တရုတ်(တိုင်ပေ)ပြဿနာကို အကိုင်အတွယ်မှားလျှင် မိမိတို့နှစ်နိုင်ငံ ပဋိပက္ခဖြစ်လာနိုင်သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့်တွေ့ဆုံရာတွင် တရုတ်သမ္မတရှီကျင်းပင် သတိပေး

တရုတ်(တိုင်ပေ)ပြဿနာကို အကိုင်အတွယ်မှားမည်ဆိုလျှင် မိမိတို့နှစ်နိုင်ငံပဋိပက္ခဖြစ်လာနိုင်သည်ဟု တရုတ်သမ္မ တရှီကျင်းပင်က အမေရိကန်သမ္မတဒေါ်နယ်ထ ရန့်ကို မေ ၁၄ ရက်တွင် ပေကျင်းထိပ်သီး၌ သတိပေးခဲ့သည်။

ထရန့်က အိမ်ရှင် ရှီကျင်းပင်ကို ချီးကျူးထောပနာပြုမှုများဖြင့် တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့သည်။ သမ္မတရှီသည် ကြီးကျယ်သော ခေါင်းဆောင်ဖြစ်သည်။ မိတ်ဆွေဖြစ်သည်ဟု ထရန့်က ထုတ်ဖော်ချီးကျူးခဲ့ပြီး မိမိတို့နှစ်နိုင်ငံသည် အလွန်ကောင်းမွန်သော အနာဂတ်ကို အတူတကွ ပိုင်ဆိုင်ရလိမ့်မည်ဟု ဟောကိန်း ထုတ်ခဲ့သည်။

ထရန့်ကို ခမ်းနားထည်ဝါစွာ ကြိုဆိုခဲ့သော ရှီက လှိုက်လှဲမှုနည်းသောလေသံဖြင့်ပြောခဲ့ပြီး နှစ်နိုင်ငံသည် မိတ်ဖက်များဖြစ်သင့်ကြောင်း၊ ပြိုင်ဘက်များမဖြစ်သင့်ကြောင်းပြောကြားခဲ့ကာ တရုတ်က မိမိပိုင်နက်ဟု ပြောနေသော တရုတ်(တိုင်ပေ)ပြဿနာကို မဆိုင်းမတွ ပြောကြားခဲ့သည်။

“တရုတ်(တိုင်ပေ)ပြဿနာဟာ တရုတ်-အမေရိကန် ဆက်ဆံရေးတွေမှာ အရေးအကြီးဆုံး ပြဿနာဖြစ်ပါတယ်”ဟု ရှီကပြောကြားခဲ့သည်ဟု တရုတ်အစိုးရပိုင် CCTV ရုပ်သံက ဖော်ပြခဲ့သည်။

“အကိုင်အတွယ်မှားမယ်ဆိုရင် နှစ်နိုင်ငံဟာ ထိပ်တိုက်တွေ့နိုင်တယ်။ ပဋိပက္ခတောင် ဖြစ်လာနိုင်ပါတယ်။ တရုတ်-အမေရိကန် ဆက်ဆံရေးတစ်ခုလုံးကို အလွန်အန္တရာယ်များတဲ့ အခြေအနေသို့ တွန်းပို့ပစ်နိုင်ပါတယ်” ဟု ရှီက ပြောကြားခဲ့သည်ဟု ဆိုသည်။

ပေကျင်းခရီးသည် ၁၀ နှစ်နီးပါးတွင် အမေရိကန်သမ္မတတစ်ဦး၏ပထမဆုံးခရီးဖြစ်ပြီး မဖြေရှင်းနိုင်သော ကုန်သွယ်ရေးပြဿနာများ၊ ပထဝီဝင်နိုင်ငံရေးဆိုင်ရာတင်းမာမှုများရှိနေခြင်းနှင့်အတူ ခမ်းခမ်းနားနား ကြိုဆိုခဲ့သော ခရီးဖြစ်သည်။

ရှီက ခမ်းနားလှသော ပြည်သူ့ခန်းမတွင် ထရန့်ကို ကော်ဇောနီခင်း၍ ကြိုဆိုခဲ့သည်။   စစ်တီးဝိုင်းဖြင့်ကြိုဆိုခြင်း၊ သေနတ်ပစ်ဖောက်ကြိုဆိုခြင်း။ ကျောင်းသားကျောင်သူလေးများက ကြိုဆိုပါသည်ဟု ခုန်ပေါက်အော်ခြင်းဖြင့် ကြိုဆိုခဲ့သည်။

ကြိုဆိုပုံကို သဘောကျနေပုံရသော ထရန့်က တရုတ်နှင့် အမေရိကန်ဆက်ဆံရေးသည် ယခင်ထက် ပိုကောင်းလာတော့မည်ဟု ပြောကြားခဲ့သည်။

ရှီက ရှေးဂရိ နိုင်ငံရေးသီအိုရီကို ပြောကြားခဲ့ရာ၌ ပေါ်ထွက်လာသောအင်အားကြီးနိုင်ငံက လက်ရှိအင်အားကြီးနိုင်ငံကို ပြိုင်ဆိုင်သည့်အခါ စစ်ဖြစ်နိုင်သည့် အန္တရာယ်များရှိနေသောကြောင့် တရုတ်နှင့်အမေရိကန်တို့သည် ပြိုင်ဆိုင်နေမည့်အစား ညီတူမျှတူပုံစံဖြင့် အတူတကွဆောင်ရွက်ရန် နည်း လမ်းများရှာနိုင်သည်ဟု ပြောကြားခဲ့သည်။

“တရုတ်နဲ့အမေရိကန်ပြည်ထောင်စုတို့ဟာ Thucydides (ထွန်းသစ်စအင် အားကြီးနိုင်ငံက လက်ရှိအင်အားကြီးနိုင်ငံကို ပြိုင်ဆိုင်သည့်အခါ စစ်ပွဲဖြစ်လာနိုင်သည့် ထောင်ချောက်)ကို ကျော်လွန်ပြီး အင်အားကြီးနိုင်ငံတွေရဲ့ဆက်ဆံရေးအတွက် ပါရာဒိုင်းအသစ်ကို ဖော်ဆောင်နိုင်ပါသလား”ဟု ရှီက မေးခွန်းထုတ်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုက နှစ်ဖက်စလုံးကို အကျိုးအမြတ်ရှိစေမည်ဖြစ်ကာ ထိပ်တိုက်တွေ့ခြင်းက နှစ်ဖက်စလုံးကို ထိခိုက်စေသည်ဟု ဆိုသည်။

၂၀၁၇ ခုနှစ်တွင် တရုတ်သို့ ထရန့်လာခဲ့ပြီးနောက် နှစ်နိုင်ငံထိပ်တိုက်တွေ့မှု ပိုမိုများပြားလာခဲ့သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *