တောင့်၊ လက်ပစ်ဗုံးမျိုးစုံ (၂၅)လုံးနှင့် စကားပြောစက်(၁)လုံးတို့ကို   လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်နက်၊ ခဲယမ်းများနှင့် အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန် ရိုင်ဖယ် ၇ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၃၅၀ ၊ လက်လုပ်သေနတ် ၁ လက်အတွက် ဆုကြေး ငွေကျပ် ၅ သိန်း၊ လက်ပစ်ဗုံး ၂၅ လုံးအတွက် ဆုကြေး ငွေကျပ် ၇၅ သိန်း၊ စကားပြောစက် ၁ လုံးအတွက် ဆုကြေးငွေကျပ် ၂ သိန်း၊ လက်နက်မပါ အလင်းဝင်ရောက်လာသူများအား တစ်ဦးလျှင်  ၁ သိန်းနှုန်းဖြင့် ၁၈၄ ဦးအတွက် ဆုကြေးငွေကျပ် ၁၈၄ သိန်းတို့ကို ပေးအပ်ပြီး ခံဝန်ကတိလက်မှတ် ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးသည်။၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ဝင်ရောက်လာ ကြသူများ အပ်နှံထားသော လက်နက်ခဲများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဥပဒေ ဘောင်အတွင်းပြန်လည် ဝင်ရောက်လာကြသူ များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ အားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လက်ဖက်ရည်ဝိုင်းတို့ဖြင့် တည့်ခင်းဧည့်ခံခဲ့သည်။

             အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံ အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်း ခံကြရသူများဖြစ်ပြီး အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူ များနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များ အတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှု ကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင် ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာ ခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည် လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်း တို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ယခုကဲ့သို့ ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

            ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

            ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများ ကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

အသက်ကတော့ ၁၈ နှစ်ပါ အဖွဲ့အစည်းကို ရောက်တော့ အသက်က (၁၄)နှစ်ပါ အဲဒီအဖွဲ့ထဲကိုရောက်သွားတဲ့ အကြောင်းရင်းကတော့ သူငယ်ချင်းတွေနဲ့ ပါသွားတာပါ အဲဒီရောက်တော့ သင်တန်းတွေဘာတွေ တက်ရပါတယ် သင်တန်းက (၂) လ ကျော်လောက် ပြီးတော့ ထမင်းတွေလည်း နပ်မှန်အောင် မစားခဲ့ရပါဘူး သင်တန်းကာလမှာ ရိုက်တာတွေဘာတွေ ရှိပါတယ် သင်တန်းပြီးတော့ AA ကို ပို့ခံပါတယ် အဲဒါပြီးတော့ အလုပ်တွေဘာတွေဝိုင်းကူလုပ်ရပါတယ် စိုက်ခင်းတွေဘာတွေ လုပ်ရတယ် ထမင်းတွေ ချက်ကူရတယ် အဆောင်တွေ ဆောက်ကူရပါတယ် ပြီးတော့ ဖိနှိပ်တာတွေလည်း ရှိပါတယ် လူမျိုးရေးခွဲခြားမှုတွေလည်း ရှိပါတယ် သူတို့ရဲ့ဖိနှိပ်အာဏာရှင်ဆန်တဲ့ စနစ်တွေကို မကြိုက်လို့ တပ်မတော်ထဲကို အလင်းဝင်လာတာ ဖြစ်ပါတယ် တပ်မတော်မှာ အလင်းဝင်တော့ နွေးနွေးထွေးထွေး ကြိုဆိုပါတယ် ဒီအခမ်းအနားပြီးသွားရင်လည်း မိဘတွေနဲ့ တွေ့ရမှာဖြစ်လို့ အရမ်းလည်းဝမ်းသာပါတယ် တောထဲမှာကျန်ခဲ့တဲ့ ညီကိုမောင်နှမတွေလည်း အမြန်ဆုံး အမြင်မှန်ရပြီးတော့ အလင်းဝင်ရောက်ဖို့ ဖိတ်ခေါ်ပါတယ် 

မြင်းခြံ BLACK TIGER မှာ တာဝန်ထမ်းဆောင်ပါတယ် ဖောက်ခွဲရေးခေါင်းဆောင်ပါ ဒီတော်လှန်ရေး စလုပ်ခဲ့ရတာကတော့ ၁၄ နှစ်ကနေ စလုပ်ခဲ့တာပါ ပြောရရင် ၂၀၂၂ ကနေစလုပ်ခဲ့တာပါ ရောက်ရောက်ချင်းမှာ သင်တန်းဆင်းရပါတယ် သင်တန်းဆင်းပြီးတော့ ရှေ့တန်းတန်းသွားရပါတယ် ရှေ့တန်းမှာ မြင့်ခြံမြောက်ဘက်မှာ မိုင်းခေါင်းဆောင်အနေနဲ့ နေခဲ့ရပါတယ် ပြီးတော့ တိုက်ပွဲပေါင်းစုံနဲ့တိုက်ခဲ့ပါတယ် နေရာပေါင်းစုံလည်း သွားခဲ့ရပါတယ် နေရာပေါင်းစုံသွားခဲ့ပြီးနောက်ပိုင်းမှာ အထက်ဖားအောက်ဖိများခဲ့ပါတယ် ခေါင်းဆောင်တော်တော်များများကတော့ ဆေးခြောက် WY ဆေးချကြပါတယ် ဒါပေမဲ့ ကျွန်တော်တို့ မလုပ်ခဲပါဘူး တော်တော်များများအကုန်လုံးက မူးယစ်ဆေးဝါးတွေသုံးစွဲပါတယ် ပြောရရင် ရဲဘော်တွေပဲ အောက်မှာနေပြီးတော့ ဘာမှမရပဲနဲ့ လုပ်ကိုင်နေရတာပါ တပ်မတော်က တိုက်ခိုက်မှု လာပြီဆိုလည်း သူတို့ကားတွေမောင်းပြီး သူတို့ခေါင်းဆောင်တွေက ပြေးပါတယ် ရဲဘော်တွေ သေသေကျေကျေ ထားခဲ့ပါတယ် သူတို့ လက်နက်တွေ အကုန်လုံးယူပြီး ပြေးပါတယ် ကျွန်တော် ဒီထဲကို အလင်းဝင်လာတာ သူတို့ယုတ်မာရိုင်းစိုင်း နှိပ်စက်တာတွေကြောင့် ကျွန်တော် အလင်းဝင်လာတာဖြစ်ပါတယ် ကျွန်တော် ဒီလိုအလင်းဝင်လာတဲ့အချိန်မှာ တပ်မတော်က နွေးနွေးထွေးထွေးကြိုဆိုပါတယ် သူတို့ပြောတဲ့ သတ်မယ် ဖြတ်မယ် သူတို့ဘက်ကပြောတဲ့အတိုင်းမဟုတ်ပါဘူး နောက်လာမယ့် ညီ အစ်ကိုတွေကိုလည်း ညီလေးတွေ မောင်နှမတွေ အကုန်လုံးကိုလည်း အလင်းဝင်လာဖို့ ဖိတ်ခေါ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *