နိုင်ငံတော်၏ အမိမြေကို ကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးသွင်းပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတာဝန်များကို နိုင်ငံ့သားကောင်းများပီသစွာ အသက်ကို ပဓာနမထားဘဲ စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ကြသော ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅)မှ နိုင်ငံ့သားကောင်းရတနာများသည် သတ်မှတ် စစ်မှုထမ်းကာလအောင်မြင်စွာပြီးဆုံးသွားခဲ့ပြီဖြစ်ပေသည်။ ၎င်းတို့၏ တာဝန်ကျေပွန်မှုအတွက် ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်ကချီးမြှင့်အပ်နှင်းသော ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးတွင် စက်တင်ဘာလ ၁၈ ရက်တွင် ဂုဏ်ပြုအခမ်းအနားများဖြင့် ချီးမြှင့်အပ်နှင်းခဲ့ပြီး မိသားစုဝင်များထံသို့လည်းကောင်း၊ ၎င်းတို့၏နေရပ်အသီးသီးသို့လည်းကောင်း ပြန်လည်အပ်နှင်းစေလွှတ်ခဲ့ပြီးဖြစ်သည်။
ထိုသို့ နိုင်ငံတော်အတွက် နိုင်ငံ့သားကောင်း၊ တပ်မတော်အတွက် စစ်သည်တော်ကောင်းတစ်ဦးပီသစွာ တာဝန်များကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများသည် ၎င်းတို့၏ဘဝတွင် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ စည်းကမ်းလိုက်နာမှုနှင့် ကိုယ်ကျိုးမဖက်စွန့်လွှတ်အနစ်နာခံမှုတို့ဖြင့် ပေးအပ်လာသော နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အမြဲတမ်းစစ်မှုထမ်းများနှင့်လက်တွဲ၍ ဂုဏ်ယူစွာထမ်းဆောင်ခဲ့ကြသူများအဖြစ်လည်းကောင်း၊ ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း စည်းကမ်းလိုက်နာ၍ ပေးအပ်လာသည့် နိုင်ငံ့တာဝန်များကို နိုင်ငံကြီးသားပီသစွာ တာဝန် ကျေပွန်ခဲ့ကြသူများအဖြစ်လည်းကောင်း မှတ်တမ်းဝင်ခဲ့ကြသည်ဖြစ်ရာ နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများ၏ အိမ်အပြန်ခရီးများသည်လည်း ၎င်းတို့၏ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့မှုကြောင့် ဂုဏ်ယူရမှု၊ မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်းရမှုကြောင့် ဝမ်းသာပျော်ရွှင်ရမှုတို့ဖြင့် လှပပြည့်စုံလျက်ရှိပြီး ၎င်းတို့၏မိသားစုဝင်များသာမက ဒေသခံပြည်သူများကပါ ဝမ်းသာကြည်နူးမှုများနှင့်အတူ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအသီးသီး၌ ဂုဏ်ပြုကြိုဆိုခြင်းများကို ဆောင်ရွက်ပေးကြသည်။
တာဝန်ကျေပွန်စွာထမ်းဆောင်ပြီး မိမိတို့၏ မွေးရပ်မြေ နေရပ်အသီးသီးသို့ ပြန်လည်ရောက်ရှိလာကြသော ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများအား ဒေသခံပြည်သူများနှင့် မိဘဆွေမျိုးမိသားစုဝင်များက အောင်မြင်ခြင်း၏ သင်္ကေတဖြစ်သော အောင်သပြေခက်များဖြင့် ဖျန်းပက်ခြင်း၊ ဂုဏ်ပြုပန်းကုံးများဖြင့် ကြိုဆိုခြင်း၊ ဂုဏ်ပြုချီးမြှင့်ငွေများ လက်ဝယ်အရောက် ချီးမြှင့်ပေးအပ်ခြင်းတို့ဖြင့် အထူးလေးစားစွာ ဂုဏ်ပြုခဲ့ကြသည်။ ထို့ပြင် မြန်မာတို့၏ရိုးရာ ယဉ်ကျေးမှု အနုပညာတစ်ရပ်ဖြစ်သော အိုးစည်၊ ဒိုးပတ်တီးမှုတ် ကခုန်သံများဖြင့် မြို့ရွာအနှံ့ ခြိမ့်ခြိမ့်သဲ သိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည့် ပီတိဖြစ်ဖွယ်မြင်ကွင်းများကို မြင်တွေ့ကြရပြီး တပ်မတော်နှင့်ပြည်သူအကြား အပြန်အလှန်ယုံကြည်လေးစားမှု၊ တစ်သားတည်းဖြစ်တည်နေမှုကို ထင်ရှားစွာသက်သေပြနေသည့် သမိုင်းဝင်မှတ်တိုင်တစ်ခုအဖြစ်လည်း