KNLA အဖွဲ့နှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍   ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း   လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့်  KNLA အဖွဲ့နှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၉ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြရာ ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး  ဗိုလ်ချုပ်စိုးကျော်ထက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။           

ဦးစွာ တိုင်းမှူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေပုဒ်မများနှင့်ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့်  MA -1 သေနတ် ၁ လက်၊ MA -4 သေနတ်   ၁ လက်၊ M-79 သေနတ် ၁ လက်၊  အီနာဂါဗုံးသီး ၁ လုံး၊ လက်ပစ်ဗုံး ၃  လုံး၊ ၅ ဒသမ ၅၆ မမကျည် ၉၅  တောင့်၊ ကျည်အိမ် ၄ ခုနှင့် စနက်တံ ၁ ချောင်းတို့ကို  လွှဲပြောင်းအပ်နှံရာ တိုင်းမှူးကလက်ခံရယူသည်။ ယင်းနောက်  တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန် ရိုင်ဖယ် ၃ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၅၀ ၊ အီနာဂါဗုံးသီး ၁ လုံးအတွက် ဆုကြေးငွေကျပ်  ၃ သိန်း၊ လက်ပစ်ဗုံး ၃ လုံးအတွက် ဆုကြေးငွေကျပ် ၉ သိန်းနှင့် အလင်းဝင်ရောက်လာသူ ၁၉ ဦးအား တစ်ဦးလျှင် ဆုကြေးငွေကျပ် ၃ သိန်းစီ ပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးရာ အလင်းဝင်ရောက်လာသူများ၏ကိုယ်စား အလင်းဝင်လာသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ 

ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်၊ ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာကြသူများမှာ လက်ပံတန်းမြို့မှ အမျိုးသား ၁ ဦး၊ ပြည်မြို့မှ အမျိုးသား ၁ ဦး၊ ကျောက်တံခါးမြို့မှ အမျိုးသား ၃ ဦး၊ ကြို့ပင်ကောက်မြို့မှ အမျိုးသား ၁ ဦး၊ ပေါင်းတည်မြို့မှ အမျိုးသား ၃ ဦး၊ ညောင်လေးပင်မြို့မှ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး၊ နတ်တလင်းမြို့မှ အမျိုးသား ၁ ဦး၊ မင်းလှမြို့မှ အမျိုးသား ၂ ဦး၊ ပေါက်ခေါင်းမြို့မှ အမျိုးသား ၁ ဦး၊ စုစုပေါင်း ၁၉ ဦးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင်    အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊  အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။                 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်၊ ခဲယမ်းများအတွက် ဆုကြေးငွေများပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများ ကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-   

“ကျောင်းတက်တုန်းက ကျောင်းအုပ်ကြီးက CDM လုပ်ပြီးတော့ သူ့တပည့်ဆိုတော့ သူနဲ့ပါသွားတာ။ ပထမတစ်ခေါက်ထွက်ပြေးတုန်းကတော့ လက်နက် ၃ လက်ပါသွားတယ်ပေါ့။ တစ်ယောက်တည်းပြေးတာ ပြေးတဲ့အချိန်မှာ KNU ဂိတ်တွေကအများ ကြီးပဲ။ ကိုယ်ကတောလမ်းကနေပတ် တစ်ခါပတ်လည်း ဂိတ်ပြန်ရောက်၊ နှစ်ခါ ပတ်လည်း ဂိတ်ပြန်ရောက်နဲ့ ပြန်မိသွားတာ။ ဟိုရောက်သွားလို့ရှိရင်  သူတို့ကငါတို့ကို မျှားခေါ်တာလား။ ငါတို့ကိုထုမှာလား၊ ထောင်းမှာလား။ ဒီထဲရောက်လာတဲ့အချိန် မှာတော့ ကိုယ်ထင်ထားသလိုမဟုတ်ဘူး ပေါ့။  ကိုယ့်အပေါ်အများကြီးကောင်းခဲ့တယ်။ အများကြီးနားလည်မှုပေးကြတယ်ပေါ့။ အခုလက်ရှိကျန်ခဲ့တဲ့ ရဲဘော်တွေကတော့ ကျွန်တော့်ကို အခုကြည့်နေတယ် ဆိုရင်တော့ လာခဲ့ကြပါလို့ပဲဖိတ်ခေါ်ချင် ပါတယ်”ဟုပြောသည်။

“ရောက်ရှိခဲ့တဲ့ အဖွဲ့အစည်းကတော့ KNU တပ်မဟာ(၃)ရောက်ရှိခဲ့တာပါ။ အသက်ကတော့  ခုမှ ၂၀ ပြည့်တာပေါ့။ အားကစားသိပ္ပံ တက်မယ်ဆိုပြီးတော့ သူငယ်ချင်းတွေရဲ့ အဖော်ဆွယ်မှုကြောင့် ဟိုဘက်ထဲရောက်သွားတယ်။ ရောက်ပြီးတော့ ကိုယ်ဖြစ်ချင်တဲ့အရာနဲ့ လုံးဝဆန့်ကျင်ဘက်ကြီးဖြစ်သွားတာပေါ့။လှူတဲ့ပိုက်ဆံတွေ ၊ ရတဲ့ပိုက်ဆံတွေကတော့ ဘာတွေဝယ်တယ်။ ဘာတွေလုပ်လဲတော့ မသိဘူးပေါ့။ လစာမရှိဘူး။ ပထမတစ်နှစ် ဖာပွန်မသွားခင်မှာကတည်းက စိတ်ကုန်တာစိတ်ပျက်တာပေါ့။ ဒါပေမဲ့ ပြန်လာဖို့ကျတော့ အခွင့်အလမ်းမရခဲ့တဲ့အတွက် အချိန်တွေနည်းနည်းလေးကြာသွားခဲ့တယ်။ အခုဒီနောက်ပိုင်းမှာ ချိတ်ဆက်ပြီး ဒီဘက်ကိုပြန်ပြီးအခြေချခဲ့တာပေါ့။ ဒီဘက်ကတော့ ကိုယ်လုံးဝမထင်ထားတဲ့အရာမျိုးနဲ့ကြိုဆိုတာပေါ့။ အရမ်းလည်း ဝမ်းသာပါတယ်။ ဒီလိုမျိုးကြိုဆိုမှုအတွက်  ကျေးဇူးလည်းတင်ပါတယ်။ ပြောမပြတတ်လောက်အောင်ပျော်တာပေါ့နော်။ ကိုယ့် မိသားစုနဲ့ကိုယ်အတူပြန်နေရတယ်။ကိုယ်လုံးဝရည်မှန်းထားတဲ့အရာကိုလည်း ပြန်ပြီးတော့ဖြည့်ဆည်းလို့ရတာပေါ့။ တိုက်တွန်းချင်တာကတော့ ဦးနှောက်ပါတဲ့ လူတစ်ယောက်ကတော့ ဒီအရာကို ဘယ်လိုတွေးတယ်။ ဘယ်လိုလုပ်လဲ။ ဘယ်လိုဖြတ်သန်းရလဲဆိုတာကို ဆုံးဖြတ်လို့ရတာပေါ့။ တစ်ဖက်လူရဲ့ တွန်းအားပေးမှုကြောင့် သူများလုပ်တဲ့အတိုင်း လိုက်မလုပ်ဖို့လည်း ပြောချင်ပါတယ်။ ကျွန်တော်ဒီကနေပြီး တော့ဖိတ်ခေါ်ပါတယ်”ဟုပြောကြားခဲ့ကြောင်း  သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *