၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ သံတမန်ဇုန်၏မြောက်ဘက် သစ်ခွလမ်းနှင့်ကစ္ဆပနဒီလမ်းဘေးဝဲယာတို့တွင်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကိုဦးဆောင်စိုက်ပျိုးပေးသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့်အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိကဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့်သစ်ပင်စိုက်ပျိုးပွဲသည် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်ဖြစ်ပြီး ဒက္ခိဏသီရိမြို့နယ်၊ သံတမန်ဇုန်၏မြောက်ဘက် သစ်ခွလမ်းနှင့်ကစ္ဆပနဒီလမ်းဘေးဝဲယာတို့တွင်အရိပ်ရပြီး ရာသီအလိုက်ရောင်စုံပန်းများပွင့်သည့် ပိတောက်၊ ခရေ၊ စိန်ပန်း၊ ကံ့ကော်၊ ပျဉ်းမ၊ စွယ်တော်၊ ပန်းမဲဇလီအစရှိသည့် သစ်မျိုး(၁၀)မျိုးနှင့် ခရာဝါ၊ စိန်ပန်းကလေး၊ စက္ကူပန်းစသည့်ပန်းအလှပင်(၃)မျိုး ပျိုးပင်ပေါင်း (၃၀၀၀)ကိုစိုက်ပျိုးသွားမည်ဖြစ်ကြောင်း။
နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်များကို ယခင်က နေပြည်တော်၌သာ ကျင်းပခဲ့ခြင်းဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်မှစ၍ မင်းဘူးမြို့နှင့်မိတ္ထီလာမြို့တို့တွင်လည်းကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဇူလိုင်လ(၁၂)ရက်၌ ပြင်ဦးလွင်မြို့နှင့် ဇူလိုင်လ(၁၃)ရက်၌ မင်းဘူးမြို့တို့တွင် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲတော် တစ်ကြိမ်စီဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း။
သစ်ပင်စိုက်ပျိုးပွဲတော်များကို ပြုလုပ်ရသည့်ရည်ရွယ်ချက်မှာ နိုင်ငံတစ်ဝန်းသစ်တောများဖုံးလွှမ်းမှုတိုးတက်လာပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ သဘာဝဘေးအန္တရာယ်များမှတားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေး စသည်တို့ပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတော်ကဦးဆောင်ပြီး ပြည်သူလူထုပူးပေါင်းပါဝင်မှုနှင့်အတူ တစ်နိုင်ငံလုံးဒေသအသီးသီး၌ သစ်ပင်စိုက်ပျိုးပွဲတော်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိနေကြကြောင်း၊ နေပြည်တော်ကိုလည်း သန့်ရှင်းသပ်ရပ်ပြီးစိမ်းလန်းစိုပြည်သည့်မြို့တော်အဖြစ် တည်ဆောက်သည့်နေရာတွင် အထောက်အကူရစေရန်လည်းပါဝင်ကြောင်း။
နိုင်ငံတော်အနေဖြင့် နှစ်စဉ်သစ်ပင်စိုက်ပျိုးခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးရာသီတွင် နိုင်ငံနှင့်အဝန်း နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၁ ဒသမ ၃၇ သန်းကို စိုက်ပျိုးတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း။
နိုင်ငံတော်သာယာဝပြောရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးသည် အပြန်အလှန်မှီခိုလျက်ရှိကြောင်း၊လက်ရှိအချိန်တွင် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းအကြီးမားဆုံးစိန်ခေါ်မှုမှာ “ရာသီဥတု ပြောင်းလဲမှု (Climate Change)”နှင့်“ကမ္ဘာကြီးပူနွေးလာမှု(Global Warming)”ပင်ဖြစ်ကြောင်း၊ အပူချိန်လွန်ကဲလာခြင်း၊ မိုးခေါင်ရေရှားခြင်း၊ သာမန်ထက်လွန်ကဲသည့်မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံခြင်းနှင့်ပြင်းထန်သည့် မုန်တိုင်းများတိုက်ခတ်ခြင်းစသည့်သဘာဝဘေးအန္တရာယ်များကို ကမ္ဘာနှင့်အဝန်း ကြုံတွေ့ခံစားနေကြရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ် ယခင်ကထက်ပိုပြီး ရင်ဆိုင်ကြုံတွေ့နေရသောကြောင့် သိသာထင်ရှားသည့် စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိနေကြောင်း။