တွေ့မြင်ကြရမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်နှင့်တပ်မတော်ကပေးအပ်သည့် တာဝန်များကို အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့သည့်အတွက် ပြည်သူ့စစ်မှုထမ်းများကိုယ်တိုင်လည်း မိမိတို့၏တာဝန် ကျေပွန်မှုအပေါ် များစွာဂုဏ်ယူဝမ်းမြောက်လျက်ရှိကြသည်။ အလားတူ မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်းခွင့်ရရှိသည့် ပျော်ရွှင်မှု၊ ပတ်ဝန်းကျင်နှင့် ဒေသခံပြည်သူများက လေးစားမြတ်နိုးစွာ ကြိုဆိုခဲ့ကြသည့် ကြည်နူးဖွယ်ရာမြင်ကွင်းပုံရိပ်များသည် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်လည်း ပျံ့နှံ့ရောက်ရှိခဲ့ပြီး တစ်နိုင်ငံလုံးရှိ ပြည်သူများပါကြည်နူးမဆုံးဂုဏ်ယူဝမ်းမြောက်လျက်ရှိကြသည်ကို ယခုကဲ့သို့ တွေ့ရှိရသည်။
အဆိုပါ စစ်မှုထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းရတနာများသည် စစ်မှုထမ်းဆောင်နေစဉ် ကာလတစ်လျှောက်လုံးတွင် နိုင်ငံတော်နှင့်တပ်မတော်က ပေးအပ်လာသည့် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတာဝန်များကို ရဲရင့်စွာထမ်းဆောင်ခဲ့ကြသူများဖြစ်ကြသည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်များကျရောက်လာချိန်တွင်လည်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ရန်အတွက် တားဆီးကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ၌ ကိုယ်ကျိုးမဖက်ဘဲ စွန့်လွှတ်အနစ်နာခံကာ အမြဲတမ်းစစ်မှုထမ်းတပ်မတော်သားများနှင့် ရဲဘော်ရဲဘက် စိတ်ဓာတ်အပြည့်ဖြင့် လက်တွဲကာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်လည်း ၎င်းတို့စစ်မှုထမ်းဆောင်စဉ် ကာလတစ်လျှောက်တွင် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများရရှိစေရေးအတွက် စနစ်တကျဆောင်ရွက်ပေးခဲ့သည့်အပြင် သတ်မှတ်စစ်မှုထမ်းကာလပြီးဆုံးပါက မိမိသဘောဆန္ဒအလျောက် တပ်မတော်တွင် ဆက်လက်အမှုထမ်းဆောင်လိုပါက ထမ်းဆောင်နိုင်ခြင်း၊ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ယခင်အလုပ်အကိုင်(သို့မဟုတ်) အလားတူ ရာထူးအတိုင်း ပြန်လည်ခန့်အပ်ခံရခြင်းနှင့် နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် ထိုက်သင့်သောအကျိုးခံစားခွင့်များကို ရရှိစေမည်ဖြစ်သည်။
ထို့ပြင် အလုပ်အကိုင်ရရှိရေးများနှင့်ပတ်သက်၍လည်း ၎င်းတို့ဆန္ဒရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဖွင့်လှစ်လျက်ရှိသော အသက်မွေးဝမ်း ကျောင်းသင်တန်းများသို့တက်ရောက်နိုင်ရေး၊ အစိုးရဝန်ထမ်းအပါအဝင် ပြည်တွင်း/ပြည်ပကုမ္ပဏီ ဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်ရေးနှင့် ၎င်းတို့၏ရပ်ရွာများ၌ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင် နိုင်ရေးတို့အတွက် “စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ”က သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
“နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာပါဝင်စာရင်းပေးပြီး တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းရတနာများအနေဖြင့် နိုင်ငံတော်အတွက်လိုအပ်နေသည့်အချိန်တွင် အသက်ကိုပဓာနမထားဘဲ နိုင်ငံ့အကျိုးအတွက် တပ်မတော်၏အရန်အင်အားအဖြစ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့မှုအပေါ် နိုင်ငံတော်နှင့်တပ်မတော်က ထာဝစဉ် တန်ဖိုးထားလေးစားဂုဏ်ပြုလျက်ရှိကြောင်း သတင်းရရှိသည်။




