“လုံခြုံလှပဘဝများ အမျိုးသမီးနှင့်ကလေးတိုင်းရစေသား”ဆောင်ပုဒ်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)၏ (၁၃)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery Hotel ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ၏ဇနီး မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ ဒုတိယသမ္မတ (၁) ဦးညိုစော၏ဇနီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဂုဏ်ထူးဆောင်နာယက ဒေါ်စမ်းစမ်းအေးနှင့် ဒုတိယသမ္မတ(၂) မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဂုဏ်ထူးဆောင်နာယက ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့၏ ဇနီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၏ ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၏ ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီး၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မိတ်ဖက်အဖွဲ့အစည်း များမှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ အလှူရှင်များ တက်ရောက်ကြသည်။