မိမိတို့နိုင်ငံတွင် မကြာသေးမီ ၂၀၂၃ ခုနှစ်က ကြုံတွေ့ခဲ့ရသည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်က တောင်တရုတ်ပင်လယ်မှစတင်ဖြစ်ပေါ်ခဲ့သည့် စူပါတိုင်ဖွန်းရာဂိမုန်တိုင်းနှင့်အတူ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းစသည့်သဘာဝဘေးအန္တရာယ်များသည် သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းလာမှု၏ နောက်ဆက်တွဲဆိုးကျိုးများပင်ဖြစ်ကြောင်း၊ လက်ရှိကာလတွင်လည်း ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၏ မြို့နယ်တချို့တွင် မိုးများစွာရွာသွန်းပြီးရေကြီးရေလျှံမှုများဖြစ်ပေါ်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးကို နိုင်ငံတော်အနေဖြင့် ကဏ္ဍအသီးသီးတွင် စနစ်တကျအစီအမံဖြင့် အထူးအလေးထားပေါင်းစပ်ဆောင်ရွက်နေသည်ကို ဌာနဆိုင်ရာများနှင့်ပြည်သူအားလုံးကပူးပေါင်းလုပ်ဆောင်ကြရန်လိုအပ်နေသည်ကို သတိပေးမှာကြားလိုကြောင်း။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်များကို လျော့ပါးသက်သာစေရေးအတွက် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံးဖြင့် နေရာတိုင်းတွင်လူတိုင်း လုပ်နိုင်ပြီး အကျိုးကျေးဇူးများစွာရနိုင်သည့် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
သစ်ပင်သစ်တောများသည် လူသားများအပါအဝင် ကမ္ဘာပေါ်တွင်ရှိသည့် သက်ရှိသတ္တဝါများအားလုံး၏ အသက်ရှင်ရပ်တည်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် အောက်ဆီဂျင်ကိုထုတ်လုပ်ပေးနိုင်သည့် တစ်ခုတည်းသောဂေဟစနစ်ဖြစ်သည့်အတွက်“အသက်ပံ့ပိုးမှုစနစ် – life Supporting System” အဖြစ်သတ်မှတ်ထားကြောင်း၊ သစ်ပင်သစ်တောများသည် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုများကိုလည်း တားဆီးကာကွယ်ပေးကြောင်း၊ ထိုမျှမက ရေနှင့်မြေဆီလွှာထိန်းသိမ်းရေးနှင့်စားရေရိက္ခာဖူလုံရေးစသည့် ဂေဟစနစ်ဝန်ဆောင်မှုများကိုလည်းပံ့ပိုးပေးလျက်ရှိကြောင်း၊ သစ်ပင်သစ်တောများသည် သဘာဝဂေဟစနစ်များအားလုံး၏ဗဟိုချက်ဖြစ်သည့်အတွက် စိုက်ပျိုးထိန်းသိမ်းပြီး စနစ် တကျစီမံအုပ်ချုပ်ခြင်းအားဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ပြီး နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း။
သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းသည် ဇရပ်၊ တန်ဆောင်း၊ ကျောင်းဆောက်လုပ်လှူဒါန်းခြင်း၊ လမ်းတံတားဆောက်လုပ်လှူဒါန်းခြင်း၊ ရေတွင်းရေကန်တူးဖော်လှူဒါန်းခြင်းစသည်တို့နှင့်တန်းတူ အကျိုးထူးများရရှိနိုင်သည့် ထာဝရကုသိုလ်တစ်ခုပင်ဖြစ်ကြောင်း၊ အေးမြသည့် အရိပ်အာဝါသ၊ လှပစိမ်းစိုသည့်ရှုခင်း၊ အရောင်စုံပြီးမွှေးပျံ့သည့်ပန်းရနံ့များကို လူတိုင်းကြိုက်နှစ်သက်သည်ဖြစ်သည့်အတွက် စိုက်သည့်သစ်ပင်တိုင်းရှင်သန်အောင်မြင်စေလိုသည့် စိတ်ရင်းစေတနာကောင်းများဖြင့်သစ်ပင်စိုက်ပျိုးခြင်းဖြင့် တူညီသည့်အကျိုး ကျေးဇူးများကိုရရှိခံစားကြရမည်ဖြစ်ကြောင်း။
နိုင်ငံတစ်ဝန်း သစ်တောဖုံးလွှမ်းမှုတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် သစ်တောများပြန်လည်ထူထောင်ရေးစီမံကိန်း၊ အပူပိုင်းဒေသ ၁၃ ခရိုင်စိမ်းလန်းစိုပြည်ရေးစီမံကိန်း၊ ကမ်းရိုးတန်းဒီရေတောများ ဘက်စုံစီမံအုပ်ချုပ်ခြင်းစီမံကိန်းစသည့် သစ်တောထိန်းသိမ်းရေးစီမံကိန်းလုပ်ငန်းများကိုလည်း ရည်မှန်းချက်များနှင့်အညီ အောင်မြင်အောင်အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားလိုကြောင်း။
ထို့အပြင် အာဆီယံလမ်းမကြီး လမ်းဘေး ဝဲယာ၊ ပြည်ထောင်စုလမ်းမကြီးဘေး ဝဲယာများ၊ ကျေးရွာခရိုင်ချင်းဆက်လမ်းဘေး ဝဲယာများ၌ အရိပ်ရအပင်များစိုက်ပျိုးခြင်း၊ သစ်တောသစ်ပင်ကျဲပါးသည့် တောင်ကုန်းထိပ်များ၊ မြစ်ချောင်းများ၏ ရေဝေရေလဲ ဧရိယာများတွင် သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်း၊ ကျေးရွာထင်းစိုက်ခင်းများနှင့်ဘက်စုံသုံးစိုက်ခင်းများ တည်ထောင်ခြင်း၊ မြို့ပြသစ်တောများဖွံ့ဖြိုးရေး၊ မြို့ပြဧရိယာများ စိမ်းလန်းစိုပြည်ရေးတို့ကိုလည်းအရှိန်အဟုန်မြှင့်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် စိမ်းလန်းစိုပြည်ရေးနှင့်သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးရုံသာမက