ကျောင်းသားလူငယ်များ မျိုးချစ်စိတ် ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက်မြန်မာနိုင်ငံတော်သမိုင်းနှင့်တပ်မတော်သမိုင်းအစဉ်အလာများကိုသိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများကို စာတွေ့အပြင်လက်တွေ့ယှဉ်တွဲလေ့လာနိုင်စေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲ(စည်ပင်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများသည် စိတ်အားထက်သန်စွာဖြင့်တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်၏သမိုင်း၊ ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များသမိုင်းနှင့်ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့်လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို စိတ်ပါဝင်စားစွာမေးမြန်းကြသည်။

ထို့ပြင် ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထားသည့် တပ်မတော်(ကြည်း)ပြင်ပ ပြကွက်တွင် ဒုတိယကမ္ဘာစစ်နှင့်စစ်ပြီးကာလတို့တွင် အသုံးပြုခဲ့သော အမြောက်နှင့်သံချပ်ကာများ၊ တပ်မတော်(ရေ)ပြင်ပပြကွက်တွင် စစ်ရေယာဉ်ပုံစံတူများနှင့်အမြောက်များ၊ တပ်မတော်(လေ)ပြင်ပ ပြကွက်တွင် ခေတ်အဆက်ဆက်အသုံးပြုခဲ့သော တပ်မတော်လေယာဉ်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များကိုမေးမြန်းကြရာပြခန်းတာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြကြောင်း သတင်းရရှိသည်။
လေ့လာရေး လာရောက်ခဲ့ကြသည့်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုလိုပဲကြားသိခဲ့ရပါတယ်-

“ကျွန်မကတော့ အခုဒီလေ့လာရေးခရီးမှာ Grade- 9 ကိုတာဝန်ခံပြီးတော့ လာရောက်လေ့လာတာဖြစ်ပါတယ်။ အကျိုးကျေးဇူးတွေကတော့ အများကြီးရမယ်လို့ထင်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဒီလိုလေ့လာရေးခရီးစဉ်မျိုး တစ်ခါမှသူတို့အနေနဲ့မလာဖူးသေးတဲ့အခါကျတော့ တပ်မတော်ရဲ့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ပုံတွေပေါ့နော်။ ခေတ်အဆက်ဆက်တာဝန်ယူခဲ့ရတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့လွတ်လပ် ရေးကြိုးပမ်းဆောင်ရွက်နေတဲ့ပုံတွေကိုအများကြီးလေ့လာခွင့်ရခဲ့တဲ့အတွက် သူတို့အတွက်လည်းအကျိုးကျေးဇူးတွေလည်း အများကြီးရမယ်လို့ထင်ပါတယ်။ စာတွေ့နဲ့သာ လေ့လာခဲ့ရတယ်ဆိုတော့ ဥပမာ-ဇူလိုင် ၁၉ ဆိုရင် အာဇာနည်နေ့ဆိုတာသူတို့သိတယ်။ ဖေဖော်ဝါရီ ၁၂ ရက်ဆိုရင်လည်း ပြည်ထောင်စုနေ့ကိုသူတို့သိတယ်။ အခုလိုမျိုး ပြလိုက်တဲ့အခါကျတော့ ရှေးအဆက်ဆက်က လွတ်လပ်ရေးရအောင်ဘယ်လိုတွေ ကြိုးပမ်းခဲ့ရတယ်။ လွတ်လပ်ရေးရရှိဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ရဲဘော်သုံးကျိပ်ကြိုးပမ်းခဲ့ရတဲ့ပုံတွေပေါ့နော်။ အဲဒါတွေကြည့်လိုက်ရတဲ့အခါမှာ သူတို့အတွက်လည်း ရင်ထဲမှာတစ်ခုခုတော့ ခံစားသွားစေရမယ်လို့ထင်ပါတယ်။ ကလေးတွေနဲ့အတူတူ လေ့လာရေးလာရတဲ့အတွက်လည်းပျော်ပါတယ်။ ဒီလိုတပ်မတော်စစ်သမိုင်းပြတိုက်တွေကို သူတို့ဟာသူတို့ လာဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်။ အခုလိုလေ့လာဖို့ လာပြီးကမ်းလှမ်းပေးတဲ့အတွက် စစ်သမိုင်းပြတိုက်တာဝန်ခံတွေကို ကျေးဇူးတင်ပါတယ်။ အများကြီးလေ့လာခွင့်ရတဲ့အတွက်လည်း အရမ်းကိုဝမ်းသာဂုဏ်ယူမိပါတယ်”ဟုပြောသည်။

