နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၆)သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကိုစောင့်ထိန်းရန်တာဝန်ရှိသဖြင့်   ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၆)သင်တန်းဆင်းပွဲ အခမ်းအနားများကို စက်တင်ဘာလ ၁၉ ရက်တွင် တိုင်းစစ်ဌာနချုပ်များအလိုက်  နယ်မြေခံသင်တန်းကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ကြသည်။

အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြအစီအစဉ်အတိုင်းဆောင်ရွက်ကြပြီး သင်တန်းသားများက  နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူ ကြသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများအသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့တက်ရောက်ကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည် နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌   ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၆)မှ သင်တန်းဆင်းနိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကြသည်။

အဆိုပါ  ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၆)မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့် ဘာသာရပ်များနှင့်အထွေထွေဘာသာရပ်များကို အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခဲ့ကြကြောင်းသိရှိရသည်။ ယနေ့တွင် သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းစစ်သည်များသည် အဖွဲ့အစည်းဖြင့် စနစ်တကျလုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိခဲ့ကြပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အဖွဲ့အစည်းစိတ်၊ ရဲဘော်ရဲဘက်စိတ်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်လိုသည့်စိတ်အပြည့် အဝဖြင့် တာဝန်ကျရာ  တပ်ရင်း/တပ်ဖွဲ့အသီးသီးသို့ သွားရောက်၍ ဂုဏ်ယူစွာဖြင့်တာဝန်ထမ်းဆောင်ကြတော့မည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကိုထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့ စစ်မှုထမ်းသင်တန်းများတက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၆)တွင် တက်‌ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့်သင်တန်း ဆင်းပြီးနောက် မိမိတို့တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ဆက်လက်တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

“တက်ရောက်ဖြစ်ပုံကတော့ နိုင်ငံသားတိုင်း ဒီတာဝန်ကို ထမ်းဆောင်ရမယ်ထင်လို့ပါ။ ၁၈ နှစ်ပြည့်တဲ့ ညီအစ်ကိုတိုင်းလည်း ထမ်းဆောင်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီသင်တန်းမှာ  ကျွန်တော်ရရှိခဲ့တဲ့ ဆုအမျိုးအစားကတော့ မိုင်းကျွမ်းကျင်ဆုပါဗျ။ ကျွန်တော် အရမ်းပျော်ပါတယ်။   ကျွန်တော်နဲ့အတူ ကျွန်တော်ရဲ့ မိသားစုလည်းပျော်နေမယ်လို့ ထင်ပါတယ်ဗျ။ အရပ်သားဘဝနဲ့တော့ အများကြီးကွာခြားသွားပါတယ်။   ဒီထဲရောက်မှ ကျွန်တော်တို့  စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော အကုန်လုံးအစစအရာရာ ကျွန်တော်တို့ ပြောင်းလဲသွားပါတယ်။ အရင်လို အရပ်သားမှာတော့  ကျွန်တော်တို့တွေပေါ့ပျက်ပျက်နဲ့နေခဲ့တာတွေရှိတယ်။ ဒီမှာတော့ အဲ့လိုမျိုးတော့မဟုတ်ဘူး။ အားလုံးက စည်းကမ်းနဲ့စနစ်နဲ့ ဆရာတွေရဲ့ သွန်သင်သင်ကြားမှုတွေနဲ့ ကျွန်တော်တို့ ဒီမှာနေထိုင်ရပါတယ်။ သင်တန်းတက်ခဲ့ရတဲ့ အတွေ့အကြုံကတော့ ဒီသင်တန်းမှာ  ကျွန်တော်တို့ ပင်ပန်းတာတွေလည်း ရှိတယ်၊ ခက်ခဲတာတွေလည်းရှိတယ်။ ဒါပေမဲ့ အဲ့ဒါတွေက အခုလိုပြီးသွားတဲ့အချိန်မှာ ဒီလိုပါပဲကျွန်တော်တို့ ပြီးဆုံးသွားတာပါပဲပေါ့။ ကျွန်တော့်ကို ပေးအပ်လာတဲ့တာဝန်ကို ကျွန်တော်ကျေပွန်စွာ  အတတ်နိုင်ဆုံး ထမ်းဆောင်သွားပါမယ်လို့ ကျွန်တော်စဉ်းစားထားပါတယ်ဗျ” ဟုပြောသည်။