နိုင်ငံ့စီးပွားရေးကို အထောက်အကူဖြစ်စေမည့် ဝါး၊ ရော်ဘာစသည့် နှစ်ရှည်စက်မှုကုန်ကြမ်းသစ်ပင်မျိုးများကိုလည်း အခြေအနေပေးသည့်၊ ရနိုင်သည့်နေရာများတွင် စိုက်ပျိုးပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲတော်များဆောင်ရွက်ခြင်းအပြင် မိသားစုအလိုက်၊ လူမှုရေးအသင်းအဖွဲ့များအလိုက်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များအလိုက်သစ်ပင်စိုက်ပျိုးခြင်းကိုလည်း ဒေသအသီးသီး၌ အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့်စိုက်ပျိုးကြရမည်ဖြစ်ပြီး “တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်စေရေး”ကိုလည်းအထူးအလေးထားစိုက်ပျိုးထိန်းသိမ်းကြရန် လိုအပ်ကြောင်း။
နိုင်ငံတစ်ဝန်း Green City ၊ Clean City ၊ Smart City နှင့် Green Village များ ဖွံ့ဖြိုးလာစေရေး တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြည်သူများပူးပေါင်းပါဝင်မှုနှင့်အတူ အင်တိုက်အားတိုက်ဆောင်ရွက်သွားကြရန်လည်းတိုက်တွန်းပြောကြားလိုကြောင်း။
ထိုသို့ဆောင်ရွက်မှသာ နေထိုင်ချင်စဖွယ်ကောင်းသည့် မြို့များ၊ ကျန်းမာသည့် လူမှုအသိုက်အဝန်းများနှင့်ရာသီဥတုပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်သည့် လူနေမှုပတ်ဝန်းကျင်များဖန်တီးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ကမျှော်မှန်းထားသည့်အတိုင်း နိုင်ငံတစ်ဝန်းသစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်းရှိစေရေး ရည်မှန်း ချက်ကို စောစီးလျှင်မြန်စွာဖြင့်မလွဲမသွေအောင်မြင်မည်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ သစ်ပင်သစ်တောပေါကြွယ်ဝမှု၊ စိမ်းလန်းစိုပြည်မှု၊ သာယာလှပမှုများသည် နိုင်ငံသားများ၏ ဂုဏ်ယူစိတ်၊ ကြည်နူးစိတ်နှင့်နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်၏ သန္ဓေတည်ရာမျိုးစေ့လည်းဖြစ်လာနိုင်မည်ဖြစ်ကြောင်း။
သစ်ပင်သစ်တောများ တည်ရှိနေခြင်းသည် အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်၏ အကျိုးစီးပွား၊ အနာဂတ်၏ ဖွံ့ဖြိုးတိုးတက်မှုဟုဆိုနိုင်ကြောင်း၊ ထို့ကြောင့်“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့”ဟူသည့် မူဝါဒနှင့်အညီ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက်အလွန်အရေးပါသည့် သစ်ပင်သစ်တောများ၊ သစ်တောဂေဟစနစ်ထိန်းသိမ်းရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍစုံမှရှုမြင်သုံးသပ်ပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ဝိုင်းဝန်းထိန်းသိမ်းကာကွယ်ပြီး တိုးတက်အောင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ကံ့ကော်ပျိုးပင်အား သတ်မှတ်နေရာတွင်ဦးဆောင်စိုက်ပျိုးပေးသည်။


ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယသမ္မတများ ဖြစ်ကြသည့် ဦးညိုစောနှင့်ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့်အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကထိကဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တာဝန်ရှိသူများက ပျိုးပင်များကို တစ်ပြိုင် တည်း တစ်ပျော်တစ်ပါးစိုက်ပျိုးကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံ တော်အဆင့် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များ တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် – မိုးရာသီ နိုင်ငံတော်အဆင့်တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားတွင် အရိပ်ရပြီး ရာသီအလိုက် ရောင်စုံပန်းများပွင့်သည့် ပိတောက်၊ ခရေ၊ စိန်ပန်း၊ ကံ့ကော်၊ ပျဉ်းမ၊ စွယ်တော်၊ ပန်းမဲဇလီအစရှိသည့် သစ်မျိုး(၁၀)မျိုးနှင့် ခရာဝါ၊ စိန်ပန်းကလေး၊ စက္ကူပန်း စသည့် ပန်းအလှပင် (၃)မျိူး ပျိုးပင်ပေါင်း (၃၀၀၀)ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