“တပ်မတော်စစ်သမိုင်းပြတိုက်ကိုလာရောက်လေ့လာရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ Tourism and Hospitality လုပ်ငန်းကနေပြီးတော့ စာတွေ့လက်တွေ့သင်ကြားရတဲ့ ဘာသာရပ်ဖြစ်တဲ့အတွက် အဲဒီလုပ်ငန်းနယ်ပယ်တွေမှာ ကျွန်တော်တို့ပိုပြီးတော့ စွမ်းဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့ ဒီလိုမျိုးလေ့လာရေးခရီးတွေထွက်ရတာဖြစ်ပါတယ်။ ကျွန်တော်တို့လူငယ်တွေအနေနဲ့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အခု(၂၁) ရာစုပေါ့နော်။ ဒီ(၂၁) ရာစုမှာဆိုရင် ကျွန်တော်တို့ရဲ့နိုင်ငံတော်ကြီးဟာဆိုရင် ခေတ်အဆက်ဆက်တည်တံ့လာတဲ့အတွက်ကြောင့်မို့လို့ သမိုင်းပေါင်းများစွာလည်း ကျွန်တော်တို့မှာရှိပါတယ်။ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်နဲ့ယခုလက်ရှိအချိန်ထိ ခေတ်အဆက်ဆက်သမိုင်းတွေကိုလည်း အများကြီးရှိတယ်။ သမိုင်းတွေကနေ ကျွန်တော်တို့က အတုယူရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေ ဒီသမိုင်းတွေကနေအတုယူပြီးတော့ ကျွန်တော်တို့နိုင်ငံကို ဘယ်လိုမျိုးဖွံ့ဖြိုး တိုးတက်အောင်လုပ်ရမယ်။ ဘယ်လိုမျိုး ပိုကောင်းအောင်လုပ်ရမယ်။ ကျွန်တော်တို့ရဲ့ရှေ့မှာ လုပ်ခဲ့ပေးတဲ့လူကြီးတွေ၊သမိုင်းဝင်လူကြီးတွေက သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေရဲ့ လမ်းညွှန်မှုတွေသူတို့တွေက ဘယ်လိုမျိုးတွေပြောခဲ့တာလဲ။ ဘယ်လိုမျိုးတွေဆုံးမခဲ့လဲဆိုတာတွေကို ကျွန်တော်တို့ လူငယ်တွေက ဒါတွေကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့က ကျွန်တော်တို့ရဲ့လာမယ့် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လူငယ်တစ်ယောက်က သမိုင်းသိရှိခြင်းနဲ့သမိုင်းမသိရှိခြင်းဟာဆိုရင် လူငယ်တစ်ယောက်မှာ သမိုင်းသိရှိခြင်းက ပိုပြီးတော့အရေးကြီးတယ်ပေါ့နော်။ ဒီသမိုင်းသိရှိထားတဲ့သူတစ်ယောက်အတွက်ကကျတော့ ကျွန်တော်တို့ နိုင်ငံတကာနယ်ပယ်ပဲသွားသွား ကျွန်တော်တို့ နိုင်ငံအတွင်းမှာပဲသွားသွား ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းကိုသိရှိထားတဲ့အတွက်ကြောင့် မို့လို့ ကျွန်တော်တို့ဟာဆိုရင် ဒီနိုင်ငံကဘယ်လိုမျိုးရှိတယ်။ ကျွန်တော်တို့ နိုင်ငံက ဘယ်လိုမျိုးဖွံ့ဖြိုးတိုးတက်နေတယ်။ ဘယ်လိုမျိုးဆောင်ရွက်ခဲ့တယ်ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ရဲ့အမြင်တွေ၊ ကျွန်တော်တို့ရဲ့ Thinking၊ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ရမယ့် ဒီလုပ်ငန်း ဆောင်တာတွေကို ကျွန်တော်တို့စဉ်းစားတွေးခေါ်နိုင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ့်ရဲ့နိုင်ငံ၊ ကိုယ့်ရဲ့လူမျိုး၊ကိုယ့်ရဲ့သမိုင်းတွေကို လေးလေးစားစား သိရှိထားမှသာလျှင် ကျွန်တော်တို့အတွက်အကျိုးရှိနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့လူငယ်တွေဟာလည်း နောင်အခါ လူကြီးဖြစ်မှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့အကြောင်းတွေကိုလည်း နောင်တစ်ချိန်မှာသမိုင်းဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လူငယ်တွေကလည်း သမိုင်းကြောင်းတွေကို သေချာနားလည်ထားမယ်၊ သေချာသိရှိထားမယ်ဆိုရင် ကျွန်တော်တို့ရဲ့သမိုင်းကြောင်းတွေဟာလည်း ပိုပြီးကောင်းမွန်လာမှာဖြစ်ပါတယ်။ ဒါကြောင့် လူငယ်လူရွယ်တိုင်းဟာဆိုရင် ဒီသမိုင်းကြောင်းတွေကိုလေ့လာသင့်တယ်။ သိရှိသင့်တယ်။ သိရှိမှလည်း ပိုပြီးတော့ထူးချွန်ထက်မြက်တဲ့ လူကောင်းတွေဖြစ် လာမယ်။ ဒါမှလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်”ဟုပြောသည်။