“ကျွန်တော် ဒီသင်တန်းကို တက်ရောက်ရတဲ့ ရည်ရွယ်ချက်ကတော့ကျွန်တော် ဒီနိုင်ငံသားတစ်ယောက်အနေနဲ့ပေါ့လေ။  ဒီတိုင်းပြည်က ချမှတ်ထားတဲ့ မူဝါဒကိုကျေပွန်အောင်ပေါ့ထမ်းဆောင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ကျွန်တော်သင်တန်းကို တက်ရောက်ခဲ့တာဖြစ်ပါတယ်ခင်ဗျ။ ဒီသင်တန်းမှာ ကျွန်တော်တို့ကို သင်ကြားပေးတဲ့ ဘာသာရပ်တွေကတော့ ကျွန်တော်တို့ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ကြံ့ခိုင်ရေးဘာသာရပ်တွေ၊ လက်နက်ငယ်ဘာသာ ရပ်တွေ၊ နောက်တစ်ခုက ကျွန်တော်တို့ ဒီရှေ့တန်းစစ်မြေပြင်မှာ နိုင်ငံတော်ကာကွယ်ရေးအတွက် အသုံးဝင်တဲ့ စစ်မြေပြင် အင်ဂျင်နီယာဘာသာရပ်တွေ၊    စစ်မြေပြင် ဘာသာရပ်တွေကို သင်ကြားပြသပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်ကအရပ်သားဘဝကနေလာတာဆိုတော့ အစပိုင်းမှာပင်ပန်းတယ်။ နောက်ပိုင်းကျတော့   ဆရာတွေသင်ကြားပြသပေးတဲ့လမ်းညွှန်မှုတွေကို   စနစ်တကျလိုက်ပါဆောင်ရွက်ပြီးတော့ ကျွန်တော်တို့ သေချာလေ့ကျင့်တဲ့ အခါမှာတော့ အဆင်ပြေသွားပါတယ်ခင်ဗျ။   ကျွန်တော်ရရှိခဲ့တဲ့ဆုကတော့ တပ်စိတ်တိုက်နည်းပထမဆုပဲဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ ဒီဆုမှာတော့  တပ်စိတ်လိုက်ပေါ့လေ၊ ကြိုးစားမှုတွေ၊ နောက်တစ်ခုက အုပ်ချုပ်မှုတွေနဲ့ရဲဘော်အချင်းချင်းစည်းလုံးမှုတွေကြောင့်ပေါ့။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒီဆုကိုရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျ။ သင်တန်းပြီးဆုံးသွားပြီဆိုတော့ ကျွန်တော်တို့ တာဝန်ကျတဲ့  တပ်ရင်းတွေမှာ ကျွန်တော်တို့ ဒီနှစ်နှစ်တာကာလကို ကျေပွန်စွာ ကျွန်တော်တို့ထမ်းဆောင်သွားမယ်။ ပြီးတော့ တပ်မတော်က ချမှတ်ထားတဲ့ ဥပဒေတွေကိုလည်း အကောင်းဆုံးလိုက်နာပြီးတော့ တာဝန်ထမ်းဆောင်သွားမှာပါခင်ဗျ။ နောက်တက်လာမယ့် ညီငယ်တွေကို ကျွန်တော်ပြောချင်တာကတော့  ဒီနိုင်ငံသားတစ်ယောက်ဖြစ်တဲ့အခါမှာ  နိုင်ငံရဲ့ချမှတ်ထားတဲ့  ဥပဒေတွေကို  အကောင်းဆုံးလိုက်နာကျင့်သုံးပြီးတော့  ပြည်သူ့စစ်မှုထမ်းဥပဒေကို  ထမ်းဆောင်ကြပါလို့ပြောချင်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ဘဝမှာ မလုပ်ဖူးတဲ့ လုပ်ဆောင်ချက်တွေ၊  မသင်ကြားဖူးခဲ့တဲ့  ဘာသာရပ်တွေကိုသင်ကြားခဲ့ရတာဆိုတော့ကျွန်တော်တို့  ဘဝရဲ့အမှတ်တရတွေ  အများကြီးရရှိပါတယ်ခင်ဗျ”  ဟုပြောသည်။

          ထို့နောက် ညပိုင်းတွင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၆)မှ နိုင်ငံ့သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲများကို သင်တန်းကျောင်းအသီးသီး၌ ပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *