နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

မိမိတို့နိုင်ငံ၌ ဘာသာတရားနှင့်ပတ်သက်၍ ယုံကြည်ရာဘာသာသာသနာများအလိုက် လွတ်လပ်စွာကိုး ကွယ်ခွင့်ပေးထား၊ ကိုးကွယ်ရာဘာသာသာသနာနှင့်ပတ်သက်၍ ခွဲခြားမှုများမထားရှိဘဲ ဘာသာတရား မှတစ်ဆင့် ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးနိုင်ရေးအားပေးလျက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ၏ရုံးတော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ    နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ သာသနာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး  ဦးတင်ဦးလွင်နှင့်တာဝန်ရှိသူတို့တက်ရောက်ကြပြီး မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဋ္ဌနှင့်အတူ  မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး  ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာလက်ထောက်ဆရာတော်ကြီး နိုအယ်စောနောအေး၊ ကျိုင်းတုံ၊ မော်လမြိုင်၊ ပုသိမ်၊ ပြည်နှင့် မြစ်ကြီးနားတို့မှ ကက်သလစ်ဂိုဏ်းအုပ်ဆရာတော်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာမြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဋ္ဌက နှုတ်ခွန်းဆက်ဆုတောင်းစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတကြီးနှင့်တွေ့ဆုံခွင့်ရသည့်အတွက်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးအနေဖြင့် ကြီးလေးသည့်နိုင်ငံတော်တာဝန်များကို အခက်အခဲနှင့်စိန်ခေါ်မှုများကြားမှ စွမ်းစွမ်းတမံကြိုးပမ်းထမ်းဆောင်လျက်ရှိမှုအပေါ် မိမိတို့အနေဖြင့်ဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ကိုဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ကက်သလစ်ဘာသာဝင်များအနေဖြင့် လွတ်လပ်စွာကိုးကွယ်မှုဖြင့် ဘာသာသာသနာအကျိုးများကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးအနေဖြင့် ကက်သလစ်ဘာသာဝင်များဝတ်ပြုဆုတောင်းခြင်းများပြုလုပ်နိုင်ရန်အတွက်  နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြေ ၂ ဧကပေါ်တွင် ဘုရားကျောင်းဆောက်လုပ်ရန်ခွင့်ပြုပေးခဲ့မှုအပေါ် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်နှင့်ကက်သလစ်ဘာသာဝင်များအနေဖြင့်ကျေးဇူးတင်ရှိပါကြောင်း၊ သမ္မတကြီးနှင့်တကွ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ကာယသုခ၊ စိတ္တသုခနှစ်ဖြာအေးချမ်းသာယာပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံ၌ ဘာသာတရားနှင့်ပတ်သက်၍ ယုံကြည်ရာ ဘာသာသာသနာများအလိုက် လွတ်လပ်စွာကိုးကွယ်ခွင့်ပေးထားပါကြောင်း၊ မိမိအနေဖြင့် ကိုးကွယ်ရာဘာသာများအလိုက် ဘာသာရေးကျောင်းများသို့သွားရောက်လှူဒါန်းမှုများနှင့်လေ့လာမှုများ ဆောင်ရွက်ခဲ့ပြီး ကိုးကွယ်ရာဘာသာများအလိုက် ဝတ်ပြုမည့်နေရာများအနေဖြင့် သင့်တော်သည့်ခန့်ထည်ခမ်းနားမှုများရှိရန်လိုအပ်လျက်ရှိနေသည်ကို တွေ့မြင်ခဲ့ရပါကြောင်း၊    နိုင်ငံ၏သမိုင်းကြောင်းတွင်လေ့လာကြည့်မည်ဆိုပါကလည်း ကိုးကွယ်ရာဘာသာရပ်များအလိုက် သာသနာပြုနိုင်ရန်အတွက် မြေနေရာများခွင့်ပြုပေးခဲ့သည်ကိုတွေ့မြင်သိရှိရပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်၏မြို့တော်ဖြစ်သည့် နေပြည်တော်တွင်လည်း ကိုးကွယ်ရာဘာသာအလိုက်အထွတ်အမြတ်ထားရာဘုရားကျောင်းများတည်ဆောက်ရန်နှင့်ဝတ်ပြုရန်နေရာများအား ခန့်ခန့်ထည်ထည်ဖြစ်ပေါ်လာစေရေး မြေနေရာများကိုခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ကိုးကွယ်ရာဘာသာသာသနာနှင့်ပတ်သက်၍ ခွဲခြားမှုများမထားရှိဘဲ ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးနိုင်ရေး အားပေးလျက်ရှိပါကြောင်း။

လက်ရှိအချိန်တွင် နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းလျက်ရှိပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးဆောင်ရွက်ရာတွင် စည်းကမ်းစနစ်တကျရှိသည့် ဒီမိုကရေစီဖြစ်ရန်လိုပြီး ဘာသာရေးအရ၊ နိုင်ငံရေးအရငြိမ်းချမ်းမှုရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း  မိမိအနေဖြင့် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပြီးဖြစ်နိုင်သမျှသော နည်းလမ်းမျိုးစုံဖြင့်  တိုင်းပြည်ငြိမ်းချမ်းမှုရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့်အတူယှဉ်တွဲနေထိုင်ကြသည့်  လူ့ဘောင်အဖွဲ့အစည်းတစ်ခုအတွင်း၌ကြုံတွေ့လာသည့်ပြဿနာများကို ဒီမိုကရေစီနည်းလမ်းဖြစ်သည့်တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကသာ အောင်မြင်စေနိုင်မည်ဟုယုံကြည်ပါကြောင်း၊ နိုင်ငံရေးပြဿနာတစ်နည်းအားဖြင့် နိုင်ငံရေးအရတောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းဖြင့်သာဖြေရှင်းရမည်ဖြစ်ပါကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ဖြင့် တောင်းဆို၍ရနိုင်မည်မဟုတ်ပါကြောင်း၊ဘာသာရေးနှင့်ပတ်သက်၍ ကိုးကွယ်ရာဘာသာတိုင်းသည် မှန်ကန်သည့်အတွေးအခေါ်များပေးနိုင်ပါကြောင်း၊ ထို့ကြောင့် ဘာသာရေးဆိုင်ရာခေါင်းဆောင်နေရသူများအနေဖြင့်လည်း နိုင်ငံတော်ကြီးငြိမ်းချမ်းရေးအတွက် ပြည်သူများ၏အတွေးအခေါ်များနှင့်စိတ်ဓာတ်များယဉ်ကျေးသိမ်မွေ့လာစေရေး၊ ငြိမ်းချမ်းမှုနှင့်သာယာဝ ပြောမှုကိုဆောင်ကြဉ်းပေးနိုင်ရေး ဘာသာတရားမှတဆင့်ဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံလိုပါကြောင်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဆရာတော်ကြီးများ၏ လိုအပ်ချက်များအား မေးမြန်းပြီးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌတို့သည်လက်ဆောင်ပစ္စည်းများအပြန်အလှန် ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *